စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မှန်ကန်သောအလှ




မြန်မာမှု နယ်ပယ်တွင် လူလား မမြောက်သေးသော အရွယ်ကို ''ကလေး''ဟုခေါ်ကြ၏။ သူ့ထက် အတန်ငယ်ကြီးသော အရွယ်ကို ''လူငယ်''ဟု ဆိုသည်။ အသက်အားဖြင့် ဆိုရလျှင် အသက် ၁၂ နှစ်အောက် အရွယ်ကို ကလေးဟူ၍ လည်းကောင်း၊၁၂ နှစ်မှ ၁၈ နှစ်အရွယ်ကို လူငယ်ဟူ၍ လည်းကောင်း သတ်မှတ်ကြသည်။ ယခုဆောင်းပါးတွင် ''လူငယ်''များကို အထူးပြု ဖော်ပြလိုပါ၏။ လူငယ်တို့၏ ပင်ကိုသဘာဝမှာ ရိုးသားဖြူစင် ပွင့်လင်း၏။ အတုမြင်၊ အတတ်သင်လွယ်၏။ 


 နုနယ်သော အတွေးအခေါ်ရှိ၏။ စိတ်အားတက်ကြွ ထက်သန်ကာ စွန့်စား ဆောင်ရွက် လိုစိတ်ရှိ၏။ ထို့အပြင် လူငယ်တို့၏ ထူးခြားချက် နှစ်ရပ်မှာ အများ၏အားကိုးအားထား ခံယူလိုခြင်းနှင့် ကိုယ်ကျိုးစွန့်ရန် ဝန်မလေးခြင်းတို့ ဖြစ်သည်။ ထိုကဲ့သို့ စိတ်ရင်းကောင်းခြင်း၊ အပင်ပန်း ခံနိုင်စွမ်းရှိခြင်း၊ ဆန်းသစ် တီထွင်လိုခြင်း စသော အရည် အချင်းများနှင့် ပြည့်စုံသည့် လူငယ်များသည် တစ်ခါတစ်ရံ အမှားနှင့်အမှန်ကို ဝေဖန်နှိုင်းဆ ချင့်ချိန် ဆောင်ရွက်တတ်ခြင်း မရှိဘဲ စိတ်၏ ဆွဲဆောင် ရာနောက် သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားတတ်သည့် သဘောလည်းရှိ၏။

ဤသို့သော သဘောအရ အချို့သော လူငယ်များသည် နိုင်ငံခြားရုပ်ရှင်၊ နိုင်ငံခြားထုတ် မဂ္ဂဇင်းနှင့် စာစောင်စသည်တို့တွင် တွေ့မြင်လိုက်ရသည့် နိုင်ငံခြားသား လူငယ်များ၏ ဝတ်စားဆင်ယင်မှုကို တုပ၍ ဝတ်ဆင်လာကြသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှ လူငယ် အဆိုတော်အချို့က နိုင်ငံခြားမှ လူငယ်အ ဆိုတော်များ၏ Rapper Fashion များကို တုပ၍ ဝတ်ဆင်ကြပြီး ယင်းတို့၏ ဝတ်စားဆင်ယင်မှုကို မြန်မာ လူငယ်လေးများက တစ်ဖန်တုပ၍ လိုက်ဝတ်ကြ၏။ 


သူတို့ကိုယ်သူတို့လည်း Rapper များဟု ဆိုကြသည်။ ဦးထုပ်၊ မျက်မှန်၊ အင်္ကျီ၊ ဘောင်းဘီ၊ ဖိနပ်အားလုံး ''ထွင်'' ၍ဝတ်ကြသည်။ ထိုသို့ ဝတ်ဆင်မှလည်း ခေတ်မီမည်ဟု ထင်ကြ၏။ ခေတ်နှင့်လည်း ယှဉ်၍ မြန်မာ့ ယဉ်ကျေးမှုနှင့်လည်း ဆီလျော်သည့် ဝတ်စားဆင်ယင်မှုမျိုးကို အဆိုးမဆိုသာသော်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုမျိုးသည် ''လှပ'' ခြင်းထက် အရုပ်ဆိုး အကျည်းတန် သရုပ်ပျက်စေသည်ဟု ထင်ပါ၏။

