စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ဖလား ပြိုင်ပွဲမှ ရယ်မောစရာ ဖြစ်ရပ်(၁၀)ခု



ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ယှဉ်ပြိုင်ကစားနေသည်မှာ အကြိုဗိုလ်လုပွဲ အဆင့်ထိ ရောက်ရှိနေပြီး မကြာမီ ရက်ပိုင်းအတွင်း ပြီးဆုံးတော့မည် ဖြစ်သည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ကမ္ဘာကျော် ဘောလုံးအသင်းများ၊ ကစားသမားများ၏ ခြေစွမ်းက ပရိသတ်များအတွက် စိတ်လှုပ်ရှားမှုအပြည့် ပေးစွမ်းနိုင်ခဲ့သလို အဆီအငေါ် မတည့်သည့် အခြေအနေလေးများ၊ လွဲချော်မှုလေးများကလည်း ဟာသရသများ ဖန်တီးပေးခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ထူးခြားသည့် အဖြစ်အပျက် အချို့အနက်မှ သတင်းဌာန အများစုက အသားပေး ဖော်ပြခဲ့သည့် အမှတ်ရစရာ၊ အံ့ဩစရာ၊ ရယ်မောစရာ ရသများ ပေးစွမ်းခဲ့သည့် အလွဲ (၁၀)ခုကို Daily Mail က ကောက်နုတ်ဖော်ပြထားသည်။



၁။ အာဂျင်တီးနား နည်းပြ၏ အမူပိုပိုစိတ်ပျက်မှု
ဘယ်လ်ဂျီယံနှင့် ကစားသည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင် အာဂျင်တီးနား တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်းသည် ပြိုင်ဘက်ခံစစ်ကြောင်းကို ကျော်ဖြတ်ပြီး ကန်သွင်းရာ ဂိုးဘားတန်းကို ဘောလုံးထိထွက်သွားသည်။

အဆိုပါ ဖြစ်ရပ်ကို ကွင်းဘေးမှ တွေ့မြင်လိုက်ရသည့် နည်းပြ အလက်ဂျန်ဒရို ဆာဘဲလာက အလွန်စိတ်ပျက်သွားဟန်ဖြင့် မျက်လုံးကိုမှိတ်ပြီး ခန္ဓာကိုယ်ကို နောက်ဘက်သို့ လှန်ချလိုက်ရာ အရှိန်လွန်ပြီး လဲကျလုမတတ် ဖြစ်သွားခဲ့သည်။

ယင်းဖြစ်ရပ်ကို ခြေသွက်လက်သွက် ရှိလှသည့် သတင်းသမားများက အမိအရ မှတ်တမ်းဗီဒီယို ရိုက်ယူထားနိုင်ပြီး ကမ္ဘာ့ဖလား၏ ရယ်စရာ အကောင်းဆုံး အခိုက်အတန့် တစ်ခုအဖြစ် ညွှန်းဆိုခဲ့ကြသည်။



၂။ ဂျာမနီ၏ ဆိုးရွားလှသည့် ပြစ်ဒဏ်ဘောကန်ချက်
ကမ္ဘာ့ဖလားတွင် လွဲချက်နာသည့် ဒုတိယဇာတ်ကောင်မှာ ဂျာမနီအသင်း၏ တိုက်စစ်မှူး သောမတ်စ်မူလာ ဖြစ်သည်။ အယ်လ်ဂျီးရီးယားနှင့် ရှုံးထွက်အဆင့် ယှဉ်ပြိုင်ကစားသော ပွဲစဉ်တွင် ဂျာမနီအသင်း ပြစ်ဒဏ်ဘောကန်ရန် ပြင်ဆင်ရာမှ မူလာ ချော်လဲခဲ့သည့် ဖြစ်ရပ်မှာ ကမ္ဘာ့ဖလားတွင် ပရိသတ်များ ကျီစယ်သည့် ပုံရိပ်တစ်ခုလည်း ဖြစ်လာသည်။

