စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ တကယ်မသေခင် အစမ်းသေကြည့်ကြရအောင် ”


••••••••••••••••••••••••••••••••••••••••••

ဒီဘ၀ဒီခန္ဓာနဲ့ သံသရာဝဋ်ဇာတ် အမြစ်ပြတ်အောင် အားမထုတ်နိုင်သေးဘူးဆိုရင်တော့ သေလွန်ပြီးတဲ့နောက် ကောင်းရာသုဂတိရောက်ဖို့ကိစ္စကို အရေးတကြီး ထည့်သွင်းစဉ်းစားရပါဦးမယ်။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာပုဂ္ဂိုလ်များကတော့ ကောင်းရာသုဂတိရောက်ဖို့ သေချာပြီးသားပါ။ အောက်ဆုံး အရိယာဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားပြီဆိုရင်ပဲ အပါယ်လေးပါးဆိုတဲ့ မကောင်းရာဒုဂ္ဂတိကို လုံးဝ မရောက်နိုင်တော့ပါဘူး။
သောတာပန်ပုဂ္ဂိုလ် သေလွန်ခါနီးမှာ အပါယ်လေးပါး ကျရောက်သွားစေနိုင်တဲ့ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာနိုင်တော့ပါဘူး။

သောတာပန်မှ မဖြစ်သေးဘူးဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲဖြစ်ဖြစ်၊ ဘယ်လောက် အဆင့်မြင့်တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်လာပြီး အပါယ်လေးပါး ကျရောက်သွားနိုင်ပါတယ်။
တကယ်သေလွန်ခါနီးအချန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို့အတွက် မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် အသေလေးနဲ့ လေ့ကျင့်ထားရပါမယ်။

“အသေကြီး”ဆိုတာ ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံးအပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ။ တကယ်သေသွားတာကို ပြောတာပါ။ “အသေလေး”ဆိုတာကတော့ ဘ၀တစ်နေ့တာရဲ့ နောက်ဆုံး အိပ်စက်ခြင်းကိုပြောတာပါ။ တဒင်္ဂ၊ တစ်ခဏ သေသလိုဖြစ်သွားတာကို ပြောတာပါ။ အသေကြီးဆိုတာ မနိုးသောအိပ်စက်ခြင်းဖြစ်ပြီး အသေလေးဆိုတာ နိုးသောအိပ်စက်ခြင်း ဖြစ်ပါတယ်။

မနိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်မှာ အကောင်းဆုံး အနေအထားဖြစ်နေဖို့အတွက် နိုးသောအိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီးအချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

အသေကြီးနဲ့ သေခါနီးအချိန်မှာ အာရုံကောင်း၊ နိမိတ်ကောင်းတွေ ထင်မြင်နေဖို့အတွက်

အသေလေးနဲ့ သေခါနီးအချိန်ကို အာရုံကောင်း၊ နိမိတ်ကောင်းတွေနဲ့ ထုံမွှမ်းပေးထားရပါမယ်။
ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။ ညအိပ်တော့မယ်လို့ မျက်စိမှိတ်လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံကောင်းတွေ ကုသိုလ်အာရုံတွေပဲ ထင်မြင်နေစေရပါမယ်။

ကုသိုလ်အာရုံက ဒါနအာရုံ၊ သီလအာရုံ၊ သမထအာရုံ၊ ၀ိပဿနာအာရုံလို့ လေးမျိုးရှိပါတယ်။
တကယ်သေခါနီးအချိန်မှာ ဘယ်ကုသိုလ်အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်ကို အာရုံယူလို့ရမယ်ဆိုတာ ကြိုတင်မသိနိုင်တဲ့အတွက် အိပ်ခါနီးအချိန်မှာ ကုသိုလ်အာရုံလေးမျိုးလုံးကို ယူထားရပါမယ်။

စနစ်တကျ ကြိုတင်လေ့ကျင့်ထားတာတောင်မှ တကယ့်တကယ်သေခါနီးကျတော့ ဘယ်ကုသိုလ်ကို အာရုံယူရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သိခဲ့ရင်တောင်မှ အင်အားကြီးမားတဲ့ အစွဲအလမ်းအာရုံကို အာရုံယူဖို့ ခက်ခဲနေတတ်ပါတယ်။
ဒါ့ကြောင့် ညအိပ်ခါနီးအချိန်ကို တကယ်သေခါနီးအချိန်လို သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။

♦ ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်အထိ ဘ၀တစ်သက်တာမှာ ပြခဲ့တဲ့
ဒါနကောင်းမူတွေထဲက ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမူတစ်ခုခုကို အာရုံပြုရပါမယ်။
အဲဒီဒါနကောင်းမူဟာ ငွေကြေးအကုန်အကျအနေနဲ့ နည်းချင်လည်းနည်းမယ်၊ များချင်လည်းများမယ်၊ လုံးဝမကုန်ကျဘဲရင်လည်း ရှိမယ်။
အကုန်အကျအနည်းအများက အဓိက မဟုတ်ပါဘူး။ ကိုယ်တကယ် နှစ်သက်ကျေနပ်ဖို့၊ ကိုယ်တကယ် ၀မ်းမြောက်ပီတိဖြစ်ဖို့က အဓိကပါ။
အကုန်အကျများတိုင်း အကျိုးပေးထက်သန်တာ မဟုတ်ပါဘူး။ "ပီတိအားကောင်းမှ" အကျိုးပေးထက်သန်တာပါ။
ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမူကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိ ဖြစ်နေရပါမယ်။

