စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗာတီကန်စီးတီးကို ထွေးပိုက်ထားတဲ့ ရှေးပုံစံမပျက် ရောမမြို့



ရောမလူမျိုးများ၏ အင်ဂျင်နီယာ အတတ်ပညာနှင့် အနုပညာကို အကြီးကျယ်ဆုံး ဖော်ပြနိုင်သည့် ကိုလော်ဆီယံ 

Written by - ဒေါက်တာသိန်းမြင့်

ခရီးစဉ်အစ

အီတလီနိုင်ငံ တူရင်မြို့မှာ ကျင်းပမယ့် (၆၆)ကြိမ်မြောက် ကမ္ဘာ့သတင်းစာ ညီလာခံ၊ (၂၁) ကြိမ်မြောက် ကမ္ဘာ့အယ်ဒီတာဖိုရမ်နဲ့ (၂၄)ကြိမ်မြောက် ကမ္ဘာ့ကြော်ငြာဖိုရမ် တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရပါတယ်။ ဖိတ်ကြားခံရတယ် ဆိုပေမယ့် ညီလာခံဝင်ကြေးကအစ ကုန်ကျစရိတ် အားလုံးကို ကိုယ့်စရိတ်နဲ့ကိုယ် ကျခံရမှာဖြစ်ပါတယ်။ တူရင်ကို တိုက်ကြီးများအလိုက် (INTERCONTINENTAL) ပျံသန်းတဲ့ လေယာဉ်ပျံတွေ တိုက်ရိုက်မရောက်ရှိဘဲ ရောမမြို့နဲ့ မီလန်မြို့မှ တစ်ဆင့်သာ သွားရောက်နိုင်ပါတယ်။ ကျွန်တော်ကတော့ ရောမမြို့ကို ရောက်ချင်စိတ်နဲ့ ရောမကတစ်ဆင့် တူရင်ကိုသွားရန် စီစဉ်ခဲ့ပါတယ်။

ထိုင်းမှတစ်ဆင့် ရောမအရောက် (၁၁)နာရီခန့်သွားရတဲ့ ခရီးကတော့ မသက်သာလှပါဘူး။ ကျွန်တော်ကတော့ ရုပ်ရှင်ကြည့်တာလဲ သိပ်ဝါသနာ မပါတဲ့အတွက် ipad ထဲမှာ သိမ်းထားတဲ့ မိုးမိုးအင်းလျားရဲ့ “ပျောက်သောလမ်းမှာ စမ်းတ၀ါး”၊ “မေတ္တာကမ်းနား အချစ်သစ်ပင်”၊ ဆရာမင်းသုဝဏ် ရဲ့ “လီယာမင်းကြီး” နဲ့ ပါမောက္ခ ဦးဖေမောင်တင်ရဲ့ “မြန်မာစာပေသမိုင်း” တို့ကို ဆက်တိုက်ဖတ်မိပါတယ်။

လေယာဉ်တစ်စင်းလုံးနီးပါး အိပ်မောကျပြီး လေယာဉ်သံမှလွဲရင် ဘာမှမကြားရတဲ့အချိန် စာအုပ်တွေကို မနားတမ်းဖတ်ရတာ တော်တော်အရသာ ရှိပါတယ်။ အိပ်ဖို့တောင်တကယ်ပဲ မေ့သွားတယ်။ စာဖတ်လို့ မျက်စိခဏ ညောင်းသွားတဲ့အချိန်မှာ ကိုယ်တိုင် (SELF) ဆောင်းပါးတစ်ပုဒ်ကို အပြေးအလွှား ရေးဖြစ်လိုက်ပါသေးတယ်။ ဗန်ကောက်က ည ၁၂ နာရီကျော်ထွက်တဲ့ လေယာဉ် ရောမမြို့ကိုရောက်တဲ့ အချိန်မှာ နံနက် (၆) နာရီခွဲပဲ ရှိပါသေးတယ်။ သွားရတဲ့အချိန် ကြာပေမယ့် အချိန်(၅)နာရီ အမြတ်ထွက်တဲ့အတွက် ရောမမြို့ကို စောစောစီးစီး ရောက်နေခြင်းဖြစ်ပါတယ်။ စောစောစီးစီး ဆိုပေမယ့် ရောမမြို့တစ်ခုလုံးက လင်းထိန်နေပါပြီ။ နွေရာသီရောမမြို့မှာ နေ့တာရှည်ပြီး ည(၁၀)နာရီကျော်မှာသာ နေ၀င်ကြောင်း နောက်ပိုင်းမှာ သိလာရပါတယ်။

