စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့အပြစ်တင်ခြင်း”



(ဘယ်လို စိတ်ထားမျိုးနဲ့ ဝေဖန်ထောက်ပြကြမလဲ)

“ကဲ့ရဲ့ခြင်း”

မိမိတို့ ပတ်ဝန်းကျင်မှာ တွေ့မြင်နေကြ သူတွေကို သတိထားကြည့်မိတဲ့အခါ ကောင်းတဲ့သူ၊ ဆိုးတဲ့သူရယ်ဆိုပြီး လူနှစ်မျိုးနှစ်စားတွေ့ရတယ်။ လူဆိုတာ အမြဲတမ်းကောင်းနေတတ်တာမျိုးမဟုတ်သလို အမြဲတမ်းလည်း ဆိုးနေတတ်တာမျိုးလည်း မဟုတ်ပြန်ဘူး။ လူ့တစ်ယောက်ရဲ့ မကောင်းတဲ့အလေ့အကျင့်၊ စရိုက်ကို ပြုပြင်ပြောင်းလဲ၍ ရနိုင်ပါ့မလား။ မရနိုင်ဘူးလားဆိုတာ ပုံသေကားချပ်တော့ တွက်၍ မရကောင်းသောအရာဖြစ်ပါတယ်။ ကိလေသာမကုန်သေးတဲ့ သာမန်ပုထုဇဉ်တွေဖြစ်တဲ့အတွက် အချိန်အခါ ပတ်ဝန်းကျင် အလိုက်ပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် အမှားဆိုတာလည်း မကင်းတတ်တာ ၊မကင်းသေးတာ လူ့ဓမ္မတာပါ။

ဒီနေရာမှာ အဓိကထားပြောချင်တာက လမ်းလွဲနေတဲ့သူတစ်ယောက်၊ အမှားသိလို အမှန်ပြင်ချင်တဲ့သူကို ပြောချင်တာပါ။ ဒီလိုလမ်းကြောင်းမှားနေတဲ့သူ၊ လမ်းကြောင်းမှားခဲ့ဖူးတဲ့ သူတစ်ယောက် ကောင်းတဲ့ပတ်ဝန်းကျင်ရောက်လာတဲ့အခါ သူ့ကိုအပြစ်ပြောနေခြင်းထက် ချီးမွမ်းခြင်းက ပိုထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုပါ။

မှားနေတဲ့ လူတစ်ယောက်၊ မှားခဲ့ဖူးတဲ့ သူတစ်ယောက်ကို မင်းမှားနေပါတယ်လို့ သူ့အပြစ်တွေချည်း ထပ်ခါ ထပ်ခါပြောကြည့်ပါ။ အဲဒီလူဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းလာတယ်။ ပြုပြင်ချင်စိတ်လည်း နည်းသွားတယ်။ နောက်ဆုံးတော့ သူဟာ အဆိုးမြင်စိတ်တွေ များလာတာတွေ့ရမယ်။ ဒါဟာ လူတစ်ယောက်ကို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ချက်လို့ ဆိုရမယ်။

