စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒါတွေတော့ စင်္ကာပူနှင့် မတူချင်ပါနဲ့ ရန်ကုန်ရယ်...

http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:287587 ဝေမျှပါသည်။
စင်္ကာပူ၏ ကောင်းကွက်တွေကိုချည်း ရေးသွားပြီး ဆိုးချက်များကို မရေးသည့်အတွက် စိတ်ကွက်ကြသူများလည်း ရှိပါသည်။ စင်္ကာပူက လွဲပြီး ဘယ်နိုင်ငံမှ မရောက်ဖူးလို့ များ အထင်တကြီးဖြင့် ရေးလေရော့သလေားဟု ထင်မြင်ကြသူ တချို့လည်း ရှိပါသည်။ ဒေသတွင်းနိုင်ငံများ၊ သြစတြေးလျနှင့် အမေရိကသို့ သွားရောက်လည်ပတ်စဉ်ကလည်း လည်ရင်းပတ်ရင်း အဆိုပါ နိုင်ငံများ၏ လူနေမှု စနစ်များ၊ ဓလေ့များကို ကြုံရင် ကြုံသလို လေ့လာခဲ့သလို ကောင်းမွန်သည့် အချက်များကို မိမိနိုင်ငံတွင် တချိန် ပြန်လည်အသုံးချနိုင်ရန် အစဉ်အမြဲ ချိန်ထိုး စဉ်းစားခဲ့ဖူးပါသည်။ ယခင်ဆောင်းပါးဖြစ်သည့် “ရန်ကုန်ကို စင်္ကာပူနှင့် တူချင်တယ်ဆိုရင်” ကို စရေးစဉ်ကတည်းက နောက်ဆက်တွဲ ဆောင်းပါး အဖြစ် “ဒါတွေတော့ စင်္ကာပူနှင့် မတူချင်ပါနဲ့ ရန်ကုန်” ဟု ရေးမည်ဟု တွေးထားပြီးသား ဖြစ်ပါသည်။

မိမိတို့၏ သားသမီးများကို စင်္ကာပူတွင် ပညာသင်ရန် စေလွှတ်လိုသူများ၊ စင်္ကာပူတွင် လာရောက် အလုပ်လုပ်ကိုင်ရန် စဉ်းစားနေသူများ အနေဖြင့်လည်း ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်များကို ပြင်ဆင်ထားနိုင်စေရန် ရည်ရွယ်ပါသည်။ ထို့ပြင် စင်္ကာပူကို မှတ်ကျောက် သဖွယ် သဘောထားပြီး စင်္ကာပူနှင့် တူအောင် အရာခပ်သိမ်း ကြိုးပမ်းရန် မသင့်ဟူ၍ စေတနာသက်သက်ဖြင့် ဝေဖန်ထောက်ပြ လိုရင်း ဖြစ်ပါသည်။ စာရေးသူ၏ အမြင်သက်သက်သာ ဖြစ်ပြီး မည်သူ့ကိုမှ ထိခိုက်စေလိုသည့် ဆန္ဒဖြင့် ရေးသားခြင်း မဟုတ်ကြောင်းနှင့် စိတ်သဘောထားပြည့်ဝသည့် စင်္ကာပူ နိုင်ငံသားများလည်း ရှိကြောင်း ဦးစွာ စကားပလ္လင်ခံလိုပါသည်။   စင်္ကာပူနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အတုမယူစေချင်သော အချက်များစွာ ရှိပါသည်။ ၎င်းတို့အနက်မှ အချို့ကို  ကဏ္ဍငယ်များခွဲ၍ အစိုးရ၊ မီဒီယာလွတ်လပ်ခွင့်၊ စင်းဂလိပ်ယဉ်ကျေးမှု၊ စိတ်နေစိတ်ထားနှင့် တန်ဖိုးများ အစရှိသဖြင့် တင်ပြသွားပါမည်။

အစိုးရ
