စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဓာတ်တော် (စေတီတော်)က ရောင်ခြည်တော် ကွန့်မြူးနိုင်ပါသလား?

http://4.bp.blogspot.com/-dmvay_vzs8I/UPtjsUjiv9I/AAAAAAAAAcc/D1B_dQxMuAA/s1600/%5B001372%5D.jpg

အရှင်နန္ဒသေနာလင်္ကာရ
သာမဏေကျော်၊ ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ MA

ရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က ရှင်တော်မြတ်ကိုယ်တော်မှ တစ်လံမျှ ရောင်ခြည်တော်များ ကွန့်မြူးနေကြောင်း၊ ယမက ပါဋိဟာရိယာလို တန်ခိုးပြာဋိဟာကို အကြောင်းအားလျော်စွာ စီမံတော်မူတဲ့အခါ စကြဝဠာအနှံ့ ရောင်ခြည်တော်များကွန့်မြူးကြောင်း၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်ပိဏ္ဍောလတို့လို အဘိညာဉ်ရ ရဟန္တာရှင်မြတ်ကြီးများလည်း အကြောင်းအားလျော်စွာ တန်ခိုးအမျိုးမျိုးကို အသုံးပြု တော်မူကြကြောင်း ကျမ်းဂန်တွေမှာ မိန့်ဆိုထားတာ တွေ့ရပါတယ်။

နှောင်းခေတ် လူငယ်အချို့ဟာ သက်တော်ထင်ရှားရှိစဉ် ဒီလိုတန်ခိုးပြာဋိဟာတွေ ဖြစ်နိုင်တာကို ယုံကြည်လက်ခံကြပါတယ်။ ဒါပေမဲ့ ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ကြွင်းကျန်ခဲ့တဲ့ ဓာတ်တော်များက ရောင်ခြည်တော်လွှတ်မှု၊ တန်ခိုးပြာဋိဟာပြမှုကိုတော့ သိပ္ပံအမြင်နှင့် နှိုင်းယှဉ် တွေးခေါ်ပြီး သံသယအမြင်နှင့် ပြောဆိုလာကြပါတယ်။ ဖြစ်နိုင်ပါသလားဆိုတဲ့ စူးစမ်းမှုတွေနှင့် စာရေးသူကိုယ်တိုင် အမေးခံရဖူးပါတယ်။

ဒီနေရာမှာ အထူးသတိပြုသင့်တာတစ်ခုက အဆင့်မြင့်နာမ်ပိုင်းဆိုင်ရာကိစ္စတွေမှာ သိပ္ပံအမြင်ဖြင့် တိုင်းတာအဖြေမရှာသင့်ဘူးဆိုတဲ့ အချက်ပါပဲ။ မျက်မှောက်ခေတ် သိပ္ပံပညာရပ်ဟာ အံ့သြမကုန်နိုင်လောက်အောင် တိုးတက်ပါတယ်။ အဆင့်မြင့်လှပါတယ်။ နောင်လည်း ယခုထက် တိုးတက်ဦးမှာပါပဲ။ ဘယ်လောက်ပဲ တိုးတက်ပါစေ အားလုံးဟာ နာမ်တရားရဲ့ စီမံချယ်လှယ်မှုအောက်မှာ ဖြစ်ပေါ်ရတာ-ဆိုတဲ့အချက်ကို မမေ့သင့်ပါဘူး။ သိပ္ပံပညာရပ် တိုးတက်ထွန်းကားမှုအားလုံးဟာ နာမ်တရားဖြစ်တဲ့ စိတ်နှင့်တွေးတောကြံဆမှုမှတစ်ဆင့် စမ်းသပ်တီထွင်လို့ ဖြစ်ပေါ်လာရတဲ့အရာတွေ ဖြစ်လို့ပါပဲ။