ဒီလိုပဲ ငယ်စဉ်တောင်ကြေး ကလေးဘ၀ကတည်းက ဖိနှိပ်ခံခဲ့ရတဲ့ကလေးတစ်ယောက်၊ ကောင်းတာဘဲလုပ်လုပ်၊ ဆိုးတာပဲ လုပ်လုပ် အမြဲအပြစ်တင်ခံလာရတဲ့ ကလေးတစ်ယောက်ဟာ ကြီးပြင်းလာတဲ့အခါ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတော့သလို သူတစ်ပါးအပေါ်လည်းကိုလည်း ယုံကြည်စိတ်တွေ နည်းသွားတယ်။ အရာရာတိုင်း အဆိုးမြင်စိတ်တွေ များလာတယ်။ ငါဘာလုပ်လုပ် ငါ့ကိုလူတွေက အကောင်းပြောမှာ မဟုတ်ဘူး။ အကောင်းမြင်မှာမဟုတ်ဘူးဆိုတဲ့ အားငယ်စိတ်တွေ ၀င်လာတယ်။
ဒီလိုနဲ့ကြောက်ကန်ကန်ပြီး လူတွေကို ရန်လိုတဲ့မျက်လုံးနဲ့ကြည့်တတ်လာတယ်။ မြင်လာတယ်။ ရန်လိုတတ်တဲ့ သဘောတွေ ဆောင်လာတယ်။ ဒါဟာ ဖိနှိပ်ချုပ်ချုယ်ခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းရဲ့ အကျိုးရလဒ်လို့ဆိုရင်လည်း မမှားပါဘူး။ ကမ္ဘာပေါ်မှာ ရက်စက်ကြမ်းကြုတ်ပါတယ်ဆိုတဲ့ လူတွေရဲ့ ဘ၀ကောက်ကြောင်းကို လေ့လာကြည့်ရင် ဒီလိုဖိနှိပ်ခံခဲ့ရပြီး အဆိုးမြင်တတ်တဲ့တွေစိတ်က သူတို့ဘ၀ကိုတွန်းပို့ခဲ့တာကြောင့် ရက်စက်ကြမ်းကြုတ်တာဆိုတာ တွေ့ရတယ်။

“ချီးမွမ်းခြင်း”

ကဲ့ရဲ့ပြစ်တင်ခြင်းရဲ့ဆန့်ကျင်ဘက်ချီးမွမ်းခြင်းကတော့ လူကိုအင်အားဖြစ်စေတယ်။ အားတက်စေတယ်။ တက်ကြွစေတယ်။ တကယ်လမ်းမှားရောက်ခဲ့လို့ လမ်းမှန်ကိုပြုပြင်ချင်တဲ့သူတစ်ယောက်၊ သို့တည်းမဟုတ် ပတ်ဝန်းကျင်ကြောင့်လမ်းလွဲနေတဲ့သူ၊ လမ်းလွဲခဲ့တဲ့သူတစ်ယောက် ကောင်းတဲ့ပတ်ဝန်းကျင်ကိုရောက်လာတဲ့အခါ သူ့ကို ကဲ့ရဲ့အပြစ်တင်နေတာထက် ချီးမွမ်းတဲ့ စကားလုံးတွေနဲ့ အစားထိုးသုံးကြည့်လိုက်ပါ။ သူဟာ အလိုလိုယဉ်ကျေးလာတဲ့သူတစ်ယောက်၊ တက်ကြွလာတဲ့သူတစ်ယောက်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတဲ့သူတစ်ယောက်ဖြစ်လာတာ တွေ့ရတယ်။

ကောင်းတဲ့ပတ်ဝန်းကျင်ရဲ့ အရိပ်အာဝါသလွှမ်းမိုးမှုကြောင့် သူကိုယ်တိုင်လည်း အမှားလုပ်ရမှာ ကြောက်လာတယ်။ ရှက်လာတယ်။ ဒါဟာ ကောင်းတဲ့ပတ်ဝန်းကျင်က သူ့ကိုပြောင်းလဲပေးလိုက်တာပဲ။ သူ့တင် ကောင်းသွားသလားဆိုတော့ မဟုတ်ပါဘူး။ သူနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက်လည်း ကောင်းသွားတယ်။ သူ့မှာ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေ မရှိတော့ဘူး။ ရေရှည်မှာ သူဟာ အကောင်းမြင်စိတ်တွေ မွေးလာနိုင်တယ်။