ဂျာမနီကစားသမား လေးဦးမျှ ဘောလုံးအနီး ဝန်းရံနေပြီး မူလာက အယောင်ပြ ပြေးလွှားရင်း ခြေချော်ကာ မှောက်ခုံကြီး လဲကျသွားခြင်း ဖြစ်သည်။ ဂျာမနီ နောက်ခံလူ ဘင်နဒစ်ခ် ဟောင်ဝီဒက်စ်က “ကျွန်တော်တို့ ပြစ်ဒဏ်ဘောကန်ဖို့ သေချာ လေ့ကျင့်ထားတာပါ။ ဒီဖြစ်ရပ်ကတော့ ကံဆိုးသွားတယ်ပဲ ပြောရမှာပဲ”ဟု ပြောကြားခဲ့သည်။



၃။ အောင်ပွဲခံရင်း ချော်လဲခဲ့သည့် နေမာ
နေမာသည် လက်ရှိတွင်မူ ကျောရိုးမှ အဆစ်တစ်ခု ကျိုးအက်သည့် ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနှင့် လွဲချော်နေပြီ ဖြစ်သည်။ ဘရာဇီးအသင်း၏ တိုက်စစ်သူရဲကောင်းသည် ပြိုင်ပွဲ၏ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ခဲ့သလို ရယ်ရွှင်ဖွယ် အခိုက်အတန့်များ စာရင်းတွင် ပါဝင်မည့် အခြေအနေ တစ်ခုလည်း ကြုံခဲ့သေးသည်။

ဘရာဇီးနှင့် ကိုလံဘီယာတို့ ကစားသည့် ကွာတားဖိုင်နယ်တွင် သီယာဂိုဆေးလ်ဗားက အဖွင့်ဂိုး သွင်းယူပြီးနောက် ဘရာဇီး အသင်းဖော်များနှင့်အတူ အောင်ပွဲခံခဲ့သည်။ နေမာကလည်း အသင်းဖော်များထံ သွားရောက်ပူးပေါင်းစဉ် အောက်ခြေလွတ်ပြီး ချော်လဲသွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည်လည်း ကင်မရာများတွင် ထင်ထင်ရှားရှား မှတ်တမ်းတင်ပြီးသား ဖြစ်သွားသည်။

ယင်းပွဲစဉ် နှောင်းပိုင်းတွင် ကိုလံဘီယာ ခံစစ်မှူး ဟွမ်ဇူနီဂါ၏ ကစားပုံ ကြမ်းမှုကြောင့် နေမာသည် ကျောရိုးဆစ် ကျိုးသွားပြီး ကွင်းထဲမှ ထမ်းစင်ဖြင့် ထွက်ခွာသွားရသည်။



၎။ ဂျိမ်းစ်ရိုဒရီဂွတ်ဇ်နှင့် ဧရာမနှံကောင်ကြီး
ကမ္ဘာ့ဖလားတွင် (၆)ဂိုးသွင်းယူခဲ့သည့်နောက် ကိုလံဘီယာ အသင်း၏ Playmaker ရိုဒရီဂွတ်ဇ်သည် ပြိုင်ပွဲတွင် အထင်ရှားဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့သည်။

ဘရာဇီးအသင်းက ကိုလံဘီယာကို (၂-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင်မူ ရိုဒရီဂွတ်ဇ်သည် ၎င်း၏ ခြေစွမ်းအပြင် အဖော်ကောင်း တစ်ဦးကြောင့်ပါ ပိုမိုကျော်ကြားခဲ့သည်။ အဆိုပါ အဖော်မှာ အရွယ်အစား ကြီးမားသည့် နှံကောင်ကြီး တစ်ကောင်ဖြစ်သည်။ အစိမ်းရောင် အင်းဆက်ပိုးကောင်ကြီးသည် ကမ္ဘာကျော် ဘောလုံးသမား(၂၂)ဦး အကြိတ်အနယ် ယှဉ်ပြိုင်နေသည့် ကွင်းထဲသို့ ကျူးကျော်လာပြီး ရိုဒရီဂွတ်ဇ်၏ ညာလက်မောင်းတွင် တွယ်ကပ် နားနေခဲ့သည်။ ရိုဒရီဂွတ်ဇ်က ဘရာဇီးဘက်သို့ ပင်နယ်တီ ကန်သွင်းပြီး အောင်ပွဲခံနေချိန်၌ပင် နှံကောင်ကြီးက ၎င်းနှင့်အတူ မခွဲမခွာ ရှိနေခဲ့သည်။