စင်္ကာပူနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်ဟု လူကြားကောင်းအောင် လုပ်ထားသော်လည်း အမှန်က ပီအေပီဟု ခေါ်သည့် လူထု လှုပ်ရှားမှုပါတီ တစ်ပါတီထဲက ကျန်ပါတီငယ်များ ခေါင်းမထောင်နိုင်အောင် ကြီးစိုးထားသည့် စနစ်ဖြစ်သည်။ စင်္ကာပူ လွတ်လပ်ရေး ရပြီးစ ကာလ ၀န်းကျင်ကမူ Internal Security Act (ISA) ဟု ခေါ်သည့် ဖမ်းဝရမ်းမပါဘဲ အချိန်မရွေး ဖမ်းချုပ်နိုင်သည့် အက်ဥပဒေဖြင့် အတိုက်အခံများကို မထင်လျှင် မထင်သလို ဖမ်းဆီးခဲ့သည်ဟု ဖတ်ရှုဖူးပါသည်။ Chia Thye Poh ဆိုသူမှာ အဆိုပါ ဥပဒေဖြင့် ထိန်းသိမ်းခြင်း ခံရသူများအနက် သက်တမ်းအရှည်ကြာဆုံး ဖြစ်ခဲ့ပြီး ၁၉၆၆ မှ ၁၉၉၈ ခုနှစ်အထိ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ အာဏာရ ပီအေပီ ပါတီ အနေဖြင့် အတိုက်အခံများ အပေါ်တွင် ရန်သူလို သဘောထားတတ်ခြင်း၊ အတိုက်အခံပါတီတို့မှ အနိုင်ရသည့် မြို့နယ်များတွင် အစိုးရ၏ အထောက်အပံ့များအား တတ်နိုင်သမျှ လျှော့ချထားခြင်း၊ လွှတ်တော်တွင် အမတ်နေရာ များစွာကို ရရှိထားသော်လည်း အတိုက်အခံ မရှိသည့် ပါလီမန်ဖြစ်စေရန် ကြိုးပမ်းအားထုတ်ခြင်းတို့အား အစဉ်တစိုက် ပြုလုပ်တတ်သည့် ညာဉ်ဆိုး ရှိပါသည်။
ပီအေပီပါတီနှင့် အတိုက်အခံပါတီများ၏ အင်အားခြင်း ကွာပုံကို မကြာသေးမီ ကာလက ပြီးခဲ့သည့် စင်္ကာပူ၏ ရွေးကောက်ပွဲ နှစ်ခုကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ၂၀၀၆ တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပီအေပီပါတီက ရွေးကောက်ခံ လွှတ်တော် အမတ် ၈၂ နေရာ၊ လုပ်သားများပါတီနှင့် စင်္ကာပူအမျိုးသားပါတီက ရွေးကောက်ခံ လွှတ်တော် အမတ် ၁ နေရာစီ အသီးသီး ရရှိခဲ့သည်။ ၂၀၁၁ မေလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင်မူ ပီအေပီပါတီက ရွေးကောက်ခံ လွှတ်တော် အမတ် ၈၁ နေရာ၊ လုပ်သားများပါတီက ရွေးကောက်ခံ လွှတ်တော် အမတ် ၆ နေရာသာ ရရှိခဲ့ပြီး အခြား ပါတီများမှ လွှတ်တော်အမတ် အဖြစ် တစ်ဦးတစ်ယောက်မျှ ရွေးကောက်ခံရခြင်း မရှိခဲ့ပါ။
နိုင်ငံတစ်နိုင်ငံတွင် အာဏာရပါတီအား ပြန်လည်၍ ဝေဖန်ထောက်ပြနိုင်မည့် အတိုက်အခံ ပါတီ အနည်းဆုံး တစ်ခု ရှိမှသာ Check & Balance ကို သေချာစွာ ပြုလုပ်နိုင်မည် ဖြစ်ပြီး သို့မဟုတ်ပါက အာဏာရပါတီ အနေဖြင့် မိမိ နှစ်သက်ရာ ပေါ်လစီများကို ကောင်းသည် ဆိုးသည် သိပ်ငြင်းခုံနေစရာ မလိုဘဲ အကောင်အထည် ဖော်ဆောင်သွားပေမည်။ သို့သော် အတိုက်အခံ နိုင်ငံရေးပါတီ များပြားလွန်း ပြန်လျှင်လည်း ပြည်သူများ အနေဖြင့် ဦးတည်ချက်ေ၀၀ါးစေနိုင်ပါသည်။
