စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"မိန်းမဘဝမှ လွန်မြောက်ချင်ရင်…"


••••••••••••••••••••••••••••••••
Q. အရှင်ဘုရားကို မေးခွန်းတစ်ခုလောက် မေးချင်နေမိတာ
ဘယ်မှာ မေးရမှန်းမသိလို့ ဒီcomment မှာပဲ
မေးလိုက်ပါတယ်ဘုရား....။
တပည့်တော် သူငယ်ချင်း မိန်းခလေး တစ်ယောက်က
နောက်ဘဝမှာ ယောက်ျားလေး အရမ်းဖြစ်ချင်နေပါသည်
ဘုရား၊ အဲဒါ ဒီဘဝမှာ ဘာကောင်းမှု ကုသိုလ်ကို
အလေးပေး လုပ်ဆောင်ရမယ်ဆိုတာကို ကရုဏာရှေ့ထား
ဖြေကြား ပေးတော်မူပါဘုရား.....။
[ကိုဗညား(ခေတ္တ စင်ကာပူ)]

A. ဒကာတော်ရေ… မေးချင်တဲ့ မေးခွန်းလေးတွေကို
ဒီစာမျက်နှာရဲ့ ဆက်သွယ်ရန်မှာ ဖော်ပြထားတဲ့
အီးမေးလ်မှပဲ ဖြစ်ဖြစ်၊ ဒီစာမျက်နှာရဲ့ အောက်ဆုံးမှာ
ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍမှာပဲ
ဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။
အချိန်ရရင် ရသလို ဖြေပေးသွားပါမယ်။
အခု ဒကာတော်မေးတဲ့ မေးခွန်းကို ဖြေကြားပေးရမယ်ဆိုရင်

"အင်္ဂုတ္တရပါဠိတော် သံယောဂသုတ်" မှာ ဟောကြားထားတဲ့
တရားတော်ကိုပဲ ကိုးကား ဖြေကြားပေးပါမယ်။
ဒီသုတ်တော်မှာ မိန်းမအဖြစ်၊ ယောက်ျားအဖြစ်မှ
လွန်မြောက်နိုင်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ရဲ့မိန်းမ
ဘဝကို မလိုချင်ဘူး ဒီဘဝကနေ လွန်မြောက်ချင်တယ်ဆိုရင်
ကိုယ့်သန္တာန်မှာ ရှိနေတဲ့ မိန်းမဣန္ဒြေ၊ မိန်းမအမူအရာ၊
မိန်းမအသွင်အပြင်၊ မိန်းမမာန၊ မိန်းမအလိုဆန္ဒ၊
မိန်းမအသံ၊ မိန်းမအဝတ်တန်ဆာတွေ အပေါ်မှာ
တပ်မက်တဲ့ တဏှာဆန္ဒနဲ့ နှလုံးမသွင်းဖို့ လိုသလို
မိန်းမတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ
ဖြစ်တတ်တဲ့ အဲဒီယောက်ျားရဲ့ ဣန္ဒြေ၊ အမူအရာ၊
အသွင်အပြင်၊ မာန၊ အလိုဆန္ဒ၊ အသံ၊ အဝတ်တန်ဆာ
စတာတွေနဲ့ ပတ်သက်ပြီး တွယ်တာတပ်မက်မှု
မရှိဖို့လိုပါတယ်။

အဲဒီအချက်တွေကို မဖြစ်အောင်ကြိုးစားပြီး
ဘယ်လိုကုသိုလ်မျိုးပဲ ဖြစ်ဖြစ် ကုသိုလ်လုပ်တိုင်းလုပ်တိုင်း
ယောက်ျားဘဝကို ရလိုတဲ့ ဆန္ဒဆုတောင်းနဲ့ လုပ်မယ်ဆိုရင် ကောင်းမှုကုသိုလ်ဟာ တောင်းတတဲ့အတိုင်း ဖြစ်ပေါ်စေမှာ
ဖြစ်တဲ့အတွက် လိုချင်တဲ့ ယောက်ျားဘဝကို ရနိုင်ပါတယ်။