ရှင်တော်မြတ်ဘုရားရဲ့ “စိတ္တေန နီယတိ လောကော = လောကကြီးတစ်ခုလုံးကို စိတ်ဆောင်ထားတယ်။ စိတ္တေန ပရိကဿတိ = စိတ်က ဆွဲငင်ထားတယ်။ စိတ္တဿ ဧကဓမ္မဿ သဗ္ဗေဝ ဝသမနွဂူ = အရာအားလုံး စိတ်အလိုသို့ လိုက်ကြရတယ်” ဆိုတဲ့ ဒေသနာတော်ကို သဘောပေါက်ရင် နာမ်တရားရဲ့စွမ်းအားနှင့် သိပ္ပံတိုးတက်မှုကိစ္စကို နားလည်လိမ့်မယ်ထင်ပါတယ်။

ကဲ- ရောင်ခြည်တော်လွှတ်မှုနှင့်စပ်ပြီး ဆက်လက်လေ့လာကြည့်ကြရအောင်။


ရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် အလောင်းတော်ကို မီးပူဇော်ကြတဲ့အခါ သင်းကျစ်တော်တစ်ဆူ၊ စွယ်တော်လေးဆူနှင့် ညှပ်ရိုးတော်နှစ်ဆူဟာ အကွဲမပျက် ပကတိအတိုင်းကျန်ခဲ့ကြောင်း၊ အဲဒီခုနစ်မျိုးကို အသမ္ဘိန္န ဓာတ်တော်လို့ခေါ်ကြောင်း၊ ကျန်တဲ့ အသွေးတော် အသားတော် အရိုးတော်စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့ ပုံစံသုံးမျိုးဖြင့် ကြွင်းကျန်ခဲ့ကြောင်း၊ အကြီးဆုံးအမျိုးအစားက ပဲနောက်စေ့ ခန့်ရှိပြီး ရွှေရောင်အဆင်းရှိကြောင်း၊ ငါးပြည်သားရှိကြောင်း၊ အလတ်အမျိုးအစားက ဆန့်စေ့ကျိုးခန့်ရှိပြီး ပုလဲအဆင်းရှိကြောင်း၊ ငါးပြည်သား ရှိကြောင်း၊ အငယ်အမျိုးအစားက မုန်ညင်းစေ့ခန့်ရှိပြီး မြလေးငုံအဆင်းရှိကြောင်း၊ ခြောက်ပြည်သားရှိကြောင်း ကျမ်းဂန်တွေမှာ မိန့်ဆို တော်မူကြပါတယ်။

ဒါ့ပြင် အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ ပရိနိဗ္ဗာန်စံဝင်တော်မူကြတဲ့အခါ ဓာတ်တော်များ ကြွင်းကျန်ခဲ့ကြောင်း၊ ဓာတ်တော်များကို ဌာပနာပြီး စေတီတည်ဖို့ရာ ရှင်တော်မြတ်ဘုရားကိုယ်တိုင် ညွှန်ကြားတော်မူခဲ့ကြောင်း တွေ့ရပါတယ်။ အရှင်အာနန္ဒာမထေရ်မြတ် ပရိနိဗ္ဗာန်ဝင်တဲ့ အခါလည်း မထေရ်မြတ်ရဲ့ အဓိဋ္ဌာန်အတိုင်း ရောဟိနီမြစ်ရဲ့ ကမ်းတစ်ဘက်တစ်ချက်သို့ ဓာတ်တော်များ တဝက်စီကျတော်မူကြောင်း တွေ့ရသလို၊ အခြားရဟန္တာအရှင်မြတ်များ သက်တော်ထင်ရှားရှိစဉ်က အဓိဋ္ဌာန်တော်မူခဲ့ရင်လည်း ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အခါ ဓာတ်တော်များ ကြွင်းကျန်ကြောင်း ကျမ်းဂန်တွေမှာ တွေ့ရပါတယ်။

ဒီဓာတ်တော်တွေဟာ ယခုအခါ ကမ္ဘာအနှံ့ ပျံ့နှံ့တည်ရှိနေပါပြီ။ စာရေးသူတို့နိုင်ငံမှာလည်း ဒီဓာတ်တော်တွေကို ဌာပနာပြီး တည်ထားတဲ့ စေတီတော် ရုပ်ပွားတော်တွေဟာ နိုင်ငံနှင့်အဝှမ်း ရှိနေပါတယ်။ ဒီတော့ အရာဌာန အခါအားလျော်စွာ ဒီဓာတ်တော်တွေက ရောင်ခြည်လွှတ်မှု၊ တန်ခိုးပြမှုတွေ ရှိတတ်ပါတယ်။ ဒီလိုဖြစ်ပေါ်မှုနှင့်ပတ်သက်လို့ ယုံသူရှိသလို မယုံချင်သူလည်း ရှိမှာပါပဲ။ ပြောကြဆိုကြ ဆွေးနွေးကြ မေးမြန်းကြတာတွေကတော့ အမြဲလို ကြုံနေရပါတယ်။