ဤကဲ့သို့သော နိုင်ငံရေး အခြေအနေများ အောက်ဝယ် စင်္ကာပူ အနေဖြင့် အောင်မြင်နေသေးသည့်အချက်မှာ ပီအေပီ အာဏာရ ပါတီမှ ခေါင်းဆောင်များသည် ပညာတတ်များ ဖြစ်ခြင်း၊ မိမိ ကိုယ်ကျိုးအတွက်ချည်း မကြည့်ဘဲ တိုင်းပြည်အကျိုးကို ရှေုးရှုတတ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ထင်မြင်မိပါသည်။ သို့ရာတွင် ပီအေပီ ပါတီမှ ခေါင်းဆောင်များ ဖောက်ပြန်သည့် တစ်နေ့တွင် ပီအေပီ အာဏာရ ပါတီနေရာတွင် ၀င်ရောက် အစားထိုးနိုင်မည့် အတိုက်အခံ နိုင်ငံရေးပါတီလည်း ကြီးကြီးမားမား မရှိသည့်အတွက် လက်ရှိ နိုင်ငံရေး အနေအထားသည် အလွန်ပင် အန္တရာယ်များလှပါသည်။

မီဒီယာလွတ်လပ်ခွင့်
စင်္ကာပူနိုင်ငံသည် ကမ္ဘာ့ ညွှန်းကိန်း ဇယား (Ranking Tables) အသီးသီးတွင် ကမ္ဘာ့နံပါတ်တစ် ဖြစ်လိုသော်လည်း စင်္ကာပူအား ဇယား အောက်ခြေတွင် မြင်ရသည့် နေရာ ၂ နေရာ ရှိပါသည်။ ၎င်းတို့မှာ သေဒဏ်ပေးမှုနှုန်း မြင့်မားမှုနှင့် မီဒီယာ လွတ်လပ်ခွင့် နည်းပါးမှုတို့ ဖြစ်ကြသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်ခွင့်ရှိသည်။ ထိုအခွင့်အရေးများ၌ အတားအဆီးမရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။
စင်္ကာပူနိုင်ငံတွင် မီဒီယာ ထုတ်ဝေခွင့် အားလုံး လိုလိုအား MediaCorp နှင့် SPH တို့မှသာ ချုပ်ကိုင်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံမှာ ကဲ့သို့ ပုဂ္ဂလိက စလောင်း (Satellite) ပိုင်ဆိုင် အသုံးပြုခွင့် မရှိပေ။ စင်္ကာပူနိုင်ငံတွင် မီဒီယာသည် အစိုးရ၏ ပေါ်လစီများကို သံယောင်လိုက် တင်ပြ ချီးကျူးလေ့ ရှိကာ ကမ္ဘာ့အကောင်းဆုံး နိုင်ငံများထဲတွင် ပါဝင်သည်ဟူသော ပုံရိပ်ကို အမြဲလိုလို ထင်ဟပ်ပြပြီး ကြွားဝါလေ့ရှိသည်။ ထိုမျှမက ပြည်ပထုတ် သတင်း မီဒီယာစာစောင်များတွင် စင်္ကာပူ အစိုးရကို ဝေဖန်ထားပါက စင်္ကာပူတွင် အဆိုပါ စာစောင် ထုတ်ဝေခွင့်ကို ပိတ်ပင် အပြစ်ပေးလေ့ရှိသလို ဒဏ်ငွေ အမြောက်အမြားကို ပေးဆောင်စေရန် စင်္ကာပူ တရားရုံးများမှ အမိန့်ချမှတ်လေ့ ရှိသည်။
ဥပမာ တစ်ခု ပေးရလျှင် ၂၀၀၁ ခုနှစ်တွင် အတိုက်အခံ နိုင်ငံရေးသမား ဖြစ်သူ တစ်ဦးက စင်္ကာပူအစိုးရသည် အင်ဒိုနီးရှားနိုင်ငံ ဆူဟာတို အစိုးရအဖွဲ့အား ငွေချေးခွင့် မရှိဘဲ ဒေါ်လာ ၁၇ ဘီလျံ ချေးဌားခဲ့သည်ဟု စွပ်စွဲခဲ့သည်ဟုဆိုကာ ၎င်းအား  လီကွမ်ယူနှင့် ဂိုခြောက်ထောင်တို့မှ တရားစွဲဆိုခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် စင်္ကာပူ တရားရုံးချုပ်မှ ဂိုခြောက်ထောင် အတွက် လျော်ကြေးငွေ ဒေါ်လာ ၃ သိန်းနှင့် လီကွမ်ယူအတွက် လျော်ကြေးငွေ ဒေါ်လာ ၂ သိန်း အသီးသီး ပေးအပ်စေရန် အမိန့်ချမှတ်ခဲ့သည်။
နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၁၀ ခုနှစ် အတွက် မီဒီယာ လွတ်လပ်ခွင့် ညွှန်းကိန်းအရ ၁၇၈ နိုင်ငံအနက် စင်္ကာပူနိုင်ငံသည် နံပါတ် ၁၃၇ တွင် ရပ်တည်နေသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသော အိန္ဒိယနှင့် တရုတ်တို့မှာ ၁၂၂ နှင့် ၁၇၁ နေရာများတွင် ရပ်တည်နေသည်။ အာစီယံနိုင်ငံများ အနက် မီဒီယာ လွတ်လပ်ခွင့် အရှိဆုံး နိုင်ငံမှာ အင်ဒိုနီးရှားဖြစ်ပြီး နံပါတ် ၁၁၇ ဖြစ်သည်။ အခြားသော အာစီယံနိုင်ငံများဖြစ်ကြသည့် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှာ နံပါတ် ၁၄၁ နှင့် ၁၅၃ တို့တွင် အသီးသီး ရပ်တည်နေကြသည်။ မြန်မာနိုင်ငံမှာမူ နံပါတ် ၁၇၄ တွင် ရှိနေသောကြောင့် ယခုထက် ပိုပြီး ဆင်ဆာ တင်းကြပ်မှုများကို ဖြေလျော့ရန် လိုအပ်နေပေသည်။

စင်းဂလိပ် ယဉ်ကျေးမှု
မှတ်တမ်းများ အရ စင်္ကာပူကို ဗြိတိသျှကိုလိုနီ အဖြစ် ၁၈၁၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် မလေးရှားနိုင်ငံ၏ ပြည်နယ်တစ်ခု အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ ထို့နောက် ၂ နှစ်အကြာ ၁၉၆၅ ခုနှစ်တွင် စင်္ကာပူနိုင်ငံ အဖြစ် စတင် ရပ်တည်နိုင်ခဲ့သဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှု ဟူ၍ ပြောပလောက်အောင် မရှိပါ။ စင်္ကာပူ အမျိုးသားပြတိုက်နှင့် Sentosa ကျွန်းရှိ စင်္ကာပူ၏ ပုံရိပ်များ (Images of Singapore)ဟူသည့် ပြကွက်များကို ကြည့်မည် ဆိုပါက မည်မည်ရရ ပြစရာ မရှိသည်များကို ပြသထားသည်ကို တွေ့ရမည် ဖြစ်သည်။ သမိုင်းကြောင်း အပြည့်ရှိသည့် ကျွန်တော်တို့ မြန်မာ နိုင်ငံ၏ အမျိုးသား ပြတိုက်မှာတော့ ပြခန်း ပြကွက်များကို ခင်းကျင်းထားပုံက အတော်လေးကို ရိုးရှင်းလွန်းနေသည်ကို အားမလို အားမရ တွေ့ရမည် ဖြစ်သည်။
စင်္ကာပူတွင် တရုတ်လူမျိုး အများစု ကြီးစိုးသဖြင့် ၎င်းတို့ ပြောဆိုသည့် အင်္ဂလိပ် ဘာသာစကားတွင် တရုတ် အငွေ့အသက်များ ဖုံးလွှမ်းနေသည်ကို တွေ့ရမည်။ အချို့မှာ မလိုအပ်ဘဲ စကားသံ အဆုံးတွင် အာလုတ်သံဖြင့် “လား၊ လော်၊ ဟော်” စသဖြင့် ပြောဆို သုံးစွဲနေကြသဖြင့် စင်္ကာပူနိုင်ငံသားများ ပြောဆိုသည့် အင်္ဂလိပ်စာအား စင်းဂလိပ် (Singlish) ဟူ၍ပင် လှောင်ပြောင် ခေါ်ဝေါ်ကြသည်။
