စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝေဟင်ခရီးနှင်ကြသူများ၏ ကြမ္မာ


...................................
မင်းမျိုး၊ သဇင်ဦး

အချိန်က မွန်းလွဲ ၂ နာရီ ၃၀ မိနစ်။ ဦးသက်ထွန်း (အမည်လွှဲ) တစ်ယောက် သမီးဖြစ်သူ နေထိုင်သော အရပ်သို့သွားရန် စီးနင်းရမည့် လေယာဉ်ပေါ်တွင်
နေရာယူပြီး ဖြစ်သည်။ နှစ်နာရီနီးပါး ကြာသွားရမည့်ခရီး။

ဒင်ဒေါင်ဆိုသော အသံနှင့်အတူ ခရီးသည်များ ခါးပတ်ပတ်ရန်နှင့် ခုံများတွင် စနစ်တကျထိုင်ရန် အသံလွှင့်စက်မှ သတိပေးချက် ထွက်ပေါ်လာသည်။ တလှုပ်လှုပ် တခါခါ ယိမ်းလျက် ခန္ဓာကိုယ်ကို ပင့်မြှောက်လိုက်သလို ခံစားလိုက်ရပြီး ခေါင်းထဲတွင် အနည်းငယ် မိုက်ခနဲ ဖြစ်သွားသည်။
သိမ့်ခနဲဖြစ်ပြီး ငြိမ်သက်သွားသည်နှင့် ဒုတိယအကြိမ် ဒင်ဒေါင်ဆိုသော အသံ ပြန်ပေါ်လာသဖြင့် စိတ်ချလက်ချ ဖြစ်သွားသူ ဦးသက်ထွန်းသည် အရေးပေါ် ကိစ္စရပ်များ ဖြစ်ပါက လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်စာအုပ်ကို လေ့လာကြည့်ရှု နေလိုက်သည်။

‘ဖျတ်ဖျတ်ဖျတ်’အသံနှင့်အတူ မီးခိုးများ ညှော်နံ့များ မလှမ်းမကမ်းမှ ထွက်လာသကဲ့သို့ ခရီးသွားများထံမှ“ဝါယာရှော့ခ် ဖြစ်တယ်၊ ဝါယာရှော့ခ် ဖြစ်တယ်”ဟူသော အသံများ စက္ကန့်ပိုင်းအတွင်း အလန့်တကြား ထွက်ပေါ်လာလေသည်။

အထက်ပါ အဖြစ်အပျက်များသည် ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်-စစ်တွေ ခရီးစဉ် ထွက်ခွာမည့် Air Mandalay လေယာဉ်ပေါ်တွင်
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေသို့ ထွက်ခွာမည့် Air Mandalay လေကြောင်းလိုင်းမှ ခရီးသည် တင်လေယာဉ်သည်
ကောင်းကင်သို့ ပျံတက်ပြီး ငါးမိနစ်ခန့် အကြာတွင် ခုံနံပါတ်(၂) အတန်းဘယ်ဘက်မှ ဝါယာရှော့ခ် ဖြစ်ကာ မီးပွားများ ထွက်လာပြီး ညှော်နံ့များ ထွက်လာသောကြောင့် လေယာဉ်မယ်က မီးသတ်ဘူးဖြင့် ဖျန်းပြီးနောက် ရန်ကုန်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရ သည်ဟု ကာယကံရှင် ဦးသက်ထွန်းက ပြောကြားသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၂ ခုနှစ်တွင် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်ပေါင်း ၃ သန်း ဝင်ရောက်ခဲ့သည်နှင့်အညီ
ပြည်တွင်း လေကြောင်းလိုင်းများလည်း တိုးလာခဲ့သည်။

မြန်မာနိုင်ငံတွင် Air Mandalay လေကြောင်းလိုင်း အပါအဝင် ပြည်တွင်း
လေကြောင်းလိုင်း ခုနစ်လိုင်း၊ ပြည်ပ လေကြောင်းလိုင်း ၂၂ လိုင်း ပြေးဆွဲလျက် ရှိကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အထက်ပါကဲ့သို့ ဖြစ်စဉ်များအပြင် လေယာဉ်ပျက်ကျမှု၊ လေယာဉ်စက် ချို့ယွင်းကာ လေယာဉ် ပြေးလမ်းချော်မှုများ၊ လေယာဉ်မောင်းများ၏ ဆုံးဖြတ်ချက် အမှားများ၊ သက်တမ်းရင့် လေယာဉ်များ အသုံးပြုနေဆဲ ရှိခြင်းများကြောင့် ခရီးသွားအချို့ အသက်ပေးခဲ့ရသည့် သာဓကများ ယမန်နှစ်က ဖြစ်ပွားခဲ့ကြောင်း လေ့လာသူများက ပြောကြားသည်။