ရောမလေဆိပ်နဲ့ ရောမမြို့

ရောမလေဆိပ်က ကြီးကျယ်ခမ်းနားမှု သိပ်မရှိပေမယ့် ကျယ်ဝန်းလှပါတယ်။ ဆိုက်ရောက်တဲ့ နေရာကနေ ထွက်ခွာမယ့်နေရာအထိ လေယာဉ်ကွင်းထဲမှာ ရထားနဲ့ ထပ်သွားရပါသေးတယ်။ လေဆိပ်ထဲရှိ တွန်းလှည်းတွေကို နှစ်ယူရိုထည့်မှသာ ယူလို့ရတဲ့အတွက် ယူရိုငွေအကြွေမပါသွားတဲ့ ကျွန်တော့်အတွက်တော့ ခရီးဆောင်အိတ်တွေကို ကိုယ်တိုင်ပဲ ယူဆောင်ခဲ့ရပါတယ်။ ထူးခြားတာက (Arrival) စာရွက်ကိုပုံစံဖြည့်တဲ့ စနစ်မရှိတဲ့အပြင် လူဝင်မှုကြီးကြပ်ရေး ဌာနကလည်း နိုင်ငံကူးလက်မှတ်ကိုသာ မှတ်တမ်းတစ်ချက် ယူလိုက်တဲ့အတွက် လွယ်လွယ်ကူကူ လေဆိပ်အပြင် ရောက်ခဲ့ပါတယ်။
 

  ရောမလေဆိပ်အထွက် မြင်ကွင်းက တချို့နိုင်ငံတွေမှာလို ပန်းပင်တွေ စိုက်မထားလို့ မလှပဟု ဆိုနိုင်သော်လည်း သန့်ရှင်းသပ်ရပ်မှုကတော့ နှစ်လိုဖွယ် ဖြစ်ပါတယ်။ အထပ်မြင့်တိုက်များ မမြင်ရသလောက်ပါပဲ။ တိုက်အားလုံးနီးပါးကို ရှေးဟောင်း အဆောက်အအုံတွေထက် ကျော်လွန်မှုမရှိစေလိုတဲ့ သဘောနဲ့ လေးထပ် ငါးထပ်သာ ဆောက်ခွင့်ပြုထားကြောင်း မြို့ထဲရောက်တဲ့အခါ တွေ့ရပါတယ်။ အထပ်အမြင့်တိုက်တွေကို သီးသန့်နေရာပေးပြီး မြို့ဟောင်းနဲ့ ခပ်လှမ်းလှမ်းမှာ ဆောက်ခွင့်ပေးထားတယ်လို့ သိရပါတယ်။ ရန်ကုန်မှာလည်း တစ်မိုင်ဝန်းကျင်မှာ အထပ်မြင့်မဆောက်ရဆိုပြီး စည်းမျဉ်းတွေ ထုတ်ထားပေမယ့် တင်းတင်းကျပ်ကျပ် တိတိကျကျ လုပ်ဆောင်သင့်ပါတယ်။ တစ်မိုင်ဆိုတာကလည်း နည်းလွန်းပါတယ်။ ရွှေတိဂုံဝန်းကျင်မှာ အထပ်မြင့်တိုက်တွေ အလျှိုအလျှိုပေါ်လာလို့ “ရွှေတိဂုံကိုမြင်ရင်” သီချင်းတော့ ပြန်ပြင်ရတော့မယ်ထင်တယ်။

အင်တာနက်အားကိုးနဲ့ မိမိတို့ရောက်နေတဲ့နေရာ၊ သွားရမယ့် နေရာတွေကို လေ့လာပါတယ်။ ကိုလော်ဆီယံ (Colosseum) နဲ့ ဗာတီကန်စီးတီး (Vatican City) ကိုတော့ မဖြစ်မနေသွားမယ်လို့ စဉ်းစားထားပါတယ်။ တည်းတဲ့နေရာက မြေပုံလေးပေးလိုက်ပြီး ဘယ်နေရာဘယ်လို သွားမယ်ဆိုတာ အကြမ်းညွှန်ပြလိုက်လို့ အတော်အဆင်ပြေ သွားပါတယ်။ အနီးဆုံးမြေအောက် ဘူတာရုံကို အရင်ရှာပါတယ်။ (၁၀)မိနစ်လောက် လျှောက်ပြီးတဲ့အခါ မြေအောက်ဘူတာရုံကို ရောက်ပါတယ်။ တစ်ယူရိုခွဲ လက်မှတ်ဖြတ်ထားရင် မြေအောက်ရထား၊ ဓာတ်ရထားတို့ကို တစ်နေကုန်ကြိုက်သလို စီးလို့ရပါတယ်။