♦ ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေ အသစ်လဲတဲ့အကျင့် စွဲစွဲမြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး(အသေလေးနဲ့ သေခါနီး) ရဲ့ အနီးကပ်ဆုံး ဒါနကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန်လွယ်ကူပါတယ်။ အေးချမ်းမူနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့အတွက် ဘ၀တစ်လျှောက်လုံး အစစအရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။

♦ သီလကုသိုလ်အနေနဲ့ အောက်ထစ်ဆုံး ငါးပါးသီလ၊ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။
ဆင်ခြင်လိုက်တဲ့အချိန်မှာ ငါးပါးသီလကို အသစ်ခံယူဆောက်တည်ပါ။ ဆောက်တည်ပြီးတဲ့အချိန်ကစပြီး မကျိုးပေါက်ပါစေနဲ့။
အိပ်တော့မယ်ဆိုတော့လည်း ကျိုးပေါက်စရာမရှိတော့ပါဘူး။ ဒါဆိုရင် ငါ အခုလို ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။
ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်းသီလ ကျင့်သုံးနေသူတွေကလည်း ကိုယ့်သီလကိုယ် ဆင်ခြင်နှလုံးသွင်းပြီး
ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်။ ကုစားသင့်တာရှိရင် မအိပ်ခင်က ကြိုတင်ကုစား ထားရပါမယ်။

♦ သမထကုသိုလ်အနေနဲ့ ကိုယ်အနှစ်သက်ဆုံး၊ ကိုယ်အကြည်ညိုဆုံး ဘုရားဂုဏ်တော် တစ်ခုခုကို ပွားများပါ။ဥပမာ၊ အရဟံဂုဏ်တော်ကို အနှစ်သက်၊ အကြည်ညိုဆုံးဆိုရင်
“အရဟံ-ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ-ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမူကို ပြုတော်မမူသော မြတ်စွာဘုရား၊
အရဟံ-ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား”လို့ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်းပွားများရပါမယ်။
ဘုရားဂုဏ်တော်ကိုးပါးလုံးကို အဓိပ္ပါယ်သိသိ ပွားနိုင်ဖို့အတွက် မြန်မာလို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို လေ့လာထားရပါမယ်။ ကျက်သင့်တာတွေကိုလည်း ကျက်ထားရပါမယ်။

♦ နောက်တစ်ခု သမထအနေနဲ့ မေတ္တာဘာဝနာ ပွားများနေရပါမယ်။
အနည်းဆုံး “သတ္တ၀ါအားလုံး ချမ်းသာကြပါစေ”လို့ သုံးခေါက်လောက် ပွားများရပါမယ်။
ကိုယ်နှစ်သက်ရာ၊ ကိုယ်အားသန်ရာ မေတ္တာပွားနည်းတွေနဲ့လည်း မေတ္တာပွားနိုင်ပါတယ်။
"ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထကုသိုလ်တွေ"
ကို အစဉ်အတိုင်း အာရုံပြု ၀မ်းမြောက်ပြီးပြီဆိုရင် နောက်ဆုံး "၀ိပဿနာကုသိုလ်" နဲ့ အိပ်လိုက်ပါတော့။

♦ နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ထားပြီး လေ၀င်ရင် “၀င်တယ်”၊ လေထွက်ရင် “ထွက်တယ်” ရူမှတ်ပြီးနေပါ။ဝင်တိုင်း၊ ထွက်တိုင်းသာ တစ်ဆက်တည်းသိနေမယ်ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။ ချက်ချင်းအိပ်ပျော်သွားပါလိမ့်မယ်။ ၀င်လေထွက်လေ ရူမှတ်ခြင်းဟာ အကောင်းဆုံးအိပ်ဆေးပါပဲ။

လေ၀င်၊ လေထွက်တိုင်း၊ ထိတွေ့ တွန်းကန်မူတွေကို သိနေမယ်ဆိုရင် လောဘ၊ ဒေါသစတဲ့ ကိလေသာတွေလည်း ဖြစ်ခွင့်မရတော့ပါဘူး။ သမာဓိ၊ ဉာဏ်ရင့်သန်ပြီးသားပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင်မှာ လေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်ပါတယ်။
ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ၊ သမထအာရုံ၊ ၀ိပဿနာအာရုံနဲ့ အိပ်စက်သွားမယ်ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီ အာရုံလေးမျိုး တစ်မျိုးမျိုးနဲ့ သေလွန်ရမှာ သေချာပါတယ်။ ကုသိုလ်အာရုံနဲ့ သေလွန်သွားသူကို ကောင်းရာသုဂတိဘုံတွေက သူဦးကိုယ်ဦး လက်ကမ်းကြိုဆိုနေကြမှာပါ။


ဒါ့ကြောင့် ညအိပ်ရာဝင်၊ ခေါင်းအုံးပေါ်ခေါင်းချ၊ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် သေနည်းလေ့ကျင့်ကြဖို့ အထူးတိုက်တွန်းလိုက်ပါတယ်။ မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ သေနည်းလေ့ကျင့်တဲ့ အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်းထားရပါမယ်။

(ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက မသေခင်ဘာလုပ်ကြမလဲ စာအုပ်မှ-)

Dhamma Danã Source ►
youngbuddhistassociation

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...