စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပရဟိတစိတ်ထား နဲ့ အနုပညာရှင်

အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုသလို ပရဟိတ အကျိုးကို ဦးလည်မသုန် ဆောင်ရွက်နေကြသူတွေထဲမှာ အနုပညာရှင်တို့လည်း ပါဝင်တာတွေ့ရတဲ့အတွက် ဂုဏ်ပြုတင်ဆက်လိုက်ချင်တဲ့ ကဏ္ဍလေးကတော့ “ပရဟိတ စိတ်ထားနဲ့ အနုပညာရှင်” ပါ။
လူမင်း
”ပရိသတ်တွေအားလုံးက လက်ခုပ်တီး ရုံတင်မဟုတ်ဘဲနဲ့ ပရိသတ်တစ်ယောက်ကို တစ်ကျပ်စုရင် သန်းခြောက်ဆယ်ဆို ပိုက်ဆံ သန်းပေါင်းခြောက်ဆယ်တောင်ရမှာ။ အဲဒီလို တွေပါဝင်လာဖို့လိုတယ်။ ကိုယ်ကတော့နေရာ ဒေသစွဲမရှိပါဘူး။ ကလေးမွေးနေ့ပဲဖြစ်ဖြစ်၊ ကိုယ့်မွေးနေ့ပဲဖြစ်ဖြစ်၊ လှူချင်စိတ်ပေါက်လို့ပဲ ဖြစ်ဖြစ်၊ တိုက်ဆိုင်လို့ ကြုံလို့ပဲဖြစ်ဖြစ်၊ ဘယ် နေရာမဆိုလှူပါတယ်။ အမေများအဖွဲ့မှာ ဖုန်းမရှိဘူးဆိုတော့ ချက်ချင်းလှူလိုက်တယ်။ အမေ့ရွာကလေးတည်ပြီဆိုတော့ ဆက်သွယ်စရာ ဖုန်းလိုပြီလေ၊ ဖုန်းမရှိရင် သူတို့ကိုဘယ်သူကဆက်သွယ်မလဲ၊ အများကြီး အကျိုးရှိမယ်ထင်လို့ လှူဖြစ်လိုက်တာပါ”
နေတိုး
”အလှူလုပ်တာက လူသားချင်း စာနာတဲ့ စိတ်လေးကနေ ကုသိုလ် ဖြစ်တဲ့စိတ်ပေါ့။ အဲဒီစိတ်အပေါ် တတ်နိုင်သလောက် လှူဒါန်းရ တယ်ဆိုတာ တရားနဲ့လည်းညီ တယ်။ လူတွေဒုက္ခရောက်နေတဲ့ အချိန်မှာ စာနာနားလည်စိတ်နဲ့ အဓိကကကုသိုလ် လိုချင်တယ်ဆိုတာထက် စာနာတယ်၊ သနားတယ်၊ အဲဒီလို မေတ္တာစိတ်ကြောင့် လုပ်ဖြစ်တာ။ကျွန် တော်အရင်တုန်း က အလုပ်ကျဲ တုန်းက အိမ်မှာ စုဘူးထဲမှာ မှတ်မှတ်ရရထည့် ဖြစ်တယ်။ အခု ကျတော့ တစ် နှစ် တစ်ကြိမ် လောက် ကိုယ့် မွေးနေ့ဖြစ်ဖြစ်၊ တခြားလိုအပ်တဲ့ နေရာမှာဖြစ်ဖြစ် လှူဖြစ်တာမျိုး ရှိတယ်။  လှူတဲ့နေရာ မှာနည်းတာ၊ များတာ အဓိကမကျပါဘူး။ စိတ်ဆန္ဒပဲအရေးကြီးတာ။ ပရဟိတအလှူတွေက ကောင်းတဲ့အစီအစဉ်တစ်ခု၊ လုပ်ရပ်တစ်ခုပါ”
ဖိုးသောကြာ 