ဒီအကြောင်းနှင့်ပတ်သက်လို့ စာရေးသူငယ်စဉ်က ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြောပြချင်ပါတယ်။ စာရေးသူ ဆယ်နှစ်သား ဝန်းကျင်လောက်ကပေါ့။

စာရေးသူတို့ရွာရဲ့ အရှေ့ဘက်မှာ အိမ်ခြေတစ်ရာခန့်ရှိတဲ့ ရွာတစ်ရွာရှိပါတယ်။ အဲဒီရွာရဲ့တောင်ဘက်မှာတော့ တောင်-မြောက်နှစ်မိုင် ခန့်ရှည်လျားတဲ့ တောတန်းရှည်ကြီးတစ်ခု ရှိပါတယ်။ လက်ပံပင်တွေ အများဆုံးဖြစ်ပြီး ညောင်ပင်၊ ပေါက်ပင်စတဲ့ အခြားအပင်ကြီးတွေ ထူထပ်စွာပေါက်နေတဲ့ တောတန်းကြီးပါ။ အဲဒီတောစပ်မှာ စေတီတော်တစ်ဆူရှိပါတယ်။ နှစ်ကာလကြာမြင့်ရုံသာမက ပြုပြင်စောင့်ရှောက်မှု အားနည်းတာရယ်၊ တောထဲမှာဖြစ်လို့ လူသူအရောက် နည်းတာရယ်တွေကြောင့် ခြုံနွယ်များဖုံးအုပ်ပြီး စေတီတော် ပြိုကျပျက်စီးနေပါတယ်။ ဆယ့်ငါးပေလောက်အမြင့်ရှိတဲ့ အုတ်ပုံသာသာ ဖြစ်နေပါတယ်။

စာရေးသူတို့ရွာနှင့် အဲဒီတောတန်းကို နှစ်မိုင်လောက်ကျယ်တဲ့ လယ်ကွင်းပြင်ကြီး ခြားထားပါတယ်။ စာရေးသူတို့ရွာတောင်ဘက်မှာလည်း တောင်-မြောက် နှစ်မိုင်လောက်ရှည်တဲ့ လမ်းတစ်ခု ရှိပါတယ်။ မြစ်ဆိပ် ပင်လယ်ကမ်းခြေသို့ ဆင်းတဲ့လမ်းပါ။

တစ်ခုသော ညနေစောင်းမှာပေါ့။ စာရေးသူဟာ သူငယ်ချင်းတစ်ယောက်နှင့်အတူ မြစ်ဆိပ်သို့သွားရင်း လယ်ကွင်းပြင်ကြီးတစ်ဖက်မှာရှိတဲ့ လက်ပံတောဆီသို့ အမှတ်မထင် လှမ်းကြည့်မိပါတယ်။ ဒီအခါမှာ အလွန်ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပါတော့တယ်။ ထူးဆန်းလွန်း လို့ အံ့သြမှုနှင့်အတူ ခြေလှမ်းများရပ်တန့်ပြီး ငေးမောကြည့်နေမိတဲ့အထိပါပဲ။

မာကျူရီမီးလုံး အလုံးနှစ်ဆယ်ခန့် စုပြီးထွန်းထားသလို စေတီတော်တစ်ခုလုံး ဖြူဖွေးတောက်ပါနေပါတယ်။ တောက်ပါတယ်ဆိုပေမဲ့ နေရောင်လို မျက်စိကျိန်းအောင် တောက်ပတာမျိုး မဟုတ်ပါဘူး။ လရောင်လို အေးမြတဲ့ တောက်ပမှုမျိုးပါ။ အရောင်တွေ]ာ တဖြည်းဖြည်း ဘေးသို့ဖြန့် ထွက်သွားလိုက်၊ ပြန်စုသွားလိုက်၊ ပမာဏကြီးသွားလိုက်၊ ငယ်သွားလိုက် ဖြစ်နေပါတယ်။