လေယာဉ် မတော်တဆမှုများ ဖြစ်ပွားရခြင်းမှာ လေယာဉ်ပြင်ဆင်သည့် အင်ဂျင်နီယာနှင့် လေယာဉ် မောင်းနှင်သူများကြောင့်သော် လည်းကောင်း၊ စက်ပစ္စည်း ချို့ယွင်းမှုကြောင့် သော်လည်းကောင်း၊ ပတ်ဝန်းကျင် ရာသီဥတုကြောင့် သော်လည်းကောင်း မည်သည်ကြောင့် ဖြစ်ရ သည်ကို
ပြန်လည် သုံးသပ်ပြီး လူကြောင့် ဖြစ်သည်ဆိုပါက လေယာဉ်
မောင်းနှင်သူနှင့် အင်ဂျင်နီယာများ၏ အရည်အသွေး ပိုမြင့်အောင် လေ့ကျင့် ရမည်ဖြစ်ကာ ပတ်ဝန်းကျင် ရာသီဥတုကြောင့် ဖြစ်ပါက ရာသီဥတု အခြေအနေကို ခန့်မှန်း၍ ပျံသင့်မပျံသင့် ဆုံးဖြတ်သင့်ကာ မစွန့်စားသင့်ကြောင်း၊ ပစ္စည်း ကြောင့် ဖြစ်ပါက သက်ဆိုင်ရာ လေယာဉ် ထုတ်လုပ်သည့်နိုင်ငံနှင့် ဆက်သွယ် အကြောင်းကြား၍ ညှိနှိုင်း လုပ်ဆောင်သင့်ကြောင်း မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ပြောကြားသည်။


၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ လေယာဉ်ပျံတက်ချိန် နာရီပေါင်း ၃၈၉၁၈ တွင် လေယာဉ် မတော်တဆမှု ၃၃ ခု၊ ၂၀၁၁ ခုနှစ်က လေယာဉ် ပျံတက်ချိန် နာရီပေါင်း ၄၄၀၃၀ တွင် လေယာဥ မတော်တဆမှု ၄၆ ခု၊ ၂၀၁၂ ခုနှစ်က လေယာဉ် ပျံတက်ချိန် နာရီပေါင်း ၅၁၆၄၃ တွင် လေယာဉ် မတော်တဆမှု ၅၇ ခုဖြစ်ပွားခဲ့ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် စာရင်းများအရ သိရသည်။

“အခုဖြစ်ပွားနေတဲ့ ပြည်တွင်း လေယာဉ် မတော်တဆမှုတွေနဲ့ ပတ်သက်လို့ မှတ်ချက် မပေးလိုပါဘူး”ဟု MAI လေကြောင်းလိုင်း၏ ဈေးကွက်မန်နေဂျာ
ဒေါ်အေးမရသာက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI လေကြောင်းလိုင်းအနေနှင့်
လေယာဉ် မထွက်ခင် အချိန်ထိ အမြဲစစ်ဆေးကြောင်း၊ နိုင်ငံတကာသို့ ပျံသန်းရသည့် လေကြောင်းလိုင်း ဖြစ်သည့်အတွက် ပျံသန်းမှု စိတ်ချရမှသာ ပျံသန်းခွင့် ပြုကြောင်း ယခုနှစ်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သော လေယာဉ် မတော်တဆ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ ၎င်းကဆိုသည်။

ယခုနှစ် မေလ၂၇ရက်နေ့က ပြုလုပ်သော လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆွေးနွေးပွဲက လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် အချက်ခြောက်ချက်ကို ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ကြောင်း
လေကြောင်းလိုင်းများက ဝိုင်းဝန်း အကြံပြုခဲ့သည်။