”ပြီးခဲ့တဲ့လကတော့ မိဘမဲ့ ကလေးရန်ပုံငွေလိုက်ဖ်ရှိုး စီစဉ်ဖြစ်တယ်။ ကျွန်တော်တို့ တီးဝိုင်းနဲ့ပါပဲ။ ကျွန်တော်တို့က ပရဟိတလုပ်ဖြစ်တယ်ဆိုတာ ပရိသတ်တွေရှေ့ကနေ ရှေ့ဆောင်လမ်းပြလုပ်တာတော့ မဟုတ်ဘူး။ ကျွန်တော့်ဘာသာ ကျွန်တော် စိတ်ကူးထဲမှာ လှူချင်တဲ့ စိတ်ပေါ်လာရင် လှူဖြစ်တာပါပဲ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကိုယ်ရှေ့ကလုပ်ပြလို့ နောက်ကလိုက်လုပ်တယ်ရယ်တော့မဟုတ်ဘူး။ မလုပ်ချင်တဲ့ လူကတော့ မလုပ်ပါဘူး။ မန္တလေး ရောက်ရင်တော့ နာရေးကူညီမှု အသင်းမှာ ကားမောင်းဖြစ်တယ်။ ဒီရန်ကုန် မှာတော့ ဦးကျော်သူတို့ဆီမှာ အလှူငွေသွားသွားလှူဖြစ်တယ်။ နာရေးကူညီမှုအသင်းဝင် ဖို့တော့ သူတို့ဆီက ဖောင်တွေ ဘာတွေယူ ထားတယ်။ ဒါပေမဲ့ အချိန်သိပ်မပေးနိုင်ဘူး ဖြစ်နေတယ်။ တကယ်လို့ ကျွန်တော့်ဘက်က အချိန်ပေးနိုင်ရင်တော့ အသင်းဝင်ဖြစ်မှာပါ”
ခန့်စည်သူ
”ပရဟိတကို အနုပညာသမား တစ်ယောက်က ဦးဆောင်ပြီးလုပ်တယ်ဆိုတာ ပေါ်ပြူလာဖြစ်ချင်လို့လည်း မဟုတ်ဘူး။ အဓိကက အနုပညာသမားတစ်ယောက်က ဒီနေ့ ဘာတွေလုပ်နေတယ်ဆိုတာကို ပရိသတ် ကသိတယ်။ ဒီလိုပရဟိတကို လုပ်ခြင်းအားဖြင့် နောက်ကနေ လိုက်လုပ်မယ့်အရာတွေက ကျွန်တော့် အတွက် အားလေးဖြစ်စေတယ်။ ပရဟိတစိတ် ကိုယ့်မှာ ဘယ်လောက်ရှိလဲ စဉ်းစားချင် ရင်ကျွန်တော့်ဆီမှာ စွန့်လွှတ်ချင်တဲ့စိတ် ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းထွာ လို့ရပါတယ်။ နာရေးကူညီမှုအသင်းမှာ ကျောင်းရေစက်ချတုန်း က တစ်ခါလှူဖူးတယ်။ ကိုကျော်သူနဲ့ ကိုညီဂျော်ကိုယ်တိုင် လာပြီးတော့ လက်ခံပေးခဲ့ဖူးပါတယ်။ လတိုင်း လှူတော့ နာရေး ကူညီမှုအသင်း ကိုလည်း လှူဖို့သွားမှာပါ။ ကျွန်တော့်မှာ ဘုန်းတော်ကြီးပညာသင် ကျောင်းတစ်ကျောင်းရှိတယ်။ ကျောင်း သား အယောက် ၃ဝဝကျော်တယ်။ မိဘမဲ့ကလေး တွေရော၊ တိုင်းရင်းသားကလေးတွေရောပါတယ်။ သူတို့အတွက် နေ့စဉ်စားဝတ်နေရေး၊ အင်္ကျီအဖြူအစိမ်း၊ သင်ထောက်ကူပစ္စည်း တွေကအစ အစစအရာရာ ပံ့ပိုးပေးရတယ်။ နောက်တခြားမှာ ကျွန်တော်က တက္ကသိုလ် ကျောင်းထားပေးတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိသေးတယ်။ ပညာရေးတက္ကသိုလ်တို့၊ ဆေးတက္ကသိုလ်တို့မှာ တစ်ဦးချင်း၊ တစ်ယောက်ချင်း ပုဂ္ဂလိက ထောက်ပံ့ပေး တာတွေရှိတယ်။ အဓိကကတော့ ဒီဘက်ပိုင်းမှာ ဘာသာရေးနဲ့ ပတ်သက်တာတွေကို လုပ်ဖြစ်တယ်။ အခုထိ ယောဂီဆောင် ဆောက်နေတယ်။ ကျွန်တော်ပြောချင်တာက အနုပညာသမားမှ ပရဟိတလုပ်လို့ရတာ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ်တတ်နိုင်တဲ့ အားလေးပေါ့။ ကျွန်တော်တို့ရဲ့လက်တွေက အများကို ကူညီတဲ့လက်ကလေးတွေ ဖြစ်စေချင်ပါတယ်။ မှောင်နေမယ်လို့ ညည်းနေမယ့် အစား ကိုယ်ကိုယ်တိုင်က ဖယောင်းတိုင်တစ် တိုင်လောက် ထွန်းပေးစေချင်ပါတယ်”
အနဂ္ဂ    
”ကျွန်တော်လုပ်ဖြစ်ခဲ့တဲ့ ပရဟိတတွေဆိုရင် ကိုကျော်သူတို့ နာရေးကူညီမှုအသင်းနဲ့ ပေါင်းပြီး HIV ဝေဒနာရှင်တွေဆီကိုသွားပြီး ပစ္စည်းလေးတွေ သွားလှူဖြစ်တယ်။ နောက် ကိုကျော်သူတို့ နာရေးကူညီမှုအသင်းအတွက် သီချင်းတွေဆိုပေးဖြစ်တယ်။ နာရေးကူညီမှု အသင်းက မဟုတ်ဘဲနဲ့ တခြားလူမှုရေးအဖွဲ့ တွေက လာပြီး ကမ်းလှမ်းတယ်ဆိုရင်လည်း ကိုယ်တတ်နိုင်ရင် တတ်နိုင်သလို ငွေအားဖြစ်စေ၊ လူအားဖြစ်စေ၊ အနုပညာနဲ့ဖြစ်စေ ကူညီပေးပါတယ်။ နောက်ပိုင်းမှာလည်း နာရေး ကူညီမှုအသင်းအတွက် ပရဟိတအလုပ်တွေ လုပ်သွားဖို့ရှိပါတယ်။ သဘာဝဘေးဒဏ် အတွက်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲဖြစ် ဖြစ်၊ ပညာရေးအတွက်ပဲဖြစ်ဖြစ် ဘေးကနေ ပံ့ပိုးကူညီပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနဲ့ လူမှုရေး လုပ်ငန်းတွေမှာ လိုအပ်နေတဲ့နေရာတွေ တော်တော်များများကို  ကူညီပေးနေတာ တွေ့ရတယ်။ တချို့က သူတို့အင်အားလေးနဲ့ မလုပ်နိုင်တဲ့လုပ်အားတွေနဲ့ ဖြည့်စွက်ပြီး လုပ်နေကြတာတွေ့ရပြန်တယ်။ အဲဒီလိုတွေ့ရတော့ သြော် သူတို့တောင် ဒါတွေလုပ်နေပါလား၊ ငါတို့မှာလည်း ခြေထောက်အကောင်း၊ လက်အကောင်းတွေရှိတာပဲ  စိတ်ထားလေးတွေ ကောင်းအောင်လုပ်မယ်ဆိုပြီး ကျွန်တော် တို့လက်တွဲဖြစ်ခဲ့တာပါ။ အနုပညာရှင်တွေ အနေနဲ့ ပရဟိတလုပ်ငန်းတွေကို ရှေ့ဆောင် လမ်းပြလုပ်ပြသင့်လားဆိုတော့ အနုပညာရှင် တွေတကယ်လုပ်ပြရင်တော့ ကောင်းပါတယ်။ အနုပညာရှင်တွေက