စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အာလူးမှ လျှပ်စစ်ဓာတ်အား ရတော့မည်


                                    

အာလူးမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေး စီမံကိန်းသည် အနာဂတ်ကာလ စွမ်းအင် အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် အဖြေကောင်း တစ်ခုဟု ပညာရှင်များက ယူဆထားသည်။ စွမ်းအင်ပြောင်းလဲမှု နိယာမကို အခြေခံကာ အာလူးတွင် ပါရှိသည့် ဓာတုပစ္စည်းများ ဓာတ်ပြုကာ လျှပ်စစ်ဓာတ် ထုတ်လုပ်ခြင်းသည် ယခင် နှစ်ပေါင်းများစွာ ကတည်းက သိရှိထားပြီး နည်းလမ်းတစ်ခု ဖြစ်သော်လည်း ယင်းအခြေခံကို အင်အားကောင်းကောင်း အသုံးပြုနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။ ဟီယမ် ရော်ဘီနိုဝစ်ခ်ျသည် အဆိုပါ စိတ်ကူးအတွက် အချိန်ပေးနှစ်မြှုပ် လုပ်ဆောင်နေသူ ဖြစ်သည်။ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် သုတေသီ အချို့တို့သည် အာလူးစွမ်းအင်ဆိုသည့် ရည်မှန်းချက် စီမံကိန်း တစ်ခုအတွက် ပြီးခဲ့သည့် နှစ်များအတွင်း အာရုံစူးစိုက် စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သည်။

အာလူးတွင် ဓာတ်ဖိုငုတ် ရိုက်သွင်းပြီး လျှပ်စစ်ကြိုးများ သွယ်တန်းကာ မီးအလင်းရောင် ထွန်းညှိမှုကို အနောက်နိုင်ငံ အများအပြားတွင် ကလေးငယ်များအတွက် လက်တွေ့ သင်ခန်းစာ တစ်ခုအဖြစ် အခြေခံကျကျ ပြသပေးသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ အာလူး၏ ကိုယ်ထည်တွင် ပါရှိသော အက်ဆစ်ဓာတ်တွင် ဓာတ်ပြုမှုများ ဖြစ်ပေါ်ကာ လျှပ်စစ်စွမ်းအင် ထွက်ပေါ်လာခြင်းသည် အလွန်ရိုးရှင်းသော ဖြစ်စဉ်တစ်ခု အနေဖြင့် သတ်မှတ်နိုင်သည်။ သို့သော်လည်း အစ္စရေး သုတေသီ ဟီယမ်တို့ကမူ အဆိုပါ အခြေခံ အကြောင်းတရားကို အဆင့်မြင့်မြင့် လက်တွေ့ လုပ်ဆောင်ချက်များဖြင့် လုပ်ငန်းခွင်သုံး အဆင့်ထိရာက်ရှိအောင် မျှော်လင့်နေခြင်း ဖြစ်သည်။

အာလူးတစ်လုံးဖြင့် မီးထွန်းပြခြင်းသည် အလွန်ဆုံး (၈)မိနစ်မျှသာ ကြာမြင့်နိုင်သော်လည်း ဟီယမ်တို့ကမူ ယင်းထက် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ "အာလူးတစ်လုံးက ထုတ်လုပ်နိုင်မယ့် ဓာတ်အားနဲ့ LED မီးလုံးတစ်လုံးကို ရက်ပေါင်း(၄၀)လောက် မီးထွန်းထားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်"ဟု ဟီယမ်က ဆိုသည်။ ဂျေရုဆလင်ရှိ ဟီးဘရူး တက္ကသိုလ်မှ သုတေသီက မိမိတို့သည် အာလူး၏ သဘာဝ လျှပ်စစ်ထုတ်လုပ်နိုင်သည့် ဓာတုအာနိသင်ကို ရှည်ရှည်ကြာကြာ ဖြစ်ပေါ်စေရန် နည်းလမ်းမျိုးကို အဓိက ရှာဖွေနေကြောင်း ရှင်းပြခဲ့သည်။