“ခုဆိုဂေဟာထဲမှာ လူဆိုးလူမိုက်တွေပါရှိနေတယ်။ ဒုက္ခရောက်နိုင်တယ်”လို့ မာသာထရီဇာကိုပြောတော့ မာသာထရီဇာပြောတဲ့စကားလုံးလေး အင်မတန် မှတ်သားဖို့ကောင်းပါတယ်။ “ငါ့ဆီမှာ အဲလိုလူတွေရှိနေတော့ သူတို့လည်း ဒီမှာအဆင်ဆင်ပြေပြေနေရတယ်။ အပြင်မှာခိုးဆိုး တိုက်ခိုက်မှုတွေနည်းသွားတယ်။ သူတို့အတွက်လည်း အဆင်ပြေသလို ပတ်ဝန်းကျင်အတွက်လည်း အဆင်ပြေပါတယ်”တဲ့။ ၁၉၇၉ ခုနှစ်မှာ ကမ္ဘာ့နိုဗယ်ငြိမ်းရေးဆုအပ်နှင်းခံရသော ဒုက္ခရောက်နေတဲ့လူပေါင်းများစွာကို မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုပေးခဲ့တဲ့ မာသာထရီဇာပြောခဲ့တဲ့ စကားလုံးလေးပါ။ သေချာတော့ မမှတ်မိဘူး။ အဓိပ္ပါယ်ကတော့ ဒါမျိုးပါပဲ။

ဒါဆိုရင် မိမိတို့ကော ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းဘက်ကိုပြောင်းလဲနေတဲ့သူကို ပြစ်တင်ရှုတ်ချနေမလား။ ချီးမွမ်းစကားဆိုပြီး အကောင်းဘက်ကိုဆွဲခေါ်မလား။

“ဘုရားရှင်တို့ထုံး နှလုံးမူ”

တကယ်တော့ အပြစ်ရှိနေတဲ့သူတစ်ယောက်ကို သူရဲ့အပြစ်တွေ ထုတ်ဖော်ပြောနေလို့ကော သူ့အပြစ်တွေက ကျေပျောက်သွားမှာလား။ ကျေပျောက်သွားနိုင်မှာလည်း မဟုတ်ပါဘူး။ စိတ်ဓာတ်ကို ထပ်မံရိုက်ချိုးသလိုပဲ ခံစားရမှာပါ။

လူတစ်ယောက်ကို ပြုပြင်ပြောင်းလဲပေးတဲ့ နေရာမှာ သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားရဲ့ထုံးနှလုံးမူပြီး အားလုံးသိဖူး၊ ကြားဖူးပြီးသားလည်းဖြစ်တဲ့ လက်ညိုးပေါင်းများစွာဖြတ်၊ လူပေါင်းများစွာသတ်ခဲ့တဲ့ အရှင်အင်္ဂုလိမာလကြီးကို သာဓကအနေနဲ့ထုတ်ကြည့်မယ်။ သူဟာ ဘယ်လောက်ဆိုးသွမ်းလဲ။ လူပေါင်းများစွာရဲ့ အသက်အိုးအိမ် စည်းစိမ်ခြောက်လှန့်တဲ့အထိ ဆိုးသွမ်းတယ်။ မင်းစည်းစိမ်ထိပါ တုန်လှုပ်စေတဲ့အထိ ရက်စက်ကြမ်းကြုတ်ခဲ့တယ်။

ခုချိန်ထိလည်း အရှင်အင်္ဂုလိမာလဆိုရင် ရဟန္တာမထေရ်မြတ်ကြီးဆိုတာထက် လက်ညိုးပေါင်းများစွာဖြတ်ခဲ့တဲ့ လူဆိုးလူမိုက်ကြီးဆိုပြီး ပိုထင်ရှားတယ်။ မျက်လုံးထဲတန်းမြင်လာတယ်။ သူဟာအရင်က အင်မတန်တော်တယ်။ ထက်မြတ်တယ်။ ဆရာအားကိုးလောက်တဲ့ တပည့်လိမ်မာလေးဖြစ်ခဲ့တယ်။