ပရဟိတလုပ်တယ်ဆိုပြီးတော့ ပြည်သူတွေရဲ့ချစ်ခင်လေးစားမှု၊ ယုံကြည်မှုတွေကိုဆွဲယူပြီး သိမ်းသွင်းသွားတယ် ဆိုရင်တော့ အနုပညာရှင်လို့ မသတ်မှတ်စေချင်ပါဘူး။ ဒါကြောင့် တကယ်မလုပ်ပြဘဲနဲ့ နာမည်လေးလိုချင်တာ တစ်ခုနဲ့ဆိုရင်တော့ မလုပ်သင့်ပါဘူးလို့ ကျွန်တော်ထင်ပါတယ်”
ကောင်းခန့်    
”အနုပညာရှင်တွေက ရှေ့ဆောင်လမ်းပြအနေနဲ့ ပရဟိတအလုပ်တွေ လုပ်သင့်ပါတယ်။ လုပ်တဲ့အခါမှာ ကိုယ်တကယ်လုပ်ချင်တဲ့စိတ်၊ ကူညီချင်တဲ့စိတ်ရှိမှ လုပ်တာကောင်းပါတယ်။ ကျွန်တော် ပရဟိတအလုပ်တွေလုပ် ဖြစ်တယ်။ နာရေးကူညီမှုအသင်းမှာလည်း သွားကူညီပေးဖြစ်တယ်။ လွန်ခဲ့တဲ့တစ်နှစ် လောက်ကတော့ သွားဖြစ်တယ်။ ကျွန်တော် က ဈာပန ကော်မတီဝင်အနေနဲ့ သူတို့ရဲ့နာရေးတွေ၊ အလောင်းတွေ သယ်စရာရှိသယ်ပေးတယ်။ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ပေးတယ်။ လိုအပ်တာတွေကို တတ်နိုင်သလောက လုပ်ပေးခဲ့ပါတယ်။ နာရေးကူညီမှု အသင်းအတွက် လိုအပ်တယ်ဆိုရင် ကျွန်တော် က ကူညီဖို့အဆင်သင့်ပါပဲ။ ကျွန်တော်ဈာပန တွေလိုက်ကူညီရင်း လူတွေအကြောင်းမြင်တာကို ဇာတ်လမ်းတိုလေး ရိုက်ထားတယ်။ လူတွေက ဘယ်လောက်ပဲ ချမ်းသာ၊ ချမ်းသာ၊ ဘယ်လိုပဲဆင်းရဲ၊ဆင်းရဲ နောက်ဆုံးမှာ မီးသင်္ဂြိုဟ်စက်ထဲကို ဝင်သွားကြတာပဲဆိုတာ ကို ရိုက်ထားတာပါ။ ဇာတ်လမ်းတိုလေးက သုံးမိနစ်စာအပြီးဖြတ်တဲ့အတွက် လိုအပ်မှုရှိတာပေါ့။ မက်ဆေ့ခ်ျတိုလေးပေးတာပါ။ ကျွန်တော်နာရေးမှာ အလုပ်လုပ်နေရင်းနဲ့ မြင်တာလေးတွေ၊ ကူညီတာတွေကို ဗီဒီယိုရိုက်ပြီး စုစုထားရင်းနဲ့ ပြိုင်ပွဲကလည်း ရှိတယ်ဆိုတော့ ဒီအကြောင်းအရာကို ရိုက်ရင်ကောင်းမှာပဲလို့ တွေးပြီး ရိုက်ဖြစ်သွားတာပါ။ အနုပညာရှင်တွေ ပရဟိတလုပ်တော့ စာနယ်ဇင်းတွေက ဖော်ပြပေး တယ်လေ။ ပရိသတ်တွေကလည်း ဒီလိုကူညီလို့ရပါလားဆိုပြီး သိသွားမယ်”
သင်ဇာဝင့်ကျော်