ရုတ်တရက်မြင်တွေ့ရတာကြောင့် ကလေးသဘာဝမို့ စာရေးသူ ကြောက်လန့်သွားပါတယ်။ ဒါပေမဲ့ ကြည့်တောင်းတာနဲ့ သူငယ်ချင်းနှင့်အတူ ရပ်ကြည့်နေမိပါတယ်။ အတော်ကြာတော့မှ လူကြီးတစ်ယောက် ဖြတ်သွားတာတွေ့ရလို့ ပြောပြလိုက်ပါတယ်။ ဒီအခါ “ဟဲ့၊ အဲဒါ စေတီတော်က ရောင်ခြည်တော်လွှတ်နေတာ၊ ကံကောင်းလို့ ဖူးခွင့်ရတာ ဖူးကြ ဖူးကြ” ဆိုပြီး အဲဒီလူကြီး ထိုင်ပြီး ဦးချပါတော့တယ်။ ဒီတော့မှ စာရေးသူတို့လည်း ဦးချကန်တော့ဖို့ သတိရကြပါတော့တယ်။

ဖြူဖွေးတောက်ပတဲ့ ရောင်ခြည်တော်တွေဟာ စပြီးတွေ့စဉ်ကအတိုင်းပဲ တဖြည်းဖြည်း ပတ်ဝန်းကျင်သို့ ဖြန့်ထွက်သွားလိုက်၊ ပြန်စုသွားလိုက်၊ ကြီးလာလိုက်၊ သေးသွားလိုက်နဲ့ နာရီဝက်ခန့်အကြာမှာတော့ တဖြည်းဖြည်း သေးသွားပြီး လုံးဝပျောက်ကွယ်သွားပါတော့တယ်။ ရွာသို့ပြန်ရောက်လို့ လူကြီးတွေကို ပြောပြတဲ့အခါ လူကြီးတစ်ယောက်က “အချို့လပြည့်နေ့တွေမှာ ဒီစေတီတော်က ရောင်ခြည်တော် ကွန့်မြူးတတ်တယ်လို့ ရှေးလူကြီးများပြောကြတာ ကြားဖူးကြောင်း” ပြောပြပါတယ်။ ရောင်ခြည်တော်ကွန့်မြူးနေတဲ့ပုံရိပ်ဟာ စာရေးသူရဲ့ မျက်စိအာရုံမှာ ယနေ့တိုင် မြင်ယောင်နေဆဲပါပဲ။

ဓာတ်(စေတီ)တော်များ တန်ခိုးပြာဋိဟာပြမှုနှင့်ပတ်သက်လို့ စာရေးသူ အလှမ်းမီသလောက် လေ့လာကြည့်ပါတယ်။ ဓာတ်တော်များ တန်ခိုးပြနိုင်စွမ်းရှိတာနဲ့ပတ်သက်လို့ ခိုင်လုံတဲ့အထောက်အထား အတော်များများ ကျမ်းဂန်တွေမှာ တွေ့ရပါတယ်။

အသောကဘုရင်ကြီးလက်ထက်မှာ ဘုရင်ကြီးရဲ့မြေးတော် သုမနသာမဏေဟာ ဘုရင်ကြီးဆီက ဓာတ်တော်အချို့နှင့် သိကြားမင်းဆီက လက်ယာညှပ်ရိုးတော်ကို သီဟိုဠ်ကျွန်းသို့ ပင့်ဆောင်ခဲ့ကြောင်း၊ အသောကဘုရင်ကြီးလှူလိုက်တဲ့ ဓာတ်တော်များကို စေတိယတောင် စေတီတော်မှာ ဌာပနာပြီး လက်ယာညှပ်ရိုးတော်ကို ထူပါရုံစေတီတော်မှာ ဌာပနာကြောင်း၊ ဓာတ်တော်ဌာပနာပိတ်ပွဲမှာ လက်ယာညှပ်ရိုးတော်ဟာ ထန်းခုနစ်ဖျားမျှ အမြင့်သို့ပျံကြွပြီး ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးတော်မူကြောင်း၊ သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ရှင်တော်ဘုရား ရေမီးအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသလို တန်ခိုးပြာဋိဟာများ ပြတော်မူကြောင်း ပါရာဇိကကဏ္ဍအဋ္ဌကထာမှာ မိန့်ဆိုထားပါတယ်။