ဒါပေမဲ့ မကောင်းတဲ့ ပတ်ဝန်းကျင်ကသူ့ကို ဖျက်ဆီးပစ်လိုက်တဲ့အခါ သမိုင်းတခေတ်မှာ အစွန်းထင်းပေါင်းများစွာနဲ့ လူဆိုး လူမိုက်ရာထူးဆက်ခံခဲ့ရတယ်။ မကောင်းတဲ့ပတ်ဝန်းကျင်က ဖျက်ဆီးလိုက်လို့ အရင်က ကောင်းတဲ့စိတ်ဓာတ်လေးတွေ ပျက်ဆီးခဲ့တယ်။ နောက်ဆုံး မိဘကိုတောင် မိဘလို့ မမြင်တော့တဲ့ထိ လမ်းမှားကို ရောက်ခဲ့တယ်။ ဒါဟာ မကောင်းတဲ့ ပတ်ဝန်းကျင်က သူ့ကိုပြောင်းလဲပေးလိုက်တာပါ။

ကောင်းတဲ့ ပတ်ဝန်းကျင် ဖြစ်တဲ့ ဘုရားရှင်နဲ့တွေတဲ့အခါ ဘုရားက မိန့်တဲ့စကားတော်လေးတွေ အင်မတန်မှ အတုယူဖို့ကောင်းပါတယ်။ သူဟာဘယ်လောက်ပဲလူပေါင်းများစွာရဲ့ အသက် စည်းစိမ်တွေ ကြောက်လန့််လာတဲ့အထိ ခြောက်လှန့်ခဲ့ပါစေ။ ဘယ်လောက်ပဲ ဆိုးသွမ်းခဲ့ပါစေ။
မြတ်ဗုဒ္ဓနဲ့တွေ့ချိန်မှာ မြတ်ဗုဒ္ဓက“အင်္ဂုလိမာလမင်းတော့ လမ်းလွဲနေပြီ။ မင်းလူမိုက်ကြီး ဖြစ်ပြီ။ လူပေါင်းများစွာရဲ့ အသက်စည်းစိမ်တွေကို ဖျက်ဆီးလို့ မင်းကို လူမိုက်ကြီးလို့ ကင်ပွန်းတပ်နေကြပြီကွာလို့” ပြစ်တင်ပြောဆိုတာ မတွေ့ရဘူး။ “ရဟန်း ရပ်လော့။ ရပ်လော့”လို့ ပြောတဲ့အချိန်မှာ “အင်္ဂုလိမာလ... ငါကားရပ်နေ၏။ သင်သာ ရပ်လော့”ဆိုတဲ့ စကားလုံးလေးပဲပြောခဲ့တယ်။ အပြစ်ပြောတာ မတွေ့ရဘူး။ ဒီစကားလုံးလေးနဲ့ သူ့စိတ်နှလုံးငြိမ်းချမ်းခဲ့တယ်။ အေးချမ်းခဲ့တယ်။

ဒီနေရာမှာ ဘုရားရှင်က အပြစ်တွေပဲပြောနေမယ်ဆိုရင် ပစ္ဆိမဘ၀ိကပုဂ္ဂိုလ်ဖြစ်တဲ့ သူတောင် စိတ်ချမ်းသာနိုင်ပါ့မလား။ စိတ်မချမ်းသာနိုင်ပါဘူး။ သူသူ ကိုယ်ကိုယ် စိတ်ချမ်းသာဖို့တော့ ခဲရင်းသွားပြီ။ ငါ့ကို အပြစ်တွေချည်းပဲ ပြောနေပါလားဆိုတဲ့ စိုးရိမ်စိတ်၊ အားငယ်စိတ်တွေ ၀င်သွားနိုင်တယ်။

နောက်ဆုံး မိမိတို့သိတဲ့အတိုင်း သူ့စိတ်တွေ ကြည်လင်ငြိမ်းချမ်းသွားတဲ့အခါမှ တရားအနည်းငယ်ပဲ သွန်သင်ညွန်ပြခဲ့တယ်။ ပစ္ဆိမဘ၀ကပုဂ္ဂိုလ်ဖြစ်သည့်အလျောက် ချက်ခြင်းပဲ ကျွတ်တမ်းဝင်ခဲ့တယ်။ အေးချမ်းသွားတယ်။ ငြိမ်းချမ်းသွားတယ်။ တန်ဖိုးရှိတဲ့သူတစ်ယောက် ချက်ခြင်းဖြစ်သွားတယ်။ ဘာလို့တန်ဖိုးရှိတဲ့သူတစ်ယောက်လို့ ဆိုရလဲဆိုတော့ ကိုယ်တိုင်လည်း အကောင်းဖက်ရောက်သွားတယ်။ ပတ်ဝန်းကျင်အတွက်လည်း စိတ်ချမ်းသာသွားတယ်။ အနှောက်အယှက်တွေ ကင်းသွားတယ်။