ကိုလော်ဆီယံ

ကိုလော်ဆီယံကို ပထမဆုံး လွယ်လွယ်ကူကူပဲ ရောက်ရှိသွားပါတယ်။ ခရီးသွားတွေပါးတဲ့ ရာသီဖြစ်လို့ တန်းစီတဲ့အတန်း တိုတာကြောင့် အထဲကို မြန်မြန်ဝင်ရောက် ကြည့်ရှုလေ့လာခွင့် ရရှိခဲ့ပါတယ်။ ကိုလော်ဆီယံ ဆိုတာက ဘဲဥပုံသဏ္ဌာန်ရှိ အမိုးမပါတဲ့ ပွဲကြည့်စင်အ၀ိုင်းကြီးဖြစ်ပြီး ကွန်ကရစ် ကျောက်တုံးများနဲ့ တည်ဆောက်ထားပါတယ်။ ရောမလူမျိုးများရဲ့ အင်ဂျင်နီယာ အတတ်ပညာနဲ့ အနုပညာကို အကြီးဆုံး ဖော်ပြနိုင်မှုရဲ့ ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ၎င်းကို ရောမဘုရင် ဗက်စ်ပါရှမ်က အေဒီ (၇၀) မှာတည်ဆောက်ခဲ့ပြီး သူ့ကိုဆက်ခံသူ တီတက်လက်ထက် အေဒီ(၈၀)မှာ ပြီးဆုံးခဲ့ပါတယ်။ ပွဲကြည့်ပရိသတ် (၅၀၀၀၀) မှ (၈၀၀၀၀) အထိ ဆံ့တဲ့အတွက် ရောမအင်ပါယာခေတ်က အကြီးဆုံးပွဲကြည့်စင်ကြီး ဖြစ်ခဲ့သလို ကမ္ဘာပေါ်ရှိ ပွဲကြည့်စင်များတွင် အကြီးဆုံးပွဲကြည့်စင် ဖြစ်ပါတယ်။

၎င်းနေရာမှာ လူနဲ့ ခြင်္သေ့အပါအ၀င် တိရစ္ဆာန်များနဲ့ သတ်ပွဲများ၊ လူအချင်းချင်း စီးချင်းထိုးသတ်ပွဲများ၊ လူအများအဖွဲ့လိုက် သတ်ပွဲများ အပါအ၀င် သတ်ပွဲပေါင်းများစွာ ကျင်းပပြီး ဘုရင်အပါအ၀င် ပရိသတ်ပေါင်း များစွာက အရသာခံကြည့်ရှု ကြပါတယ်။ ရက်ပေါင်း(၁၀၀)အတွင်း ပြုလုပ်သော သတ်ဖြတ်ပွဲများအတွက် တိရစ္ဆာန်အရိုင်း (၉၀၀၀) ကျော် သေဆုံးခဲ့ကြောင်း မှတ်တမ်းတချို့မှာ ဖော်ပြထားပါတယ်။ ရောမလူမျိုးတွေ အနေနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်အောင်မြင်စေဖို့ ရည်ရွယ်ချက်နဲ့ အခုကဲ့သို့ စစ်ပွဲပုံသဏ္ဌာန် တိုက်ခိုက်သတ်ဖြတ်မှုများကို လေ့ကျင့်မွေးမြူခြင်းဖြစ်ကြောင်း ရှင်းလင်းချက်တချို့မှာ တွေ့ရပါတယ်။

အင်ပါယာကွန်စတင်း လက်ထက်မှာ ဂလက်ဒီယေတာပုံစံ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ရောမတို့ဟာ ဓလေ့ထုံးစံဖြစ်နေတဲ့ သတ်ပွဲတွေကို စွန့်လွှတ်ချင်စိတ် မရှိခဲ့ကြပါဘူး။ (၅) ရာစုအစပိုင်းမှာ ဘုန်းတော်ကြီး တယ်လီမာချူးက ဂလက်ဒီယေတာ သတ်ပွဲအတွင်း ကြားခံဝင်ရောက် ထိန်းသိမ်းဟန့်တားခဲ့ပြီး ပွဲကြည့်ပရိသတ်တွေနဲ့ ပြဿနာဖြစ်ရာမှ အစပြု၍ အဲဒီလို သတ်ပွဲများ လုံးဝရပ်ဆိုင်းခဲ့ရတယ်။