နောက်တစ်ခုက ရှင်တော်ဘုရားရဲ့ဓာတ်တော်တွေကို လူတွေ မပူဇော်မကိုးကွယ်ကြတော့တဲ့အခါ ကမ္ဘာလောကအနှံ့ရောက်ရှိနေတဲ့ ဓာတ်တော်တွေဟာ မဟာဗောဓိမဏ္ဍိုင်သို့ ကြွရောက်စုဝေးကြမည်ဖြစ်ကြောင်း၊ နတ်ဘုံ ဗြဟ္မာ့ဘုံ နဂါးဘုံမှာရှိတဲ့ ဓာတ်တော်များလည်း ဗောဓိမဏ္ဍိုင်သို့ ကြွရောက်ကြမည်ဖြစ်ကြောင်း၊ ဓာတ်တော်များ အားလုံးစုပေါင်းမိတဲ့အခါ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး လက္ခဏာတော်ငယ် ရှစ်ဆယ်၊ တစ်လံမျှ ရောင်ခြည်တော်များ ကွန့်မြူးပြီး သက်တော်ထင်ရှား မြတ်စွာဘုရားကျက်သရေတော်ဖြင့် သီတင်းသုံးမှာဖြစ်ကြောင်း၊ သာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ ယမကတန်ခိုးပြာဋိဟာ ပြတော်မူသလို တန်ခိုးပြာဋိဟာပြတော်မူမှာဖြစ်ကြောင်း၊ အဲဒီနောက် တေဇောဓာတ် မီးအလျံများ ဓာတ်တော်များမှထွက်ပေါ်လာပြီး ဓာတ်တော်များအားလုံး မီးလောင်ကျွမ်းသွားမှာဖြစ်ကြောင်း အင်္ဂုတ္တရ အဋ္ဌကတာမှာ ပြဆိုထားတာ တွေ့ရပါတယ်။

ပြီးတော့ သင်းကျစ်တော်နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခု ရှိပါသေးတယ်။ သီဟိုဠ်ကျွန်းမှာ သီတင်းသုံးတော်မူတဲ့ မဟာဒေဝ မထေရ်မြတ်ဟာ ဆရာစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ မြတ်စွာဘုရား သင်းကျစ်တော်မြတ်ကို ဟတ္ထောဋ္ဌ ဇနပုဒ်သို့ ပင့်ဆောင်ပြီး ကုက္ကုဋတောင်ကြား အင်ကြင်းပင်ကြီးအနီးမှာ ပူဇော်ထားကြောင်း၊ မထေရ်မြတ်ကိုယ်တိုင် အဲဒီမှာ သီတင်းသုံးနေထိုင်ကြောင်း၊ မဟာကာဠဆိုတဲ့ ဥပါသကာတစ်ယောက်ဟာ ဇနီးသားသမီးများနှင့်အတူ မထေရ်မြတ်ကို ပြုစုလုပ်ကျွေးရင်း ပန်း နံ့သာစသည်ဖြင့် သင်းကျစ်တော်ကို အမြဲပူဇော် လေ့ရှိကြောင်း၊ လဆန်း လဆုတ် ဥပုသ်နေ့တွေမှာ သင်းကျစ်တော်မှ ရောင်ခြည်တော်များ အမြဲကွန့်မြူးတာကြောင့် သရဏဂုံသီလ ဆောက်တည်သူ၊ ပန်း နံ့သာလှူဒါန်းသူတို့ဖြင့် အမြဲစည်းကားနေကြောင်း။