တန်ဖိုးမဲ့တဲ့သူဆိုတာ ကိုယ်တိုင်လည်း အကျိုးမရှိတဲ့ အလုပ်တွေ လုပ်နေတယ်။ သူနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်အတွက်လည်း အနှောက်အယှက်ဖြစ်စေတယ်။ ဒီလိုလူမျိုးကို တန်ဖိုးမဲ့တဲ့သူ၊ တန်ဖိုးမရှိတဲ့သူလို့ ဆိုချင်တယ်။ မိမိတို့ ပတ်ဝန်းကျင်မှာကော ဒီလိုလူမျိုးတွေ မရှိနိုင်ဘူးလား။
လူတစ်ယောက်ကိုပြုပြင်ပေးတဲ့နေရာမှာ ပထမဆုံးသူ့ကို ချီးမွမ်းစကားဆိုလိုက်ပါ။ သူ့စိတ်တွေကြည်လင်လာတဲ့အခါမှ တဖြည်းဖြည်းကိုယ်လိုချင်တဲ့ဘက် ဆွဲယူသွားပါ။ ဆွဲခေါ်သွားပါဆိုပြီး လူမှုရေးနဲ့ပတ်သက်တဲ့ အနောက်တိုင်းစာပေတွေမှာလည်း ဒီလိုဆိုတာတွေ့ရတယ်။

တကယ်တော့ မိမိတို့ဘ၀မှာ ပတ်ဝန်းကျင်ကောင်းရဖို့ အရေးကြီးပါတယ်။ ဒါကို ဘုရားရှင်က သပ္ပူရိသူပနိဿယလို့ဆိုတယ်။ ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယောဆိုပြီးလည်း ပဋ္ဌာန်းမှာ ဆိုထားတယ်။ ကိုယ့်ဘ၀အတွက် အမှီကောင်း ပတ်ဝန်းကျင်ကောင်းရဖို့လိုတယ်လို့ ဆိုရမယ်။ ပတ်ဝန်းကျင်ကောင်းရဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ တကယ်ရခဲ့ရင်လည်း ရေရှည်တည်တံ့ဖို့ မလွယ်ကူပါဘူး။ ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင် မိတ်ဆွေကောင်းရရင်တော့ အင်မတန်ကံကောင်းတဲ့ သူဖြစ်သွားပါပြီ။

