စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တို့သိတဲ့သာသနာ (ဒယ်အိုးဆရာတော်)



သစ္စာလေးပါး သိမြင်တော်မူသော မြတ်ဘုရား၏ အဆုံးအမများကို သာသနာဟုခေါ်ပါ၏။
မြတ်စွာဘုရားဆုံးမသော အဆုံးအမများသည် မြတ်စွာဘုရား၏ အယူဝါဒများမဟုတ်၊ အကြိုက်အလိုက်များ
မဟုတ်၊ သဘာဝ အမှန်တရားများဖြစ်၏။ သဘာဝအမှန်တရားဆိုသည်မှာ သဘာဝအတိုင်း မှန်နေသော
အမှန်တရားများဖြစ်၏။


ဆိုလိုသည်မှာ - သဘာဝအမှန်တရားသည်၊ မည်သူတစ်ဦးတစ်ယောက်ကမှ ပြုပြင်စီရင်ထားခြင်းမဟုတ်၊
မည်သူမည်ဝါ၏အကြိုက် လိုက်ထားခြင်းမဟုတ်၊ တည်ဆောက် ပြုစုထားခြင်းမျိုးမဟုတ်ပေ။



သဘာဝအမှန် (သစ္စာ) တရားကို---
မည်သူမျှ ပြုလုပ်ယူ၍မရ၊
မည်သူမျှ ပြုပြင်၍ လည်းမရ၊
မည်သူမျှ ဖျက်ဆီး၍ လည်းမရ၊



မည်သူမျှ --------------
ပြုလုပ်သူမရှိ ၊ ပြုပြင်သူမရှိ ၊ ဖျက်ဆီးသူမရှိ ၊ သန့်စင်အောင်ပြုသူမရှိ ၊ ညစ်နွမ်းအောင် ပြုနိုင်သူမရှိ။
သာသနာဟုဆိုအပ်သော သဘာဝအမှန်တရားသည် သဘာဝအတိုင်း မှန်နေပြီးဖြစ်၏၊ သဘာဝအတိုင်း
သန့်ရှင်းနေပြီးဖြစ်၏၊ တည်တန့်နေပြီး၊ သဘာဝအတိုင်း မြင့်မြတ်ပြီး၊ ခန့်ညားပြီး၊ ထည်ဝါပြီး ဖြစ်၏
ထို့ကြောင့် သာသနာ-သဘာဝအမှန် (သစ္စာ) တရားတွင် ပိုင်ရှင်မရှိ (မူပိုင်မရှိ) ၊ ရန်သူမရှိ ၊ မိတ်ဆွေမရှိ ၊
ချစ်သူမရှိ ၊ မုန်းသူမရှိ ၊ ငြိုးသူရန်ဘက် မရှိခြင်းကြောင့် သာသနာ (သဘာဝ အမှန်တရား) သည် ပျက်ဆီး
သည်ဟူ၍မရှိ ၊ ညစ်နွမ်းသည်ဟူ၍မရှိ ၊ တိုးတက်သည် မရှိ ၊ ဆုတ်ယုတ်သည် မရှိ ၊ မြင့်ခြင်းနိမ့်ခြင်း မရှိ ၊
သဘာဝအမှန် (သစ္စာ) သာသနာသည် သဘာဝအမှန်(သစ္စာ) သာသနာအတိုင်းပင် အစဉ်တည်၏ ၊
သန့်ရှင်း၏။



သာသနာ-သဘာဝအမှန်(သစ္စာ)တရားကို ---
ဖျက်ဆီးသူသည်သာလျင် ပျက်စီးရ၏၊
ညစ်နွမ်းအောင် ပြုသူသာလျင် ညစ်နွမ်းရ၏။
မှေးမှိန်အောင် ပြုသူသာလျင် မှေးမှိန်ရ၏။
ဤသည်မှာလည်း သဘာဝအမှန်(သစ္စာ)တရားတွင် တာဝန်မရှိ ပြုသူ၏တာဝန်ပင်ဖြစ်ပေ၏။
ကိုယ်ပြုသည့်အတိုင်းပင် ကိုယ့်ထံသို့ ပြန်လာခြင်းသာဖြစ်၏။




မှတ်ချက်။ ။ ဒယ်အိုးဆရာတော်ရေးသားခဲ့သော ပို့စ်ဟောင်းလေး တစ်ပုဒ်ဖြစ်ပါသည်။
ဓမ္မဒါန မျှဝေပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...