ဘဲဥပုံသဏ္ဌာန်ရှိတဲ့ ကိုလော်ဆီယံဟာ အကျယ်ဆုံးနေရာမှာ (၁၈၇)မီတာနဲ့ အကျဉ်း ဆုံးနေရာမှာ (၁၅၅) မီတာရှိပြီး မီတာ(၅၀)မြင့်ပါတယ်။ ၎င်းကို ကွန်ကရစ် ကျောက်တုံးများနဲ့ တည်ဆောက်ထားတဲ့အတွက် ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သော်လည်း ခရစ်နှစ်(၄၄၂ နှင့် ၅၀၈)တွင် လှုပ်ခဲ့သော မြေငလျင်များကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ ရောမအင်ပါယာလည်း အဆုံးသတ်ခဲ့ပါတယ်။ ဂလက်ဒီယေတာ သတ်ပွဲများကျင်းပတဲ့ နေရာကို ပုံမှန်ကြည့်လျှင် သာမန်မြေပြင်ဟု ထင်ရသော်လည်း အောက်ပိုင်းမှာ အခန်းအကန့်ပေါင်း မြောက်မြားစွာ ရှိကြောင်းလည်း ယခုတွေ့ရတဲ့ အပျက်အစီးပုံတွေအရ သိရသည်။

ကိုလော်ဆီယံကနေ စိတ်မသက်သာစွာ ပြန်ခဲ့ပြီးနောက် မစားဖူးသေးတဲ့ ပီဇာကို နံနက်စာအဖြစ် စားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အီတလီပီဇာက ကမ္ဘာမှာ နာမည်ကြီးပေမယ့် ကျွန်တော်တို့တွေ မြန်မာပါးစပ်နဲ့တော့ ခံတွင်းမတွေ့၊ အာသာမပြေလှပါဘူး။ အဲဒါကြောင့် အသီးတွေနဲ့ ဒိန်ချဉ်ကိုပဲစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသီးမျိုးစုံက တော်တော် ပေါပါတယ်။ လတ်လည်းလတ်ပြီး အလုံးလည်းကြီးတယ်။ အရသာကောင်းပြီး သြဇာဓာတ်လေးနက်တယ်။ ရန်ကုန်မှာအရမ်းရှားတဲ့ ချယ်ရီသီးဆို တစ်ကီလိုကို မြန်မာငွေ (၄၀၀၀) လောက်ပဲကျတယ်။

ဗာတီကန်စီးတီး

နေ့လယ်ပိုင်းမှာ မြေပုံကိုကြည့်ပြီး ဗာတီကန်စီးတီးကို သွားခဲ့ပါတယ်။ ဗာတီကန်စီးတီးဟာ (၁၉၂၉)ခုနှစ်မှာ အီတလီနိုင်ငံက ခွဲထွက်ပြီး ပုပ်ရဟန်းမင်း အဆက်အဆက် အုပ်ချုပ်ခဲ့တဲ့ ရောမမြို့အတွင်းရှိ ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံငယ်လေး ဖြစ်ပါတယ်။ အကျယ်အ၀န်းမှာ (၁၁၀) ဧကရှိပြီး လူဦးရေ စုစုပေါင်း (၈၄၀) ခန့်ရှိပါတယ်။ ဗာတီကန်ကို ကျွန်တော်တို့ရောက်တဲ့ အချိန်မှာ ညနေစောင်းနေပါပြီ။ မြေအောက်ရထားဘူတာမှ လမ်းလျှောက်သွားရင် (၁၅) မိနစ်ခန့်အကြာမှာ ရောက်ပါတယ်။ သွားတဲ့သူ၊ ပြန်တဲ့သူ၊ အထိမ်းအမှတ်ပစ္စည်း ရောင်းတဲ့သူတွေနဲ့ ဗာတီကန်သွားတဲ့ လမ်းတစ်လျှောက်မှာ လူတွေနဲ့ပြည့်နှက်လျက် ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဘုရားဖူးပရိသတ်တွေကို ထွက်တွေ့တဲ့နေရာအထိ ကျွန်တော်တို့ ရောက်ခဲ့ပေမယ့် ရှည်လျားလှတဲ့ တန်းစီသူတွေကြောင့် ပြတိုက်ထဲတော့ ၀င်မကြည့်ဖြစ်ခဲ့ပါဘူး။ ကျွန်တော့်အတွက်တော့ ရောက်ဖူးအောင် သွားသင့်တဲ့နေရာတစ်ခုကို ရောက်သွားတာကိုပဲ ကျေနပ်လှပါတယ်။ ဒါပေမဲ့ ခရစ်ယာန် ဘာသာဝင်တွေ အတွက်တော့ အခြေအနေပေးပါက မဖြစ်မနေသွားသင့်တဲ့နေရာလို့ မှတ်ယူပါတယ်။ ရောမမြို့ဟာ ခရစ်ယာန်ဘုရားကျောင်း (၉၀၀) ကျော်ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ ဘုရားရှိခိုးကျောင်း အများဆုံးရှိတဲ့မြို့လို့ ဆိုရမှာဖြစ်ပါတယ်။ အများစုဟာ ကက်သလစ်ဘုရားကျောင်း တွေဖြစ်ပြီး ကြီးကျယ်ခန်းနားစွာ တည်ဆောက်ထားပါတယ်။

