••••••••••••••••••••••••••
လောကကြီးမှာ မည်သည့် အကြောင်းနှင့်ဖြစ်စေ အကဲ့ရဲ့မလွတ်နိုင်ဟု ဘုရှားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
ထိုကြောင့် မိမိတို့ ကဲ့ရဲ့ခြင်းဆိုသည့် လောကဓံနှင့်
ကြုံလာရသည် ရှိခဲ့သော် ရန်တုံ့မပြန်မိစေရန် သတိရှိရပါမယ်။
မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တစ်နေ့၌ အတုလ ဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြပါတယ်။
♦ ရှေးဦးစွာ အရှင်ရေ၀တ ထံချဉ်းကပ် ကြပါတယ်။
အရှင်ရေ၀တသည် အနည်းငယ် နှုတ်ဆက်စကားပြောပြီး
တိတ်ဆိတ်စွာ တရားထိုင်နေလေရာ အရှင်သာရိပုတ္တရာထံ
သွားကြပါတယ်။
♦ အရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသော အဘိဓမ္မာတရား
သဘောများကို ကျယ်ဝန်းစွာ ဟောပြောရာ ငြီးငွေ့လာပြီး
သင့်တော်သော တရားကို နာယူမည်ဟုဆုံးဖြတ်၍
အရှင်အာနန္ဒာထံ သွားကြပြန်တယ်။
♦ အရှင်အာနန္ဒာက အခြေခံတရားများ၏ လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ် ဟောပြောရာ နားမရှင်းဖြစ်ကြပြန်တယ်။
ထို့နောက် မြတ်စွာဘုရား၏ ရှေ့မှောက်သို့သွားရောက်ကြ
လျှောက်ထားကြပြန်တယ်။
“အရှင်ဘုရား အရှင်ရေ၀တက တရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါတယ်။
အရှင်သာရိပုတ္တရာက ကျယ်ဝန်းစွာဟော၍ ငြီးငွေ့ကြရပါတယ်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍ နားလည်ရန်ခက်ပါတယ်။
ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါတယ်” ဟုလျှောက်ထားရာ ဘုရားရှင်က အောက်ပါအတိုင်း ဟောတော်မူခဲ့ပါတယ်။
“အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။
ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။
ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။
များစွာပြောဟော သူကိုလည်းကဲ့ရဲ့ကုန်၏။
နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။
လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ”
လောကလူများ၊ စိတ်အထာကား၊
စကားများလျှင် အပြစ်တင်၏။
နည်းလျှင်ကဲ့ရဲ့၊ ရှုံ့ချမဲ့၏။
မချဲ့လိုရင်းသင့်ရုံရှင်းလည
စိတ်တွင်မကြိုက်၊ ကဲ့ရဲ့လိုက်၏။
နှစ်ခြိုက်မှုကွာ၊ ဘာပဲမြင်မြင်၊ အပြစ်တင်သည်၊
ဤလျှင်လူ့သဘောပေတည်း။
(ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု)၊
Dhamma Danã Source ►Young Buddhist's Association
No comments:
Post a Comment