တခါတော့ အရှင်အာနန္ဒာမထေရ်က “မိတ်ကောင်းဆွေကောင်း ရှိခြင်းဟာ အလုပ်ကိစ္စတစ်ဝက်ပြီးစီးနိုင်တယ်”လို့ဆိုတယ်။ ဒီစကားကိုကြားတဲ့ ဘုရားရှင်က“ချစ်သား အာနန္ဒာ ဒီလို မဆိုလေနဲ့။ လောကမှာ မိတ်ကောင်းဆွေကောင်းရှိရင် အရာအားလုံး ပြီးစီးစေတယ်”လို့ မိန့်ဖူးပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ့်ကျင့်တရား၊ အသိဥာဏ်အဆင့်အတန်းဆိုတာလည်း အသက်ငယ်တာ၊ ကြီးတာနဲ့ မဆိုင်ပါဘူး။ ပင်ကိုယ်ဗီဇ၊ ပတ်ဝန်းကျင်နဲ့ပဲ သက်ဆိုင်ပါတယ်။ ဗီဇဆိုတာ မျိုးစေ့နဲ့တူပြီး ပတ်ဝန်းကျင်ကတော့ မျိုးစေ့ကိုထောက်ပံ့ပေးတဲ့ မြေဆီ၊ မြေသြဇာနဲ့တူပါတယ်။ ပင်ကိုယ်ဗီဇဘယ်လောက်ပင် ကောင်းနေပါစေ။ ကိုယ်ကျင့်တရား၊ အသိဥာဏ်အဆင့်အတန်း မြင့်မားဖို့ဆိုတာ သပ္ပူရိသူပနိဿယဆိုတဲ့အတိုင်း ပတ်ဝန်းကျင်ကောင်းရဖို့လည်း လိုအပ်ပါတယ်။ ဒီလောက်ဆိုရင် ကိုယ့်ဘ၀မှာ ပတ်ဝန်းကျင်က ဘယ်လောက်အတိုင်းတာတစ်ခုထိ အရေးပါသလဲဆိုတာ အထက်က သုံးသပ်ချက်တွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါကတော့ ကောင်းတဲ့ပတ်ဝန်းကျင်က ပြောင်းလဲပေးလိုက်တာလို့ ဆိုရမယ်။

ဒါဆိုရင် မိမိတို့ကော အကောင်းဘက်ကို ပြုပြင်ပြောင်းလဲနေတဲ့သူတစ်ယောက်၊ ပြုပြင်ပြောင်းလဲချင်စိတ်ရှိတဲ့ လူတစ်ယောက်ကို မှားခဲ့ဖူးတဲ့အမှားတွေကိုပဲထောက်ပြီး အပြစ်ချည်းထိုင်ပြောနေမလား။ စစ်မှန်တဲ့ ချီးမွမ်းခြင်းနဲ့ လက်တွဲခေါ်ပြီး အကောင်းဘက်ကို ဦးတည်စေမလား။
သူ့ကို ကဲ့ရဲ့ရှုတ်ချ၊ ဝေဖန်တိုက်ခိုက်နေတဲ့အချိန်မှာကော ကိုယ်စိတ်တွေဘယ်လောက် ပူလောင်နေမလဲ။ ဘယ်လောက်အေးချမ်းနေမလဲ။ အပြစ်တင်ခံရတဲ့သူကော အေးချမ်းနေမလား။ ပူလောင်နေမလား။ စဉ်းစားကြည့်ပါ။ ဒါဆိုရင် မိမိတို့ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း လမ်းနှစ်သွယ် ဘယ်လမ်းကို ရွေးမလဲ။

ဒီလိုချီးမွမ်းတယ်၊ ကဲ့ရဲတယ်ဆိုတဲ့ နေရာမှာလည်း ငါဟာ သူ့ကိုလမ်းကြောင်းမှန်ကို ရောက်အောင် တကယ်ပြုပြင်ပေးချင်တဲ့စိတ်နဲ့ ပြောဆိုနေတာလား။ ကဲ့ရဲ့အပြစ်တင်လို စိတ်သက်သက်နဲ့ ဝေဖန်တိုက်ခိုက်နေတာလားဆိုတာလည်း ကိုယ်ကိုကိုယ်လည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။

တချို့ကျတော့ ဘာရည်ရည်ရွယ်ချက်မှမရှိဘူး။ ဦးတည်ချက်မရှိဘူး။ ဘာပြောပြော ဘာလုပ်လုပ် ဝေဖန်မယ်။ ကဲ့ရဲ့အပြစ်တင်နေမယ်ဆိုတာ ချည်းပဲ။ ဒီလိုလူမျိုးလည်း လောကမှာရှိသေးပါတယ်။ ဝေဖန်ထောက်ပြတယ်ဆိုတဲ့ နေရာမှာလည်း ပြုပြင်ပေးလိုတဲ့ စိတ်နဲ့ ဝေဖန်ထောက်ပြခြင်းက အကောင်းဘက်ကို ဦးတည်တယ်။ ကဲ့ရဲ့ပြစ်တင်စိတ်နဲ့ ဝေဖန်ထောက်ပြခြင်းက အဆိုးဘက်ကို ဦးတည်ပါတယ်။ တခါတလေတော့ ဝေဖန်ထောက်ပြသလိုနဲ့ အပြစ်တွေချည်းပြောနေတတ်တယ်။