ထိုဆွေးနွေးပွဲတွင် လေကြောင်းလိုင်းများ အနေနှင့် လေယာဉ်အသစ်များကို ဝယ်ယူသင့်ကြောင်း၊ မဝယ်နိုင်ပါက ငှားရမ်း ပြေးဆွဲသင့်ကြောင်းနှင့်
လေယာဉ်မှူးများကလည်း လေကြောင်း လုံခြုံရေးကို တာဝန်ယူသင့်ကြောင်း သမ္မတ၏ ညွှန်ကြားချက်ကို ကိုးကား၍ ဝန်ကြီးက ပြောကြားပြီး လေယာဉ်မှူးများ၏ ဆုံးဖြတ်ချက်နှင့် အချိန်ကိုက် လုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု ဝန်ကြီးက ၎င်း၏အမြင်ကို ဖြည့်စွက်
ပြောကြားခဲ့သည်။

“လေကြောင်းညွှန်ကြားမှု ဦးစီးဌာန (DCA) ရဲ့ စံချိန်စံညွှန်းအတိုင်း လိုက်နာရင် မတော်တဆမှုဆိုတာ ဖြစ်မယ် မထင်ဘူး၊ လေယာဉ် လုံခြုံရေး စောင့်ကြည့်တဲ့ အဖွဲ့တွေကလည်း စစ်ဆေးနေတာပဲ။
မြန်မာနိုင်ငံမှာက လေယာဉ်မှူး Pilot တွေက တစ်နှစ်ကို ပျံသန်းမှု နာရီ ၁၀၀၀ မကျော်ရဘူး။ အဲ့ဒါ တွေလည်း ဂရုစိုက်ဖို့ လိုအပ်တယ်”ဟု Air KBZ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဧည့်သည်များ တိုးမြင့် ဝင်ရောက်လာသော ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ရောက်လိုသည့် ခရီးကိုအချိန်တိုတွင်း
ရောက်ရှိနိုင်သည်ဟု ယူဆကာ ပြည်တွင်း လေကြောင်းလိုင်းများကို အသုံးပြုလာကြသဖြင့် ခရီးသွား ရာသီကာလတိုင်းတွင် စီးနင်းသည့် ပြည်ပ ဧည့်သည်များ တိုးတက် များပြားလာကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနများထံက သိရှိရသည်။

သြစတြေးလျ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ဗြိတိန်နိုင်ငံသားများ အပါအဝင် ခရီးသည် ၆၅ ဦးပါဝင်သော နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ် ပြေးဆွဲနေသော အဲပုဂံ လေကြောင်းလိုင်းပိုင် လေယာဉ်သည် ယခင်နှစ် ဒီဇင်ဘာလက ဟဲဟိုးလေဆိပ်သို့ ဆင်းသက်ချိန်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါသူ အမျိုးသမီးတစ်ဦး၊ လေယာဉ်နှင့် တိုက်မိသူ မြေပြင်မှ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး ခရီးသည် ခုနစ်ဦးနှင့် လေယာဉ်မှူးနှစ်ဦးတို့ ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။

“အဲဒီတုန်းက ဖြစ်တာဟာ လေယာဉ်မှူး တစ်ဦးအနေနဲ့ ကွင်းမပိုင်တာရယ်၊ ဆင်းလို့ရမယ့် အခြေအနေရှိလို့ ဆင်းဖို့
ချဉ်းကပ်လမ်းကို နှိမ့်ဆင်းရင်းဖြစ်တာ၊ ကွင်းမှားဆင်းတာ မဟုတ်ဘူး”ဟု တပ်မတော်လေတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ခရီးသည် လေယာဉ်များတွင် လေယာဉ်မှူးတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးလှဝင်း (လေသူရဲ)က သုံးသပ်သည်။

ထိုအချိန်က လေယာဉ်မှာ မြူပိတ်နေသည့်အတွက် မြူလွတ်စေရန် မြင်ကွင်း ရှင်းသည့် နေရာသို့ နှိမ့်ချလိုက်စဉ် ကားလမ်းရှိအပင်နှင့် အမြီးပိုင်း တိုက်မိမှုမှ စတင်ကာ ယင်းအပိုင်းရှိ ပဲ့ထိန်းပိုင်းနှင့် လေယာဉ် အတက်အဆင်းပိုင်း ထိန်းချုပ်သည့် စက်များ ချို့ယွင်းခဲ့သောကြောင့် ထိန်းချုပ်မှုမဲ့ကာ အရေးပေါ် ဆင်းသက်ခြင်းမျိုးဖြင့် မဆင်းနိုင်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