မြန်မာနိုင်ငံသား တချို့သည်လည်း အွန်လိုင်းမှ တဆင့် အချင်းချင်း စကားပြောကြရာဝယ် မြန်မာလို ရိုက်ရမည်ကို ပျင်း၍သော်လည်းကောင်း၊ အင်္ဂလိပ်စာ အားနည်းမှုကြောင့်သော်လည်းကောင်း အင်္ဂလိပ်စာလုံးများကို အသုံးပြု၍ bar lae (ဘာလဲ)၊ nay kaung lar (နေကောင်းလား) စသဖြင့် သုံးနှုန်းနေကြသည်ကို ဘားဂလိပ်ဖြင့် ပြောသည်ဟူ၍ အချို့က ခေါ်ဆိုနေကြပါပြီ။ အဆိုပါ ဘားဂလိပ် ယဉ်ကျေးမှု တွင်ကျယ်မလာဖို့ အရေးကြီးပါသည်။

စိတ်နေစိတ်ထားများ
စင်္ကာပူနိုင်ငံသား အများစုသည် အပြိုင်အဆိုင်များသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသည့် အတွက် အရာရာတွင် အသာရလို စိတ် ပြင်းပြသည်။ မိမိက အလျှော့ပေးလိုက်သဖြင့် အခြားသူ အဆင်ပြေသွားမည်ကို အရေးမထား။ မိမိ ကောင်းစားရေးသည် အဓိကဖြစ်ပြီး မိဘ၊ မောင်ဖွားများကိုပင် မိမိ အောင်မြင်မှုနှင့် လဲနိုင်သူများ ဖြစ်ကြသည်။ ကားများ၊ ရထားများ စီးလျှင်လည်း သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအတွက် နေရာ သီးသန့် သတ်မှတ်ထားသော်လည်း အိပ်ပျော်ချင်ယောင် ဆောင်နေခြင်း၊ မသိကျွိုးကျွံပြုခြင်းတို့ကို မရှက်မကြောက် လုပ်ဆောင် တတ်ကြသည်။
စင်္ကာပူကို ခေတ္တအလည်လာသူတို့က ကားဂိတ်များတွင် လူများ တန်းစီ၍ ကားပေါ်သို့ စနစ်တကျ တက်နေသည်ကို မြင်တွေ့ကာ စင်္ကာပူတွင် စည်းကမ်းလိုက်နာကြသည်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း ထိုသူများကို စင်္ကာပူ၏ ရုံးတက်ရုံးဆင်း ရထား တိုးတက်ကြပုံများကို မြင်စေချင်ပါသည်။ ကျေးဇူးတင်ရမည်ကိုလည်း ၀န်လေးတတ်သလို ရထားပေါ်၊ ကားပေါ်တွင် မိမိ၏ ထိုင်ခုံကို ဖယ်ပေးပါက ကျေးဇူးမတင်သည့် အပြင် တခါတရံ မိမိဖယ်ပေးခဲ့သည့် ခုံ၏ နံဘေးမှ ခုံ နေရာ လွတ်သွားပါကလည်း နေရာဖယ်ပေးလိုက်သူက ရှေ့တွင် မတ်တပ်ရပ်နေရပါလျက် ၎င်းနှင့် ပါလာသည့် အဖော်ကို လု၍ ထိုင်ခိုင်းသည်ကို ကြုံရသည်မှာလည်း အကြိမ်ကြိမ်ပင်။
ထို့ပြင် အနောက်တိုင်းသားများကို ပစားပေးသလောက် ဒေသတွင်း နိုင်ငံများမှ စင်္ကာပူသို့ လာရောက် အလုပ်လုပ်သည့်သူများကို တတိယနိုင်ငံများမှ သူများဟူ၍ နှိမ့်ချ ဆက်ဆံလိုကြသည်။ ထိုသို့ လာရောက် လုပ်ကိုင်သူများ အနက် အင်္ဂလိပ် အားနည်းသူဆိုလျှင် သာ၍ ဆိုးသေးသည်။ ထို့ကြောင့် စင်္ကာပူတွင် လာရောက် အလုပ်လုပ်ကိုင်မည်ဟု စိတ်ကူးပါက အင်္ဂလိပ်စာကို လူရိုသေရှင်ရိုသေ ရေးတတ်ပြောတတ်အောင် လေ့လာခဲ့စေလိုပါသည်။