ဗုဒ္ဓစာပေမှာတော့ တကယ်လူတစ်ယောက်ကိုကောင်းစေချင်တဲ့ သမ္မာဆန္ဒနဲ့ ဝေဖန်ထောက်ပြတယ်။ ပြောဆိုဆုံးမတယ်ဆိုရင်တော့ ရွှေအိုးပေးတဲ့သူလို့ဆိုတယ်။ ဒီလိုမှမဟုတ်ဘဲ ကောင်းတာဘဲလုပ်လုပ်၊ ဆိုးတာပဲလုပ်လုပ် အမြဲတမ်းကဲ့ရဲ့အပြစ်တင်လိုစိတ်နဲ့ ကြည့်နေမယ်၊ ပြောနေမယ်ဆိုရင်တော့ နိဗ္ဗာန်ဆိုတာလည်းဝေးပါပြီ။ သူဘာလုပ်လုပ် ငါနဲ့မတူငါရန်သူဟုသူ သဘောထားတယ်ဆိုရင်လည်း အကောင်းမြင်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ နားလည်ပေးနိုင်မှာလည်း မဟုတ်ဘူး။ အဆိုးချည်းပဲ မြင်နေတာလည်း သူ့အတွက်တော့ မဆန်းပါဘူး။
ဒါဆိုရင်ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့ နေရာမှာ မိမိတို့က တကယ်စိတ်ကောင်းစေချင်တဲ့ စေတနာနဲ့ပြောတာလား။ စေတနာဆိုးနဲ့ ပြောတာလားဆိုတာလည်း ဝေဖန်ဆန်းစစ်ရမယ်။ ဆရာတော် ဦးဇောတိကကတော့ စေတနာဆိုးနဲ့ လုပ်တဲ့လုပ်ရပ်တိုင်းဟာ ကိုယ့်ဘ၀ကိုအောက်တန်းကျသွားစေတယ်လို့ မိန့်တယ်။

“ရှောင်သင့်သလောက် ရှောင်ကြည့်မယ်”

ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းဆိုတာ ယခုမှ ဖြစ်ပေါ်လာတဲ့ စကားလုံးမဟုတ်ပါဘူး။ ရှေးခေတ်ကတည်းက ဆင်းသက်လာတဲ့ လူသားတိုင်းကျင့်သုံးနေတဲ့ ဖြစ်ရိုးဖြစ်စဉ် အလေ့အထတစ်ခုပါ။ သာမန်လူသားတွေ အသာထား။ ဘုရားရှင်တောင် ရှောင်လွဲမရခဲ့တဲ့ လောကဓံတရားပါ။ လောကဓံရှစ်ပါးမှာလည်း နိန္ဒ၊ ပသံသဆိုပြီး ဘုရားရှင် ထည့်သွင်းမိန့်ကြားခဲ့တယ်။ ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ခြင်းဟာ မတူကွဲပြားခြားနားသလို အကျိုးရလဒ်တွေကလည်း ကွဲပြားခြားနားသွားတာတွေ့ရပါတယ်။

တကယ်တော့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းနဲ့ပတ်သက်လို့ ကိုယ်တိုင်လည်း သူတစ်ပါးကို ချီးမွမ်းတယ်၊ ကဲ့ရဲ့တယ်။ ရှောင်နိုင်ဖို့ ခက်ခဲတယ်။ ကိုယ်တိုင်လည်း ဒီလောကဓံကိုခံကြတယ်။ လွတ်တဲ့သူဆိုတာ မရှိဘူး။ သို့သော် မရှောင်နိုင်ပေမဲ့ ကိုယ်တိုင်လည်း မအေးချမ်း၊ သူတစ်ပါးအတွက်လည်း စိတ်ဒုက္ခဖြစ်စေမဲ့ ကဲ့ရဲ့အပြစ်တင်နေခြင်းကို ရှောင်နိုင်သလောက် ရှောင်ကြည့်ရအောင်လား။