ဒေဝါနံပိယတိဿမင်းရဲ့နောင်တော် မဟာနာဂမင်းသား မဟာဂါမမှာ အိမ်ရှေ့မင်းအဖြစ် ခံယူပြီးတဲ့အခါမှာတော့ သင်းကျစ်တော် သတင်းစကားကို ကြားသွားကြောင်း၊ အိမ်ရှေ့မင်းသားဟာ သင်းကျစ်တော်ရှိရာသို့သွားပြီး ဖူးမြှော်ကန်တော့ကြောင်း၊ အဲဒီနောက် မဟာဒေဝ မထေရ်ရဲ့ ခွင့်ပြုတော်မူချက်အရ မဟာဂါမသို့ပင့်ဆောင်ပြီး ကြီးကျယ်ခမ်းနားတဲ့ ဓာတ်တော်အိမ် ဆောက်လုပ်ပူဇော်ကြောင်း၊ မဟာဂါမသို့ ရောက်တဲ့အခါလည်း ဥပုသ်နေ့တွေမှာ ရောင်ခြည်တော်များ ကွန့်မြူးတော်မူကြောင်း။

ကာကဝဏ္ဏတိဿမင်းလက်ထက် ရောက်တဲ့အခါမှာတော့ သင်းကျစ်တော်ကို မဟာစေတီမှာ ဌာပနာကြောင်း၊ ဌာပနာပွဲမှာ သင်းကျစ် တော်ဟာ သက်တော်ထင်ရှား ဘုရားအသွင်တော်ဖြင့် ရေမီးအစုံ ယမကတန်ခိုးပြာဋိဟာကို ပြတော်မူကြောင်း ဓာတုဝံသမှာ ပြဆိုထား တာ တွေ့ရပါတယ်။

ဆက်ပြီးလေ့လာကြည့်တဲ့အခါ ဓာတ်တော်များနှင့်ပတ်သက်ပြီး မိလိန္ဒမင်းကြီးမေးလို့ အရှင်နာဂသေနမထေရ်မြတ် ဖြေဆိုခဲ့တဲ့အချက်တချို့ကို တွေ့ရပါတယ်။ မထေရ်မြတ်က အကြောင်းသုံးမျိုးကြောင့် ဓာတ်(စေတီ)တော်များ ရောင်ခြည်တော်ကွန့်မြူးတတ်ကြောင်း မိန့်ဆိုချက်တွေပါ။ အဲဒီအချက်တွေကို မိလိန္ဒပဥှာမှာ တွေ့နိုင်ပါတယ်။ အကျဉ်းချုပ်ပြီး လေ့လာကြည့်မယ်ဆိုရင် -

ပဌမအချက်က - လူနတ်ဗြဟ္မာ သတ္တဝါတွေကို ချီးမြှောက်တော်မူလိုတာကြောင့် ရဟန္တာအရှင်မြတ်အချို့ဟာ “ပရိနိဗ္ဗာန်စံဝင်ပြီးနောက် မိမိရဲ့ ဓာတ်(စေတီ)တော်မှာ ဘယ်လိုတန်ခိုးပြာဋိဟာတွေ ဖြစ်ပေါ်ပါစေ” လို့ အဓိဋ္ဌာန်တော်မူတတ်ကြောင်း၊ ဒီလိုအဓိဋ္ဌာန်ထားတော်မူခဲ့ရင် မထေရ်မြတ်ရဲ့ ဓာတ်(စေတီ)တော်မှာ တန်ခိုးပြာဋိဟာများ ဖြစ်ပေါ်တတ်ကြောင်း၊ ဒါဟာ ရဟန္တာမထေရ်မြတ် အဓိဋ္ဌာန်မှုကြောင့် ဓာတ်(စေတီ) တော်မှ တန်ခိုးပြာဋိဟာများ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊

