စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘောဇဘဏ်က အပ်ငွေအတိုးနှုန်း တိုးမြှင့်ပေး

             


ကမ္ဘောဇဘဏ်က ဘဏ်တွင် Deposit အပ်နှံထားသော အပ်ငွေများအပေါ် ပေးသော အတိုးနှုန်းများကို သြဂုတ် ၁ ရက်မှစကာ တိုးမြှင့်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Deposit အပ်ငွေများအပေါ်တွင် အတိုးနှုန်းတိုးမြှင့်ရာတွင် ငွေစုဘဏ်အပ်ငွေနှင့် စာရင်းသေ အပ်ငွေနှစ်မျိုးစလုံးပေါ်တွင် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

‘‘အဓိက,က ကိုယ့်ဘဏ်နဲ့ အမြဲလုပ်နေတဲ့ Customer တွေ အဆင်ပြေအောင် တိုးပေးတာ။ အခုက ကုန်ဈေးနှုန်းတွေကလည်း တက်သွားတယ်ဆိုတော့ ပင်စင်စားတွေအားလုံး အဆင်ပြေအောင် အခုလိုတိုးပေးလိုက်တာ ပါ’’ဟု အဆိုပါဘဏ်မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်ချောစုက ပြောသည်။
ငွေစုဘဏ်အပ်ငွေအပေါ် လက်ရှိကာလ အတိုးနှုန်း ၈ ရာခိုင်နှုန်း ပေးနေရာမှ ၈ ဒသမ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားမည်ဖြစ်သည့်အတွက် ငွေစုဘဏ်အပ်ငွေအဖြစ် အပ်နှံထားသူများမှာ ယခင်က ကျပ်တစ်သိန်းအပ်နှံပါက တစ်နှစ်လျှင် အတိုးနှုန်း ၈,၀၀၀ ကျပ် ရရှိရာမှ ယခုအခါ ၈,၂၅၀ ကျပ် ရရှိတော့မည်ဖြစ်သည်။

ထို့အတူ စာရင်းသေအပ်ငွေအဖြစ် အပ်နှံသူများက တစ်လအပ်ငွေအပေါ် ယခင် ၈ ရာခိုင်နှုန်းပေးနေရာမှ ၉ ရာခိုင်နှုန်းသို့ မြှင့်လိုက်သည့်အတွက် ကျပ်တစ်သိန်းအပ်နှံထားလျှင် အတိုး ယခင် ၈,၀၀၀ ကျပ် ရရှိသူမှာ ယခု ၉,၀၀၀ ကျပ် ရရှိမည်ဖြစ်သည်။

စာရင်းသေအပ်ငွေ သုံးလ အပ်နှံသူမှာ ယခင်က ၈ ဒသမ ၅၀ ရာခိုင်နှုန်းမှ ယခု ၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအပ်နှံ သူမှာ ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၅၀ ရာခိုင်နှုန်း၊ ကိုးလအပ်နှံသူမှာ ၉ ဒသမ ၅၀ ရာခိုင်နှုန်းရရှိနေရာမှ ၉ ဒသမ ၇၅ ရာခိုင်နှုန်းအထိရရှိ မည်ဖြစ်သည်။

 စာရင်းသေအပ်ငွေတွင် လပိုင်းအပ်နှံမှုများအပေါ် အတိုးနှုန်းမြှင့်လိုက်သော်လည်း တစ်နှစ် (၁၂ လ)အပ်နှံမှုအပေါ်တွင် ယခင် ၁၀ ရာခိုင်နှုန်းအတိုင်းသာ ပေးသွားမည်ဖြစ်သည်။
‘‘ဒီလို အတိုးနှုန်းတွေ တိုးပေးလိုက်တာ အပ်တဲ့သူတွေအတွက် ကောင်းသွားတာပေါ့။ ဒါကလည်း ဗဟိုဘဏ်က သတ်မှတ်ပေးတဲ့ ဘောင်အတွင်းမှာပဲ ထပ်တိုးလိုက်တာဆိုတော့ ဒီလိုတိုးလိုက်တာဆို တော့ ဗဟိုဘဏ်အနေနဲ့ကတော့ ဘာမှပြောဖို့မရှိပါဘူး’’ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းဘဏ်များသည် အပ်ငွေများ အပေါ် အနည်းဆုံး ၈ ရာခိုင်နှုန်းမှ အများဆုံး ၁၃ ရာခိုင်နှုန်းအထိ ပေးနိုင်သည်ဟု သတ်မှတ်ထား သည်။
‘‘ဒီလိုအပ်ငွေအပေါ်မှာ အတိုးနှုန်းမြှင့်ပေးလိုက်တော့ အပ်တဲ့သူတွေကလည်း အပ်ချင်သွားတယ်။ အပြင်မှာလှည့်နေတဲ့ငွေ တွေဘဏ်ထဲကိုဝင်သွားပြီး ဘဏ်က လိုတဲ့သူတွေကို ပြန်ချေးလို့ရတော့ ငွေကြေးလည်ပတ်မှုတွေလည်း ကောင်းသွားတာပေါ့’’ ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။

‘‘အခုအတိုးနှုန်းတွေ တိုးပေးလိုက်သလို ချေးငွေအပေါ်မှာယူတဲ့ အတိုးနှုန်းတွေကိုလည်း လျှော့ချသင့်ပါတယ်’’ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၎င်း၏အမြင်ကို ဆိုသည်။
 ယခုကဲ့သို့ အပ်ငွေအပေါ် တွင် ကမ္ဘောဇဘဏ်မှ စတင်ကာ အတိုးနှုန်းများကို တိုးမြှင့်ပေးလိုက်ပါက အခြားသောဘဏ်များ၏ အတိုးနှုန်းများမှာလည်း တိုးလာနိုင်ဖွယ်ရှိသည်။


http://www.7daydaily.com/story/15999#.U8fXBLHzuSp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...