စင်္ကာပူနိုင်ငံသား အများစုသည် ရလေလိုလေ အိုတစ္ဆေဟု ခေါ်ရလောက်အောင် အလိုလောဘ ကြီးကြပါသည်။ စားသောက်ဆိုင်များတွင် နိုင်ငံခြားသားများကို မတန်တဆ ဈေးယူသဖြင့် သတင်းစာထဲ ပါလာသည်မှာလည်း အကြိမ်ကြိမ် ဖြစ်သည်။ Sim Lim Square ရှိ ကွန်ပျူတာဆိုင်နှင့် ကင်မရာဆိုင် များတွင် မနူးမနပ်ပုံစံဖြင့် သွားဝယ်မည်ဆိုပါကလည်း ပါးပါးလှီးရန် အဆင်သင့် စောင့်နေပါလိမ့်မည်။ ဖုန်းဆိုင်များမှာလည်း ထိုနည်းလည်းကောင်းပင်။
စင်္ကာပူတွင် နိုင်ငံခြားသားများ လာရောက် နေထိုင် လုပ်ကိုင်မှု များပြားလာသည်နှင့် အမျှ တိုက်ခန်း အဌားဈေးနှုန်းများကလည်း တရိပ်ရိပ် တက်လာသည်။ အိမ်ဌားနေ၍ တစ်နှစ် စာချုပ်ပြည့်သည်နှင့် အိမ်လခ တိုး၍ တောင်းကြတော့သည်။ အိမ်ဌား စာချုပ် ပြည့်သွား၍ အိမ်ရှင်က လက်ခံလျှင်တောင် ပွဲစားက လာရောက်၍ စာချုပ် ထပ်တိုးမည်ဆိုလျှင် ပွဲစားခ ထပ်ပေးရမည်ဟု လုပ်တတ်ကြသည်။ သို့မဟုတ်လျှင် အိမ်ရောင်းတော့မည်ဟု အကြောင်းပြကာ မူလနေသူကို အခြားသို့ ပြောင်းရွှေ့ခိုင်း၍ အိမ်ဌား အသစ်ကို ရှာတော့သည်။

တန်ဖိုးများ
စင်္ကာပူ နိုင်ငံသား အချို့သည် မိဘဘိုးဘွားများကို အလေးထားလေ့ မရှိကြပါ။ မိမိကို ကျွေးမွေးစောင့်ရှောက်ခဲ့၍ မိဘဘိုးဘွားများ အသက်အရွယ် ကြီးရင့်လာချိန်ဝယ် မွေးကျေးဇူး၊ ကျွေးကျေးဇူးကို ပြန်ဆပ်သည့် အနေဖြင့် တဖန် ပြန်လည် ကျွေးမွေးစောင့်ရှောက်ခြင်း နည်းပါး ပါသည်။ ဘိုးဘွားရိပ်သာကဲ့သို့ သက်ကြီး ရွယ်အို စောင့်ရှောက်ရေး ဂေဟာများသို့ ပို့ဆောင်တတ်ပါသည်။ အသက်ကြီးမှ တုန်ချိတုန်ချိဖြင့် တစ်ရှူးထုတ်ကလေးများ လိုက်ရောင်းနေရသူ သက်ကြီးရွယ်အိုများနှင့် တီးမှုတ်ဖျော်ဖြေကာ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အိုများ စင်္ကာပူတွင် အများအပြား ရှိသည်မှာ သံဝေဂရစရာပင် ဖြစ်သည်။
စင်္ကာပူသည် တတိယကမ္ဘာ့နိုင်ငံ အဖြစ်မှ ပထမကမ္ဘာ့နိုင်ငံ ဘ၀သို့ တက်လှမ်းနိုင်ခဲ့သည်မှာ မျိုးဆက် ၂ ဆက်ပင် မရှိသေးပါ။ သို့သော် စင်္ကာပူရှိ လူငယ်အများစုသည် ဘ၀မေ့နေကြပါပြီ။ ယခု အခြေအနေသို့ ရောက်အောင် စင်္ကာပူကို စတင် တည်ထောင်ခဲ့သူများ မည်သို့ မည်ပုံ ကြိုးစားခဲ့ရသည် ဆိုသည့် အတိတ်ကာလမှာ ၎င်းတို့၏ အာရုံတွင် မရှိကြတော့ပါ။ စင်္ကာပူတွင် အစစ အရာရာ အဆင်ပြေ လွယ်ကူအောင် လုပ်ထားသဖြင့် အနည်းငယ် အဆင်မပြေဖြစ်လျှင်ပင် သည်းခံတတ်ခြင်း အလျဉ်း မရှိတော့ပါ။ အလိုမကျပါက စောဒကတက်မည်၊ မကျေနပ်ချက်ကို တာဝန်ရှိသူထံ တိုင်ကြားမည် တကဲကဲ ဖြစ်နေပါပြီ။