အဓိကကတော့ ရရှိထားတဲ့ မိန်းမဘဝအပေါ်မှာ
ကျေနပ်နှစ်သက် စွဲလန်းတပ်မက်မှု မဖြစ်ဖို့ရယ် ၊
ဒီလိုမိန်းမဘဝကို ကျေနပ်နေမှုနဲ့ ယောက်ျားတစ်ယောက်
အပေါ်မှာ မိန်းမတစ်ယောက်က တပ်မက်စွဲလန်းတတ်တဲ့
စွဲလန်းနေမှုမျိုး မဖြစ်ဖို့ လိုပါတယ်။

ရရှိထားတဲ့ ဘဝအပေါ်မှာ တပ်မက်နှစ်သက်နေရင်
နောက်ထပ်တစ်ခါ ဒီဘဝမှာပဲ ပြန်လည်ဖြစ်တတ်တဲ့
ဘဝတဏှာက ရှိနေတဲ့အတွက် မိန်းမဘဝကို မလိုချင်ရင် မိန်းမနဲ့ပတ်သက်တာတွေအပေါ် မတပ်မက်ဖို့ပဲ ဖြစ်ပါတယ်။

♦ ဒါက မေးသူရှိလို့ ဘုန်းဘုန်းအနေနဲ့ ဖြေပေးလိုက်ရတာ
ဖြစ်ပါတယ်။

♦ တကယ်တော့ သံသရာနဲ့ ယှဉ်ကြည့်ရင်
ဘယ်လိုဘဝမျိုးမှ မကောင်းပါဘူး။

♦ ယောက်ျားဘဝမှာလည်း ဒုက္ခတွေနဲ့ ကြုံတွေ့နေရမှာ
ဖြစ်သလို မိန်းမဘဝမှာလည်း ဆင်းရဲဒုက္ခတွေနဲ့
ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။

♦ ဘဝကိုဖြတ်နိုင်မှ ဒီဘ၀တွေရဲ့ ဒုက္ခမှ လွတ်မြောက်နိုင်မှာ
ဖြစ်ပြီး ဘဝကင်းရာ နိဗ္ဗာန်ကို ရောက်နိုင်မှာဖြစ်ပါတယ်။

ဘဝကို လိုချင်တပ်မက်နေသမျှ ရလာတဲ့ဘဝမှာ
ဒုက္ခပေါင်းစုံ၊ ကိလေသာအစုံနဲ့ တစ်ခါပြန်ပြီး
ကျင်လည်ကြရဦးမှာ ဆိုတာ သတိပြုစေချင်ပါတယ်။

အကောင်းဆုံးကတော့ မိန်းမဘဝပဲ ဖြစ်ဖြစ်၊
ယောက်ျားဘဝပဲ ဖြစ်ဖြစ် လက်ရှိရထားတဲ့ ဘဝမှာ
နောက်ထပ်ပြန်ပြီး ဘဝမဖြစ်ရေး ကြိုးစားလိုက်ခြင်းကသာ
အကောင်းဆုံးပဲ ဖြစ်ပါတယ်။

လက်ရှိရထားတဲ့ ဘဝအရ မိန်းမဘဝဟာ အရာရာ
အခက်အခဲတွေ ရှိနေတတ်ပေမယ့် နိဗ္ဗာန်ရရေး၊
ကိလေသာကုန်ရေးမှာတော့ မိန်းမဖြစ်လို့
ကိလေသာ မကုန်ရဘူး၊ နိဗ္ဗာန်မရနိုင်ဘူးဆိုတာ မရှိပါဘူး။

♦ မိန်းမဘဝမှာပဲ ကိလေသာကုန်အောင်
ကြိုးစားအားထုတ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့
နောက်ထပ် ဘယ်လိုဘဝမျိုးကိုမှ တောင့်တမနေတော့ဘဲ
အခုဘဝမှာပဲ လွတ်မြောက်ရာလမ်းကို ကြိုးစားရှာဖွေတာက အကောင်းဆုံးပဲလို့ အကြံပြုလိုပါတယ်။

အင်း… ဘာပဲဖြစ်ဖြစ် နောက်ဘ၀တွေမှာ ယောက်ျားဘဝကိုပဲ ရချင်နေတယ်ဆိုရင်တော့ ခုနပြောခဲ့တဲ့ အချက်တွေနဲ့အညီသာ ကြိုးစားကြည့်ပါလို့ ဖြေကြားပေးလိုက်ပါတယ်။

[ စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) ]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

https://www.facebook.com/photo.php?fbid=443548839076286&set=a.351047714993066.769

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...