ဝတ်စားဆင်ယင်မှုသည် လှပခေတ်ဆန်ခြင်း အတွက်သာ ဝတ်စား ဆင်ယင်ရမည် မဟုတ်ပေ။ အမှန်မှာ အဝတ်အစား ဝတ်ဆင်ရသည့် အဓိက ရည်ရွယ်ချက်မှာ (၁) အချမ်းအပူကို ပယ်ဖျောက်စေခြင်း၊ (၂)မှက်၊ ခြင်၊ ယင်၊ လေ အထိအတွေ့တို့မှ ပယ်ဖျောက်စေခြင်းနှင့် (၃) အရှက်၊ အကြောက်ကို ဖုံးလွှမ်းစေခြင်းတို့ ဖြစ်သည်ကို သိဖို့လိုသည်။ လူငယ်ပီပီ လှပခြင်းကို နှစ်သက်မြတ်နိုးခြင်း၊ အလှကိုရှာဖွေခြင်းတို့မှာ သဘာဝကျသဖြင့် အပြစ်ဆိုဖွယ်ရာ မရှိပေ။ သို့သော် မှန်ကန်သောအလှကို ရှာဖွေတတ်ရန်လို၏။ မှန်ကန်သော အလှဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ အလှအပထက် အဓိကကျသော အလှမှာ စိတ်၏ အလှပင်ဖြစ်သည်။

လူငယ်များသည် သတ္တိ၊ ဗျတ္တိရှိရမည်။ ကိုယ်ချင်းစာ သနားကြင်နာ တတ်ရမည်။ သူတစ်ပါးအား ကူညီလိုစိတ်ရှိရမည်။ မကောင်းမှုမှန်သမျှကို ရှောင်၍ ကောင်းမှုမှန်သမျှကို ဆောင်ရမည်။ အလုပ်လုပ်ခြင်းကို ဂုဏ်ယူတတ်ရမည်။ ဤမွန်မြတ်သော စိတ်အလှကို မွေးမြူနိုင်မှသာလျှင် လူငယ်များသည် စစ်မှန်၍ အဖိုးတန်သော အလှပိုင်ရှင် ဖြစ်နိုင်သည်။ ထိုအလှကို ''ပထမအလှ'' အဖြစ်ကြိုးပမ်းရမည်။ ဒုတိယအလှမှာ အခြားမဟုတ် ကျန်းမာသန်စွမ်း၍ ကိုယ်ကာယကြံ့ခိုင်သော လူငယ်များဖြစ်အောင် အားထုတ် လုပ်ဆောင်ရပေမည်။ မော်ဒယ်လ် အေဂျင်စီ တစ်ခုတည်ထောင်ထားသော အမျိုးသမီးတစ်ဦးက ''စိတ်လှရုံနဲ့ မပြည့်စုံဘူး။ ရုပ်လှဖို့လည်း လိုပါတယ်''ဟု ရုပ်မြင်သံကြား Channel တစ်ခု၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်ကို ကြားရ၏။ သူ့သဘောထား၊ သူ့အမြင်ကို မဝေဖန် လိုသော်လည်း စိတ်လှရေးသည် အဓိကကျသည်ဟု ပြောလိုပါသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော လူသတ်မှုတစ်ခုတွင် မိမိအိမ်ဖော်အား အမျိုးမျိုး နှိပ်စက်ခဲ့သောကြောင့် သေဆုံးခဲ့ရ၏။ နှိပ်စက်သူ သို့မဟုတ် ကျူးလွန်သော မိန်းကလေးမှာ ရုပ်ရည်အားဖြင့် ချောမောလှပသူ ဖြစ်ပြီး စိတ်ဓာတ်မကောင်းမှုကြောင့် ထောင်ဒဏ်ကိုးနှစ် ပြစ်ဒဏ် ခံသွားရသည်။ အဆိုပါ မိန်းကလေးသည် ရုပ်လှသော်လည်း စိတ်မလှသဖြင့် ဘဝပျက်ခဲ့ရခြင်းဟု ဆိုနိုင်သည်။