နိုင်ငံချစ်စိတ် ဆိုသည်မှာလည်း မရှိသလောက် နည်းပါးပြီး စင်္ကာပူ၏ နိုင်ငံရေး အခြေအနေကို အားမရသည့် ပညာတတ် လူငယ်များက ရေကြည်ရာ မြက်နုရာ နိုင်ငံများသို့ ထွက်ခွာသွားကြသလို၊ စင်္ကာပူနိုင်ငံ ပြင်ပတွင် သွားရောက် ပညာသင်ကြသူ လူငယ် အများစုကလည်း အဆိုပါ နိုင်ငံများတွင်ပင် အခြေချ နေထိုင်လိုက်ကြသည်က များပါသည်။ ထို့အတွက်ကြောင့် စင်္ကာပူနိုင်ငံတွင် ဒေသတွင်း နိုင်ငံများမှ လုပ်သား လိုအပ်ချက်မှာ နှစ်စဉ် မြင့်မားလျက် ရှိသည်။ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူ၏ အဆိုအရ စင်္ကာပူရှိ လူတော် ၃၀ ရာခိုင်နှုန်း အနက် ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိ နှစ်စဉ် ဆုံးရှုံးလျက် ရှိသည်ဟု သိရသည်။

နိဂုံး
စင်္ကာပူသည် ရုပ်ဝတ္ထုပိုင်ဆိုင်မှုကို အလေးပေးလွန်းသည့် အတွက် အဖိုးအခ အဖြစ် စိတ်ဓာတ်ရေးရာပိုင်း အားနည်းမှုကို ပြန်လည် ပေးဆပ်လိုက် ရသည်ဟု မိမိအနေဖြင့် ထင်မြင်မိပါသည်။ စင်္ကာပူသည် ဒေသတွင်း နိုင်ငံ အများစုနှင့် နှိုင်းယှဉ်ပါက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သော်လည်း စိတ်ဓာတ်ရေးရာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အချိန်ပေး၍ လုပ်ရဦးမည့် အနေအထားတွင် ရှိပါသည်။ ထိုမျှမက နိုင်ငံ အကျိုးစီးပွား တိုးတက်ရေး တစ်ခုတည်းကိုသာ မကြည့်ဘဲ လူထုအကျိုးစီးပွား အတွက်ပါ ဆောင်ရွက်ရပါဦးမည်။ သို့မှသာ မကြာသေးခင်က ကွယ်လွန်သွားသည့် ဆရာ ဒေါက်တာနေ၀င်းမောင် (အောင်ထွဋ်) ၏ စကားအရ ဆိုရလျှင် “နိုင်ငံတော်လည်း ပန်းတိုင်ရောက် နိုင်ငံသားများလည်း ပန်းတိုင်ရောက်” ကြပေမည်။  စင်္ကာပူထံမှ အတုယူရန် ကောင်းသည်တို့ကိုသာ ယူကြစေလိုပါသည်။ ထို့ကြောင့် “ဒါတွေတော့ စင်္ကာပူနှင့် မတူချင်ပါနဲ့ ရန်ကုန်” ဟု အချိန်မနှောင်းခင် အသိပေးလိုက် ရပါကြောင်း။

ညီညီ(သံလွင်)

ကိုးကား
http://en.rsf.org/press-freedom-index-2010,1034.html
http://www.channelnewsasia.com/stories/singaporelocalnews/view/3286..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...