စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေရဲ့ နောက်ဆုံးသွားတစ်ချောင်း


**အမေရဲ့ နောက်ဆုံးသွားတစ်ချောင်း **

 မိစံ ကလေးမွေးပြီးတဲ့နောက် မွေးကင်းစကလေးငယ်ကို ကူထိန်းဖို့ ရွာက


အသက်(၆၅)နှစ်ကျော်အရွယ် မိခင်အိုကို အိမ်ခေါ်ထားခဲ့တယ်။


တစ်နေ့မှာ ကလေးငယ်ကိုအစာကျွေးရင်းက ကလေးပါးစပ်အဟမှာ နီနီစွေးစွေးသွားဖုံးထဲကနေ


အဖြူရောင် သွားပေါက်လေးတစ်ချောင်းကို မိစံတွေ့လိုက်မိတယ်။


သားရဲ့ သွားပေါက်လေးကိုတွေ့တော့ မိစံ စိတ်အရမ်းလှုပ်ရှားပြီး မိခင်အိုကို အော်ခေါ်လိုက်တယ်။

"အမေ... အမေ .. သား သွားပေါက်ပြီး အမေ.."

မိစံဘယ်လိုခေါ်ခေါ် အမေပြန်ထူးသံမကြားခဲ့ဘူး။ အမေရှိရာကို သူလှည့်ကြည့်တော့ အမေဟာ


မုန့်တစ်တုံးကိုကိုင်ပြီး ငေးစိုက်ကြည့်နေတာကို တွေ့လိုက်တယ်။


အမေ့အနား မိစံသွားပြီး မေးလိုက်တယ်။

"အမေ ဘာကြည့်နေတာလဲ? သမီးခေါ်တာလည်း ပြန်မထူးဘူး.."

"အမေ့သွား တစ်ချောင်းကျိုးသွားတယ် သမီး" အမေအသံနိမ့်နဲ့ ပြန်ဖြေတယ်။

အမေ့နား မိစံတိုးကပ်ကြည့်တော့ အမေစားနေတဲ့မုန့်တုံးပေါ်မှာ သွားတစ်ချောင်းကို တွေ့လိုက်တယ်။


မုန့်တုံးကို မိစံဖျတ်ခနဲယူပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ မုန့်တစ်တုံးအသစ်ယူပြီး အမေကို ကမ်းပေးတယ်။

"အမေ ဒီမုန့်စား.. ဟိုမုန့်က ညစ်......"

ပြောလက်စ စကားကို မိစံဆက်မပြောဘဲ ရပ်လိုက်တယ်။ "ညစ်ပတ်သွားပြီ"ဆိုတဲ့ စကားကို


ပါးစပ်ကမထွက်ခင် သူရပ်လိုက်တာဖြစ်တယ်။

တခြားသွားတုတွေကို အမေဖြုတ်ရင်း သက်ပြင်းတစ်ချက်နဲ့ စကားစတယ်။

"အဲဒါ အမေရဲ့နောက်ဆုံးသွားတစ်ချောင်းပဲ သမီး"

အမေက ပြောပြောဆိုဆို သားလေးရဲ့ သွားပေါက်ကိုကြည့်ပြီး မိစံကို ရယ်ရယ်မောမောနဲ့ စကားဆိုပြန်တယ်။

"ငါ့မြေးလေးက သမီးထက် သွားတစ်လစောပေါက်တယ်။ သမီးတုန်းက


သမီး(၁၁)လအရွယ်ရောက်မှ ပထမဆုံးသွား စပေါက်တာ။


သမီးရဲ့ ပထမဆုံးသွားက သမီး(၇)နှစ်ခွဲအရွယ်မှာ စကျိုးတာ။


သမီးရဲ့ ပထမဆုံးသွားကျိုးလေးကို အမေ မှန်တင်ခုံရှေ့က ဘူးထဲမှာ သိမ်းထားသေးတယ် သမီး"

အမေက အတိတ်ကို ပြန်ပြောင်းအောင်းမေ့ရင်း တစ်ချက်ပြုံးလိုက်တယ်။


အမေ့အပြုံးအောက်မှာ သွားမရှိတော့တဲ့ သွားဖုံးရိုးက အတိုင်းသားပေါ်လို့.... အမေ့ရဲ့သွားတွေ


ဘယ်တုန်းက ကျိုးကုန်ပါလိမ့်? မိစံ သတိမထားခဲ့မိပါလား...?

နေရာကနေ မိစံဖျတ်ခနဲထပြီး အခုနားက ပစ်ထုတ်လိုက်တဲ့မုန့်တုံးကို အမှိုက်ပုံးထဲမှာ ပြန်ရှာမိတယ်။


အမှိုက်ပုံးထဲကနေ အမေ့ရဲ့သွားကျိုးလေးကို သူကောက်ယူပြီး သေချာဆေးကြောလိုက်တယ်။


ပြီးတော့ အဝတ်စနဲ့ထုပ်ပြီး လက်ဝတ်လက်စားထည့်တဲ့ ဘူးထဲ သူထည့်သိမ်းထားလိုက်တယ်။

တစ်နေ့နေ့တစ်ချိန်ချိန်မှာ
သားလေးကို သူ့ပထမဆုံးသွားပေါက်တဲ့အကြောင်း မိစံပြောပြဖြစ်တဲ့အခါ



မိခင်အိုရဲ့ နောက်ဆုံးသွားတစ်ချောင်းအကြောင်းကိုလည်း ပြောပြဖို့ မိစံဆုံးဖြတ်လိုက်ပါတယ်။

"ကိုယ့်ရင်သွေးရဲ့ပထမဆုံးသွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ ပေါက်တယ်ဆိုတာကို


ငါတို့မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်းက ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ ငါတို့မေ့နေတတ်တယ်"


မူရင်း --- http://www.gushi365.com/info/2960.html


နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...