လူငယ်များသည် နိုင်ငံ၏ အနာဂတ် သားကောင်းရတနာ၊ သမီးကောင်း ရတနာများအဖြစ် တိုင်းပြည်က အမွန်အမြတ်ထားခြင်း ခံရသူများပီပီ နောင်တစ်ခေတ် နိုင်ငံ့ခေါင်းဆောင်များ အဖြစ် တိုင်းပြည်၏ တာဝန်ကို ကျရာအခန်း ကဏ္ဍက တာဝန်ကျေကျေ ထမ်းဆောင် နိုင်ဖို့ဆိုလျှင် ကျန်းမာ သန်စွမ်းသော လူငယ်များဖြစ်အောင် ငယ်စဉ်ဘဝကပင် လေ့ကျင့် ပျိုးထောင်ရန်လိုပါ၏။ လူငယ်များသည် မိမိတို့ကြီးပြင်း လာသည့်တစ်နေ့တွင် လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက်၍ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်သည်။ ကျန်းမာသန်စွမ်းမှသာ နိုင်ငံ့တာဝန်ကို အကျိုးရှိရှိ ထိရောက်စွာ ထမ်းဆောင်နိုင်မည် ဖြစ်သည်။

နိုင်ငံတော် အနေဖြင့် လူငယ်များကို ဘက်စုံဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ပေးရာတွင် ဥာဏဗလနှင့် စာရိတ္တဗလ ဖွံ့ဖြိုးရေးသာမက ကာယဗလ ဖွံ့ဖြိုးရေးကိုပါ အားပေးလျက်ရှိ၏။ အထူးသဖြင့် မကြာမီ ကျင်းပတော့မည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် မြန်မာနိုင်ငံမှ လူငယ် အားကစား မောင်မယ်များ ရွှေတံဆိပ်များ ဆွတ်ခူး၍  နိုင်ငံမျက်နှာပန်း လှစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်မှာ အားရဖွယ် ကောင်းလှသည်။ ဤသို့ဖြင့် မိမိအတွက်လည်း အကျိုးရှိ၊ နိုင်ငံအတွက်လည်း အကျိုးရှိမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား မောင်မယ်များ ဧကန်မလွဲ ပေါ်ထွန်း လာလိမ့်မည်ဟု မျှော်လင့်ရပါ၏။

ထိုသို့ စိတ်အလှနှင့် ရုပ်အလှတို့ဖြင့် ပြည့်စုံသော လူငယ်များသည် အဖိုးတန် အဝတ်အထည်များ၊ ခေတ်ဆန်သော ဆင်ယင်မှုများကို ဝတ်ဆင်မှ လှပမည်မဟုတ်ဘဲ သင်တင့်လျောက်ပတ်သော ဝတ်စား ဆင်ယင်မှုမျိုးဖြင့်ပင် ပင်ကိုအလှ၏ တောက်ပမှုကြောင့် ကျက်သရေ မင်္ဂလာ ရွှန်းတင့် ဝေဆာနေမည်သာ ဖြစ်သည်။ စိတ်ကလည်းလှ၊ ရုပ်ကလည်းလှ၍ ဝတ်စား ဆင်ယင်မှုကလည်း ရိုးရိုးယဉ်ယဉ်နှင့် ရှုချင်စဖွယ် အသွင် ဆောင်ယူနေကြသော လူငယ်မောင်မယ်များကို မိဘပြည်သူတိုင်းက ရှုမဝ ဖြစ်ကြရပေမည်။ နှစ်သက်ကြည်ဖြူကြပေမည်။

ထို့ကြောင့် လူငယ်များသည် အထက်တွင် ဖော်ပြခဲ့သည့် ''စိတ်အလှ''ကို ပထမရှာဖွေ မွေးမြူပါ။ ရုပ်အလှကို ဒုတိယထား၍ ကြိုးပမ်းကြမည် ဆိုပါလျှင် ပင်ကို အရည်အသွေးရှိပြီး ဖြစ်သော အဖိုးတန် ကျောက်မျက်ရတနာကို အရောင် တဖိတ်ဖိတ် တောက်အောင် အရောင်တင်လိုက်ဘိ သကဲ့သို့ လူငယ်မောင်မယ်တို့၏ ပကတိအလှသည် ပို၍ တောက်ပြောင် ရွှန်းပလာမည်ဟု ယုံကြည်မိပါ၏။      
တက္ကသိုလ်သင်္ခ
 http://www.myawady.net.mm/library/stories/storiesforall/item/19245-2013-07-11-10-49-09

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...