”အနုပညာရှင်တွေလည်း ပရဟိတ အလုပ်တွေလုပ်ဖို့သင့်ပါတယ်။ အခုလည်း အရင်ထက်စာရင် လှူတဲ့လူတွေတော်တော် များလာကြပြီ။ သင်ဇာတို့အလုပ်ကလည်း လှူတာတန်းတာတို့၊ ကုသိုလ်ကောင်းမှုတို့၊ ဘာသာရေးတို့ မလုပ်လို့မရဘူး။ ကံနဲ့လည်း အများကြီးဆိုင်တယ်။  လှူတာတန်းတာကိုလည်း သက်သက် တစ်ကဏ္ဍ ခွဲထားပြီး အချိန်ရရင်ရသလို၊ အချိန်ပေးသင့်တယ်လို့ ထင်ပါတယ်။ နာရေးကူညီမှုအသင်းမှာ ၂ဝဝ၈၊ ၂ဝဝ၉ ဝန်းကျင်က သွားလှူဖြစ်တယ်။ အစက လှူရကောင်းမှန်းလည်း မသိဘူး။ သူများတွေက အဲဒီမှာ လှူလို့ရတယ် ဆိုပြီးပြောမှ လှူရကောင်းမှန်းသိပြီး စလှူ ဖြစ်တာပါ။ အနုပညာလုပ်အားခနဲ့ရတဲ့ ပိုက်ဆံ နည်းနည်းစီသွားလှူတယ်။  မွေးနေ့တိုင်း တစ်နှစ်တစ်ခါ သွားလှူတယ်။ သင်ဇာ့မွေးနေ့ ၁၂ လပိုင်းကနေစပြီး ပြန်လှူမယ်လို့ ပြန်ပြီး စဉ်းစားထားတယ်။ နာရေးကူညီတဲ့အလုပ်က သိပ်ကိုမွန်မြတ်တယ်။ နောက် ရွှေပါရမီ ဖောင်ဒေးရှင်းမှာ လှူဖြစ်သွားတာက ဆေးမကုနိုင်တဲ့လူတွေ၊ ပိုက်ဆံမရှိတဲ့လူတွေကို အခမဲ့ ကုသပေးနေတဲ့ ဖောင်ဒေးရှင်းတစ်ခု ဆိုတော့ ကိုယ်လည်းတစ်တပ်တစ်အား ပါဝင်ချင်တယ်။ ငွေပမာဏအများကြီးလှူကြ တဲ့ လူတွေလည်းရှိတယ်။ သူတို့လှူနိုင်ကြပါ လား၊ သင်ဇာလည်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် သူတို့လိုလှူနိုင်တဲ့ လူဖြစ်ရပါစေလို့ ဆုတောင်းမိတယ်။  သင်ဇာကတော့ သင်ဇာ ရှာတာကို သိပ်ကြီးကျယ်ခမ်းနားတဲ့ ကားတွေဝယ်၊ တိုက်တွေဝယ်တာ မဖြစ်ချင်ဘူး၊ ရတဲ့ပိုက်ဆံကို လှူရမယ်၊ ကုသိုလ် အလုပ်လုပ်ရမယ်။ လူငယ်တွေလည်း အဲဒီလိုအသိတရား လေးရှိရင် သိပ်ကောင်းမှာပါ”
သက်မွန်မြင့်
”ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း မှာလည်း အလှူငွေကျပ်ငါးသိန်းပေးအပ် လှူဒါန်းခဲ့ပါသေးတယ်။ အဲဒါဘုန်းဘုန်းတို့၊ မကြည်ဖြူတို့ကဖိတ်တော့ အားရဝမ်းသာပဲ သွားတာ။ အဲဒီလိုမျိုး အများကိုကူညီတာတို့၊ ပရဟိတတို့ကိုလုပ်ချင်တယ်။ ကိုယ်ကတော့ တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဘုန်းဘုန်းတို့ ဖောင်ဒေးရှင်း မှာ ကိုယ်လှူချင်သလောက် လှူခွင့်ရကြတယ်။ သက်မွန်က အလှူငွေတွေမှာ ပါဝင်ချင်တယ်။ တကယ် လိုအပ်တဲ့လူကို လုပ်ပေးရတာ တအား အကျိုးရှိတယ်”

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...