(၁၇၈၀)ပြည့်နှစ်က လူဂီဂယ်လ်ဗာနီသည် အာလူးဖြင့် ဆက်သွယ်ထားသည့် မီးကြိုး အဖိုအမ ငုတ်နှစ်ခုကို ဖားတစ်ကောင်၏ ခြေချောင်းများတွင် ဆက်ပေးလိုက်ရာ ၎င်းအနေဖြင့် တွန့်ခါသွားသည့်နောက် လျှပ်စစ်ဓာတ် ထွက်ရှိမှုကို စတင်သိရှိလာခဲ့သည်။ အဆိုပါ နည်းပညာအဟောင်းကို ရာစုနှစ်နှင့်ချီ မျက်ကွယ်ပြုခဲ့ပြီးမှ ဟီယမ်တို့ တစ်သိုက်က ဆက်လက် သုတေသန ပြုနေခြင်း ဖြစ်သည်။ အာလူးကို အလုံးလိုက် အသုံးပြုခြင်း၊ ပွက်ပွက်ဆူအောင် ပြုတ်ပြီးမှ စမ်းသပ်ခြင်း၊ ပါးပါးလှီးကာ ကြားထဲတွင် သွပ်သတ္တုများ ထည့်သွင်းခြင်း အစရှိသဖြင့် အမျိုးမျိုးလည်း ပြောင်းလဲ သုတေသန ပြုနေကြသည်။

"အာလူးမျိုးကွဲ (၂၀)လောက်နဲ့ ကျွန်တော်တို့ စမ်းသပ်နေတာဗျ။ သူတို့ရဲ့ အတွင်းပိုင်း ဓာတ်အား ထိန်းသိမ်းမှု ခံနိုင်ရည်ကို အမျိုးမျိုး လေ့လာခဲ့ကြတယ်။ အပူကြောင့် စွမ်းအင်ဆုံးရှုံးမှု ဘယ်လောက် မြန်မြန်ဆန်ဆန် ဖြစ်တတ်သလဲ ဆိုတာကို ကျွန်တော်တို့ အသားပေးပြီး အဖြေထုတ်နေကြပါတယ်"ဟု ဟီယမ်က ရှင်းပြခဲ့သည်။ ၎င်းက "အာလူးကို (၄)တုံး၊ (၅)တုံးလောက် လှီးပြီး ကြားထဲမှာ ကြေးနီနဲ့ သွပ်ပြားလေးတွေ စီထည့်ထားရင် ဓာတ်အား ထုတ်လုပ်နိုင်စွမ်းကို (၁၀)ဆလောက် မြှင့်တင်နိုင်မှန်း ကျွန်တော်တို့ တွေ့ရှိထားတယ်။ စီးပွားရေးအရ သိပ်ကောင်းတဲ့ စိတ်ကူးဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စွမ်းအင် အသုံးစရိတ်ကို တော်တော်လေး လျှော့ချနိုင်မယ့် လမ်းစမျိုးကိုး"ဟုလည်း ဆိုသည်။

ဟီယမ်က "ဒါက Voltage သိပ်နည်းတဲ့ စွမ်းအင်ပါ။ ဒါပေမဲ့ ဖုန်းတွေ၊ Laptop ကွန်ပျူတာတွေကို အားသွင်းဖို့ ဘက်ထရီ ကောင်းကောင်းတစ်လုံးတော့ ဖြစ်နိုင်တယ်။ လျှပ်စစ်စွမ်းအင် သွယ်တန်းမထားတဲ့ နေရာမျိုးမှာတောင် သုံးလို့ရတယ်"ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ကမ္ဘာပေါ်တွင် လျှပ်စစ်စွမ်းအင် သုံးစွဲ၍ မရသူ လူဦးရေ (၁.၂)ဘီလျံမျှ ရှိနေသည်။ ဟီယမ်က အနာဂတ်တွင် မိမိတို့၏ သုတေသနပြုမှုကို ရန်ပုံငွေ အဖွဲ့အစည်းများက စိတ်ဝင်စားလာရန် မျှော်လင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။

"စိတ်ဝင်စားစရာ အခြေအနေပဲ မဟုတ်လား။ အရမ်းကြီးမားတဲ့ အခြေခံ အဆောက်အအုံတွေ မလိုဘဲ လျှပ်စစ်ကို ထုတ်ယူနိုင်မယ့် နည်းလမ်းမျိုးလေ။ အိန္ဒိယက နိုင်ငံရေးသမား တချို့တောင် ဒီနည်းလမ်းကို ကျွန်တော်တို့ဆီက အခြေခံ အတုယူပြီး သူတို့နာမည်နဲ့ အသုံးပြု လမ်းညွှန်တာမျိုး ကြားဖူးတယ်။ တကယ်တမ်းက (၁)ဒေါ်လာအောက် ငွေကြေးလောက်နဲ့ လျှပ်စစ်ထုတ်လုပ်နိုင်တယ် ဆိုတာက စမ်းကြည့်သင့်တဲ့ အခြေအနေမျိုးပါပဲ"ဟုလည်း ဟီယမ်က ပြောဆိုသွားသည်။

By Planet

http://myawadynews.blogspot.com/2013/11/blog-post_9940.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...