၅။ လက်ရှက်သွားရှာသည့် စည်းကြပ်ဒိုင်
လူတစ်ဦးကို လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်ချိန်တွင် ထိုသူက လက်လွှဲသွားသည့်အခါ ရှက်အမ်းအမ်း ဖြစ်သွားရသော အတွေ့အကြုံမျိုး လူတိုင်းလိုလို ဖြတ်သန်းကြုံကြိုက်ဖူးကြသည်။ ချီလီနှင့် စပိန်တို့ ကစားသည့် အုပ်စုပွဲစဉ်တွင် စည်းကြပ်ဒိုင် တစ်ဦးခမျာ ကင်မရာများ ရှေ့မှောက်တည့်တည့်တွင် ထိုကဲ့သို့ ကြုံခဲ့ရရှာသည်။

၎င်းသည် ပြိုင်ပွဲတာဝန် ရှိသူတစ်ဦးကို လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးသော်လည်း ထိုသူက အလှည့်ကျော်သွားသဖြင့် ရှက်အမ်းအမ်းဖြင့် ကျန်နေခဲ့သည်။ သို့သော်လည်း အခြေအနေကို မြန်မြန်ဆန်ဆန် ထိန်းသိမ်းသည့် အနေဖြင့် စည်းကြပ်ဒိုင်က ၎င်း၏လက်ကို ဆံပင်ပွတ်သပ်သည့်နှယ် ပြောင်းလဲလိုက်ပြီး စပိန်ဂိုးသမား အိုင်ကာ ကားဆီးလက်စ်ကလည်း နှစ်သိမ့်သည့် အနေဖြင့် ပြုံးပြခဲ့သည်ကို တွေ့ရသည်။ ထို့နောက် အစောပိုင်းက လက်ရုပ်သွားသည့် တာဝန်ရှိသူက ဒိုင်လူကြီး အားလုံးကို အစဉ်လိုက် ပြန်လည် နှုတ်ဆက်လာပြီး ယင်းစည်းကြပ်ဒိုင်ကို လက်ဆွဲနှုတ်ဆက်သွားခဲ့သည်။



၆။ ဗယ်လ်ဘူနာနှင့် Mascot ထွားထွားကြီး
ဘောလုံးပြိုင်ပွဲများ မစတင်မီ ကစားသမားများကို လာဘ်ကောင် (Mascot) ကလေးငယ်လေးများနှင့် တွဲဖက်ပေးပြီး ကွင်းထဲဝင်ရောက်စေသည်မှာ အစဉ်အလာ တစ်ခုလည်း ဖြစ်သည်။

ပြင်သစ်နှင့် ဂျာမနီတို့ ကစားသည့် ကွာတားဖိုင်နယ် ပွဲစဉ်တွင်မူ တောင်ပံကစားသမား မက်သရူး ဗယ်လ်ဘူနာနှင့် ၎င်း၏ Mascotတို့ အတွဲအဖက်မှာ ရယ်မောစရာ ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဗယ်လ်ဘူနာက ပြင်သစ်တစ်သင်းလုံးတွင် အပုဆုံးဖြစ်ပြီး Mascot အားလုံးတွင် လူကောင်အထွားဆုံး ကလေးငယ်နှင့် တွဲဖက်ထားရ၍ ဖြစ်သည်။ ဗယ်လ်ဘူနာနှင့် Mascot ကလေးငယ်တို့မှာ အရပ်ချင်း မတိမ်းမယိမ်းမျှ ဖြစ်နေရာ အင်တာနက်ပေါ်မှ လူနောက်များက ၎င်းတို့နှစ်ဦးကို ခေါင်းချင်းလဲလှယ် တပ်ဆင်ပေးထားသည့် ဓာတ်ပုံများဖြင့် နောက်ပြောင်ခဲ့ကြသည်။