ဗာတီကန်က အပြန်လမ်းမှာတွေ့ရတဲ့ ATM ငွေစက်တစ်လုံးမှာ MAB ဘဏ်ရဲ့ ခရက်ဒစ်ကတ်သုံးပြီး ယူရို ၁၀၀ စမ်းထုတ်ကြည့်ရာ အဆင်ပြေပါတယ်။ လက်ကျန်ငွေ စစ်ကြည့်ရာမှာလည်း ယူရိုနဲ့ စာရင်းထွက်ပါတယ်။ ဥရောပသွားတဲ့သူတွေ ခါးပိုက်နှိုက်ခံနေရကြောင်း မကြာခဏ ကြားနေရပါတယ်။ ငွေတွေအများကြီး သယ်သွားစရာ မလိုဘဲ မြန်မာဘဏ်တွေက ခရီးသွားကတ်တွေဟာ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။

ရောမမြို့နဲ့ ဂျူလီယက်ဆီဇာ

၁၀၀ ဘီစီမှာ မွေးခဲ့တဲ့ ဂျူလီယက်ဆီဇာဟာ ရောမဗိုလ်ချုပ်၊ နိုင်ငံခေါင်းဆောင်၊ တရားသူကြီးချုပ်နဲ့ လက်တင်ဘာသာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။ စစ်တိုက်ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး အသက် ၅၆ (၄၄ ဘီစီ) အရွယ်မှာ လုပ်ကြံခံရပြီး သေဆုံးခဲ့ပါတယ်။ သူဟာ စစ်ဗိုလ်ချုပ်မှ အာဏာရှင် ဖြစ်လာသူဖြစ်ပြီး ရှိတ်စပီးယား ပြဇာတ်ကြောင့် နာမည်ကျော်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်အနေနဲ့ ဘီစီ ၄၆ မှာ တည်ဆောက်ခဲ့တဲ့ “ဖိုရမ်အော့ဖ်ဂျူလီယက်ဆီဇာ” အဆောက်အဦအကြွင်းအကျန် ကျောက်တိုင် အကျိုးအပဲ့တွေကိုသာ တွေ့ရှိရပါတယ်။

ကျွန်တော့်ရဲ့ ညနေစာကိုတော့ ပေါင်မုန့်တစ်လုံး၊ ကပူချီနိုကော်ဖီတစ်ခွက်၊ သစ်သီးစုံနဲ့ အဆုံးသတ်လိုက်တယ်။ fruit dinner ဖြစ်သွားတာပေါ့။ တစ်ယူရိုပေးရတဲ့ ကပူချီနိုကတော့ အရသာရော၊ အနံ့ရော အရမ်းကောင်းပါတယ်။ ရာဇ၀င်မှာ ROMANTIC စကားလုံးတွင်အောင် ထင်ရှားကျော်ကြားခဲ့တဲ့ ရောမမြို့ကြီးဟာ အခုထိလည်း ခမ်းနားကြီးကျယ် နေတုန်းပါပဲ။ ကမ္ဘာပေါ်မှာ လည်ပတ်မှုအများဆုံး နေရာများအနက် တစ်ခုအဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။ “ရောမကိုရောက်ရင် ရောမလို ကျင့်ရမယ်” ဆိုတဲ့ မြန်မာတွေရဲ့ ဆိုရိုးစကား ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ရောမကို ရောက်ခဲ့ပေမယ့် ရောမသားတွေလို ကျင့်ဖို့ခက်ခဲခဲ့ပါတယ်။



https://www.facebook.com/photo.php?fbid=698479770189649&set=a.21132910557138

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...