လေယာဉ် မတော်တဆမှု မဖြစ်ပွားစေရေးအတွက် လေယာဉ်မှူးများ ဆုံးဖြတ်ချက် မမှားစေရန် အထူးဂရုပြုသင့်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ယခုနှစ် မေလ ၂၇ ရက်နေ့က ပြုလုပ်သော လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လေယာဉ် မတော်တဆ မဖြစ်ပွားရေးအတွက် ဘေးကင်း လုံခြုံသည့် လေကြောင်း အတတ်ပညာ (Aviation Safety) ကို ဂရုစိုက် လုပ်ဆောင်ရန်၊ လေကြောင်းလိုင်းများ အလိုက် ဘေးကင်း လုံခြုံသည့် အစီအမံများ ပီပြင်စွာ လုပ်ဆောင်ရန်၊ ကမ္ဘာ့ လေကြောင်းအဖွဲ့ချုပ် (ICAO)၏ စံသတ်မှတ်ချက်များ၊ အကြံပြု ထောက်ခံချက်များအတိုင်း လိုက်နာကျင့်သုံးရန်၊ သတင်း အချက်အလက်နှင့် ဗဟုသုတများ မျှဝေပေးရန်၊ ဖြစ်ပွားခဲ့သော လေယာဉ် မတော်တဆမှုများကို ပြန်လည် သုံးသပ်၍ ထပ်မံ မဖြစ်ပွားစေရန် ကာကွယ်လုပ်ဆောင်ခြင်း၊
လေယာဉ်မှူးများက အချိန်ကိုက် လုပ်ဆောင်နိုင်ရန်နှင့် ဆုံးဖြတ်ချက် မမှားရန် အရေးပေါ် လုပ်ထုံးလုပ်နည်းများကို လေ့ကျင့်သွားရန် စသည်တို့ကို လေကြောင်းလိုင်းများက ဂရုတစိုက် လုပ်ဆောင်သွားရန် လိုကြောင်း လေကြောင်းလိုင်းများမှ တာဝန်ရှိသူ အသီးသီးကလည်း အဆိုပါပွဲတွင် ဆွေးနွေးခဲ့ကြသည်။ အချက်ခြောက်ချက်ကို ယခင်က လမ်းညွှန်ပြီး ဖြစ်သော်လည်း ထပ်မံအလေးထား လုပ်ဆောင်ရန် ညွှန်ကြားခြင်း ဖြစ်ကြောင်း၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်မှု၊ အုပ်ချုပ်မှုများ လစ်ဟင်းမှု မရှိစေရေးအတွက် လုပ် ဆောင်ခြင်း ဖြစ်ကြောင်း
မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ခံ ဦးမျိုးသန့်က ပြောကြားသည်။

“အရင်က အားနည်းတာမျိုးလည်း မဟုတ်ဘူး။ ဒီမတော်တဆမှုတွေ မဖြစ်အောင် အဲ့ဒီအချက်တွေ ပိုသတိထားရမယ်လို့ ဆိုလိုတာပါ”ဟု ၎င်းကရှင်းလင်း ပြောဆိုသည်။

ငါးနှစ်တာ ကာလအတွင်း ကမ္ဘာလေယာဉ် မတော်တဆ ဖြစ်ပွားမှုနှုန်း ထက် မြန်မာနိုင်ငံ၏ လေယာဉ် မတော်တဆ ဖြစ်ပွားမှုနှုန်းသည်
လေးဆခန့် မြင့်တက်လျက် ရှိကြောင်း ကမ္ဘာ့လေကြောင်း အဖွဲ့ချုပ် (ICAO)၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ စာရင်းများအရ ကမ္ဘာတွင် လေယာဉ် မတော်တဆမှု ဖြစ်ပွားမှုသည် ပျမ်းမျှ ၄ ဒသမ ၁၇ ရာခိုင်နှုန်း ရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ လေယာဉ် မတော်တဆမှု ဖြစ်ပွားမှုမှာ ပျမ်းမျှ ၁၆ ဒသမ ၆၁ ရာခိုင်နှုန်း ရှိခဲ့သဖြင့် လေးဆခန့် မြင့်တက်နေကြောင်း ယင်းထုတ်ပြန်ချက်က ဖော်ပြထားသည်။