ဒုတိယအချက်က - နတ်တွေဟာ လူသားများကို ချီးမြှောက်လိုတာကြောင့် ဓာတ်(စေတီ)တော်မှာ တန်ခိုးပြာဋိဟာဖြစ်ပေါ်ဖို့ရာ အဓိဋ္ဌာန် တတ်ကြကြောင်း၊ ဒီအခါမှာလည်း ဓာတ်(စေတီ)တော်မှာ တန်ခိုးပြာဋိဟာများ ဖြစ်ပေါ်လာတတ်ကြောင်း၊ နတ်တွေက “ဓာတ်(စေတီ)တော်မှ ဒီလိုတန်ခိုးပြာဋိဟာများ ဖြစ်ပေါ်ခြင်းဖြင့် သာသနာတော်ဟာ သတ္တဝါတွေကို အမြဲထောက်ပံ့ရာရောက်လိမ့်မယ်၊ တန်ခိုးပြာဋိဟာကို ဖူးမြင်ရတာကြောင့် သာသနာတော်အပေါ် ယုံကြည်အားကိုးလာပြီး ကောင်းမှုကုသိုလ်များ တိုးပွားလုပ်ဆောက်လာကြလိမ့်မယ်” ဆိုတဲ့ ရည်ရွယ်ချက်နှင့် ပြုလုပ်ကြခြင်းဖြစ်ကြောင်း၊ ဒါဟာ နတ်တွေရဲ့အဓိဋ္ဌာန်ကြောင့် ဓာတ်(စေတီ)တော်က တန်ခိုးပြာဋိဟာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း။

တတိယအချက်က - ယုံကြည်မှုသဒ္ဓါ အသိပညာအားကောင်းတဲ့ အမျိုးကောင်းသား(အမျိုးကောင်းသမီး)က ပန်း နံ့သာ အဝတ်စသည် တစ်ခုခုလှူဒါန်းပူဇော်ပြီး “ဓာတ်(စေတီ)တော်မှ ဘယ်လိုတန်ခိုးပြာဋိဟာများ ပေါ်ထွက်ပါစေ” လို့ အဓိဋ္ဌာန်တတ်ကြောင်း၊ အဲဒီလို အဓိဋ္ဌာန်မှုကြောင့်လည်း ဓာတ်(စေတီ)တော်မှာ တန်ခိုးပြာဋိဟာများ ဖြစ်ပေါ်လာတတ်ကြောင်း၊ ဒါဟာ သဒ္ဓါပညာအားကောင်းတဲ့ အမျိုးကောင်းသား(အမျိုးကောင်းသမီး) အဓိဋ္ဌာန်မှုကြောင့် ဓာတ်(စေတီ)တော်မှ တန်ခိုးပြာဋိဟာများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြဆိုထားပါတယ်။

မိလိန္ဒပဥှာပါ ဒီစကားရပ်တွေဟာ ရဟန္တာအရှင်မြတ်များရဲ့ ဓာတ်(စေတီ)တော်ကို ရည်ညွှန်းပြောဆိုတဲ့ စကားရပ်တွေ ဖြစ်ပါတယ်။ မိလိန္ဒမင်းကြီးက ရဟန္တာအရှင်မြတ်များရဲ့ ဓာတ်(စေတီ)တော်ကို ရည်ညွှန်းမေးတာကြောင့် မထေရ်မြတ်ကလည်း ဒါကိုပဲ ရည်ညွှန်းဖြေဆိုခဲ့လို့ပါ။ ဒီသဘောကို ပိုပြီးပေါ်လွင်စေတဲ့အချက်က - ဒီလိုအဓိဋ္ဌာန်မှု သုံးမျိုးထဲက တစ်မျိုးမျိုးမရှိရင် အဘိညာဉ်ခြောက်ပါးနှင့်ပြည့်စုံတဲ့ ရဟန္တာဖြစ်ပါစေ မထေရ်မြတ်ရဲ့ ဓာတ်(စေတီ)တော်က တန်ခိုးပြာဋိဟာပြမှု မရှိဘူး-လို့ မိန့်ဆိုထားလို့ပါပဲ။