ချီးမွမ်းတယ်ဆိုတဲ့နေရာမှာလည်း စစ်မှန်တဲ့ ချီးမွမ်းခြင်းနဲ့ မြှောက်ပင့်ပြောဆိုခြင်းတော့ နည်းနည်းခွဲခြား သိထားဖို့တော့လိုတယ်။ တချို့ကြတော့ ချီးမွမ်းသလိုနဲ့ မြှောက်ပင့်ပြောဆိုနေတတ်တယ်။ မြှောက်ပင့်ပြောဆိုခြင်းကတော့ စားမပါတဲ့ ဟင်းလိုပဲ ပေါ့ရွှတ်ရွှတ်နဲ့ အဆီနှစ်မပါပါဘူး။ စစ်မှန်တဲ့ချီးမွမ်းခြင်းကတော့ လေးနက်တဲ့အဓိပ္ပါယ်တွေနဲ့ ပြည့်နှက်နေတယ်။

လူမှုရေးနယ်ပယ်ကဏ္ဍအသီးသီးမှာ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း နှစ်မျိုးနှစ်စားအနက် လှိုက်လှုက်လှဲလှဲချီးမွမ်းခြင်းပြောဆိုခြင်း၊ စစ်မှန်တဲ့ဝေဖန်ထောက်ပြခြင်းတွေက ကိစ္စရပ်တော်တော်များများကို ပြီးမြောက်အောင်မြင်စေပါတယ်
ပင်ကိုယ်ဗီဇ၊ ပတ်ဝန်းကျင်မိတ်ဆွေကောင်းတွေ၊ စစ်မှန်တဲ့ချီးမွမ်းခြင်းတွေ၊ ကောင်းစေချင်တဲ့ ဝေဖန်ထောက်ပြမှုတွေတော့ လူတစ်ယောက်အတွက် ဘ၀မှာ အင်မတန်အရေးကြီးတဲ့အခန်းမှာ ပါဝင်ပတ်သက်နေပါတယ်။
ဒါဆိုရင်ဘာလို့ ချီးမွမ်းခြင်းကို ကိုယ့်ဘ၀အတွက် လှေကားထစ်သဖွယ် မသုံးမပြုဘဲ ကဲ့ရဲ့အပြစ်တင်ခြင်းတွေနဲ့ လုံးပန်းနေကြမလဲ။

“အရင်းစစ် အမြစ်မြေက”ဆိုသလို သာမန်လူသားတွေအတွက်တော့ ဒါဟာ မုဒိတာအားနည်းတဲ့လက္ခဏာလို့ ဆိုရင်မမှားပါဘူး။
ဒါဆိုရင် ကဲ့ရဲ့ခြင်း၊ ချီးမွမ်းနှစ်မျိုးနက် ငါတို့ဘ၀မှာ ဘယ်အရာကို အလေးထား လက်ခံကျင့်သုံးကြမလဲ။ ဘယ်အရာကတော့ဖြင့် ငါ့တို့ဘ၀အတွက် အစိတ်တဒေသအရေးပါ အရာရောက်မလဲ။ တခြားသူအတွက်ကော ဘယ်လောက်အတိုင်းအတာတစ်ခုထိ အကျိုးဖြစ်ထွန်းသွားမလဲ။ အကျိုးမဲ့သွားနိုင်မလဲဆိုတာ စဉ်းစားတွေးခေါ်ရင်း…….။

(“ဌေး”သာမဏေကျော်ဆရာတော်)

* တိုက်ဆိုင်လာလို့ ပြန်တင်ပေးလိုက်တာပါ။ လက်ကမ်းစာအုပ် တစ်အုပ်စာဖြစ်ပါတယ်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...