“လေယာဉ် မတော်တဆမှုတွေ လျှော့ချနိုင်ဖို့ လေကြောင်း လိုင်းတွေကလည်း ပူးပေါင်း လုပ်ဆောင်ဖို့လိုတယ”ဟု လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဆိုသည်။

မော်လမြိုင်-ကော့သောင်း ခရီးစဉ်နှင့် ရန်ကုန်-ဟဲဟိုး-မိုင်းဆတ်-ဟဲဟိုး-ရန်ကုန် ခရီးစဉ်တို့ကို ပြေးဆွဲနေသော ပို့ဆောင်ရေးဝန်ကြီးဌာန၊
မြန်မာ့လေကြောင်းပိုင် တရုတ်နိုင်ငံထုတ် Xian MA-60
လေယာဉ်နှစ်စင်းသည် ပြီးခဲ့သည့် ရက်ပိုင်း ဇွန်လ ၁၀ ရက်နှင့် ပြီးခဲ့သည့်လ မေလ ၁၆ ရက်တို့က ကော့သောင်းနှင့် မိုင်းဆတ် လေဆိပ်များ အဆင်းတွင် အသီးသီး ပြေးလမ်းချော်ကာ ပြေးလမ်း အပြင်သို့ ရောက်ရှိ ခဲ့သည်။ ဇွန်လ ၁၀ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံတွင်လည်း မြန်မာနိုင်ငံနှင့် တစ်ရက်တည်းပင် မော်ဒယ်လ်တူ Xian MA-60တရုတ်နိုင်ငံထုတ်
လေယာဉ်တစ်စင်း မတော်တဆမှု ဖြစ်ခဲ့သေးသည်။
နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် အဆိုပါ လေယာဉ် အမျိုးအစား သုံးစင်းရှိသည်။

အဆိုပါ သတင်းများဖြင့် စိတ်မသက်မသာ ဖြစ်နေခဲ့သူ ဦးသက်ထွန်းသည် Air Mandalay လေယာဉ်ဖြင့် ဝေဟင်သို့ ငါးမိနစ်ခန့် ရောက်ရှိခဲ့ပြီး ရန်ကုန်မြေသို့ မွန်းလွဲ ၃ နာရီတွင် ပြန်လည် ခြေချနိုင်ခဲ့သဖြင့် မိမိကြမ္မာ ကောင်းသေးသည်ဟု ခံယူမိသည်။ လေကြောင်း တာဝန်ရှိသူ၏ “လေယာဉ် စက်ချို့ယွင်းတာ မဟုတ်ပါဘူး။ လျှပ်စစ်နဲ့ ပတ်သက်ပြီး ဖြစ်တာပါ။ အခုအင်ဂျင်နီယာတွေ သွားပြင်နေပါတယ်။ မကြာခင်ပြန် ထွက်တော့မှာပါ”ဟူသော တောင်းပန်စကားကို ခံယူရင်း ဦးသက်ထွန်းတစ်ယောက် လေယာဉ် ပြန်ထွက်ခွာချိန်ကို စောင့်ဆိုင်းလျက်ရှိသည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားအပြီး နောက်တစ်ရက် ဇွန်လ ၁၃ ရက်ကလည်း ဘရာဇီးနိုင်ငံ EMBRAER 190 လေယာဉ် ကုမ္ပဏီမှ ငှားရမ်းခဲ့သော မြန်မာ့လေကြောင်းပိုင် EMBRAER လေယာဉ်သည် တနင်္သာရီတိုင်း မြိတ်မြို့မှ ကော့သောင်းမြို့သို့ ပျံသန်းပြီး ကော့သောင်း လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် မွန်းလွဲ ၂ နာရီတွင် ဘီးပေါက်၍ လိုက်ပါမည့် ခရီးသည်များ တစ်ညအိပ်ခဲ့ရပြီး
လေကြောင်း ခရီးစဉ်အချို့ ရပ်နားခဲ့ရသေးသည်။ သို့ဖြစ်ရာ ယခုနှစ်အဖို့ မြန်မာနိုင်ငံတွင် မေလ ၁၆ ရက်မှ ဇွန်လ ၁၃ ရက်အထိ ၂၈ ရက်တာကာလအတွင်း လေယာဉ် မတော်တဆမှု လေးကြိမ် ကတော့ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

The Voice Weekly

https://www.facebook.com/photo.php?fbid=430892260341944&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...