ဒါပေမဲ့ ဒီစကားရပ်တွေဟာ ရှင်တော်မြတ်ဘုရားရဲ့ ဓာတ်တော်တွေနှင့်လည်း သက်ဆိုင်မယ့်စကားပါ။ အကြောင်းကတော့ ထူပဝံသ ဓာတုဝံသ ကျမ်းများကို လေ့လာကြည့်တဲ့အခါ ရှင်တော်ဘုရားရဲ့ ဓာတ်တော်များမှ ရောင်ခြည်လွှတ်မှု၊ တန်ခိုးပြာဋိဟာများပြမှုတွေဟာ အကြောင်းမဲ့ အလိုအလျောက် ဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲ ရှင်တော်ဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က အဓိဋ္ဌာန်တော်မူခဲ့တဲ့အတိုင်း သူ့အချိန်ကာလရောက်လာတော့မှ ဖြစ်ပေါ်လာကြောင်း တွေ့ရလို့ပါပဲ။

ဒီတော့ - ရှင်တော့မြတ်ဘုရားရဲ့ ဓာတ်တွေ၊ ရဟန္တာအရှင်မြတ်များရဲ့ ဓာတ်တော်များဟာ သက်မဲ့ဖြစ်ပေမဲ့ -
၁။ ရှင်တော်ဘုရား၊ ရဟန္တာအရှင်မြတ်များက ဘယ်အချိန် ဘယ်ကာလမှာ မိမိဓာတ်တော်က ဘယ်လိုတန်ခိုးပြာဋိဟာကိုပြပါစေ- လို့ သက်တော်ထင်ရှားရှိစဉ်က အဓိဋ္ဌာန်တော်မူခဲ့ရင်ဖြစ်စေ၊
၂။ နတ်တွေက အဓိဋ္ဌာန်ရင်ဖြစ်စေ၊
၃။ သဒ္ဓါ ပညာအားကောင်းတဲ့ အမျိုးကောင်းသား(အမျိုးကောင်းသမီး)က အဓိဋ္ဌာန်ရင်ဖြစ်စေ ရောင်ခြည်တော်ကွန့်မြူးခြင်း၊ တန်ခိုးပြာဋိဟာပြခြင်း များ ဖြစ်ပေါ်တတ်ကြောင်း တွေ့မြင်နိုင်ပါတယ်။

ပြဆိုခဲ့တဲ့ ကျမ်းဂန်အထောက်အထားတွေကို ပြန်ပြီးသုံးသပ်ကြည့်ရင် - ဓာတ်တော်တွေဟာ သက်မဲ့အရာဝတ္ထုတွေဖြစ်တာမှန်တယ်။ ဒါပေမဲ့ သာမန်အရာဝတ္ထုတွေတော့ မဟုတ်ဘူး။ ရောင်ခြည်တော် ကွန့်မြူးနိုင်လောက်အောင် စွမ်းရည်သတ္တိရှိတဲ့အပြင် သက်ရှိတွေရဲ့ အဓိဋ္ဌာန်မှုနှင့် တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတွေဖြစ်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် - ဓာတ်တော်များ ရောင်ခြည်တော်ကွန့်မြူးမှု၊ တန်ခိုးပြာဋိ ဟာပြမှုတွေနှင့်ပတ်သက်လို့ သံသယဖြစ်စရာမရှိကြောင်း နားလည်နိုင်လောက်ပြီ ထင်ပါတယ်။

ဒါပေမဲ့ ယုံလွယ်သူဟာ အလိမ်ခံရတတ်တဲ့ သဘာဝကိုတော့ မေ့မထားသင့်ပါဘူး။ စက်မှုနည်းပညာတိုးတက်တဲ့ ယနေ့လိုခေတ်အခါမှာ ဘာသာရေးနှင့်ပတ်သက်လို့ အလိမ်မခံရအောင် သတိထားဖို့တော့ လိုအပ်ပါတယ်။ အလိမ်ခံရတဲ့အထဲမှာ ဘာသာရေးနဲ့ အလိမ်ခံရမှုဟာ တခါတရံ သံသရာနဲ့ချီပြီး နစ်နာတတ်ပါတယ်။ ဥပမာ - အဇာတသတ်မင်းလိုပေါ့။ ။

အရှင်နန္ဒသေနာလင်္ကာရ
သာမဏေကျော်၊ ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ MA

မေတ္တာများဖြင့်

အရှင်သိရိန္ဒ
 မေတ္တာဥယျာဉ်
https://www.facebook.com/photo.php?fbid=428129293951574&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...