၇။ ပြိုင်ဘက်ကို ကိုက်ခဲ့မှုအား ဖုံးကွယ်ရန် ဆွာရက်ဇ်၏ ကြိုးပမ်းမှု
အီတလီနှင့် ဥရုဂွေးတို့ အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာတွင် ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြိုင်ဘက် ကစားသမား ဂျော်ဂျီယို ချီလီယေနီ၏ ပခုံးကို ကိုက်ခဲ့သည်။

ပခုံးသားပေါ်တွင် အကွင်းလိုက် ထင်နေသည့် သွားရာကို ချီလီယေနီက ဒိုင်လူကြီးအား ပြသတိုင်ကြားနေစဉ် ဆွာရက်ဇ်က ၎င်းသည် ချီလီယေနီနှင့် မတော်တဆ ထိခိုက်ခဲ့သည့်နှယ် ဟန်ဆောင်နေသလို မျက်နှာကိုပါ လက်ဖြင့်အုပ်ပြီး နာကျင်နေပုံမျိုး ပြုလုပ်ပြခဲ့သည်။

ဆွာရက်ဇ်၏ ဟန်ဆောင်မှုမှာ ပွဲချိန်အတွင်းတွင် ဒိုင်၏ အရေးယူမှုမှ ကင်းလွတ်ပြီး အထိုက်အလျောက် အောင်မြင်ခဲ့သော်လည်း FIFA က သီးခြားစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၎င်းကို ဘောလုံးလောကနှင့် (၄)လ ကင်းကွာစေရန် အမိန့်ချမှတ်ခဲ့သည်။



၈။ ဘရာဇီးမှ သေဆုံးမှုတစ်ခု
တိုက်ဆိုင်မှု တစ်ခုကြောင့် ရယ်မောစရာ အခြေအနေအဖြစ် မီးမောင်းထိုး ခံရသူမှာ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)၏ ဥက္ကဋ္ဌ ဂရက်ဒိုက်ခ်ဖြစ်သည်။ အင်္ဂလန်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အုပ်စုအဆင့်မှပင် ရလဒ်ဆိုးများဖြင့် ထွက်ခွာခဲ့ရသော အသင်းဖြစ်သည်။

ဘရာဇီးမြေတွင် အင်္ဂလန်အသင်း ရလဒ်ဆိုးခဲ့ခြင်းမှာ အင်္ဂလန် တစ်နိုင်ငံလုံးအတွက် ဝမ်းနည်းစရာ ဖြစ်ခဲ့ရသည်။ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှ ထွက်ခွာပြီး ရက်ပိုင်းမျှ အကြာတွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသည့် ဒိုက်ခ်၏ ဓာတ်ပုံများ ထွက်ပေါ်လာသည်။ ထိုဓာတ်ပုံများတွင် ဒိုက်ခ်ရွေးချယ် ဖတ်ရှုနေသော စာအုပ်၏ အမည်မှာ ဘရာဇီးမှ သေဆုံးမှုတစ်ခု (A Death In Brazil) ဖြစ်သည်။ ဒိုက်ခ်အနေဖြင့် ဘရာဇီးမြေတွင် အင်္ဂလန်အသင်း၏ မျှော်လင့်ချက်များ သေဆုံးခဲ့ရမှုကို အရွဲ့တိုက်ပြီး ယင်းစာအုပ်ကို ဖတ်ရှုနေခြင်း ဖြစ်နိုင်ကြောင်း သတင်းများက အရွှန်းဖောက် ရေးသားခဲ့ဖူးသည်။



၉။ ဂျိမ်းစ်ဘွန်း (သို့မဟုတ်) အာစင်ဝင်းဂါး
ကလပ်အသင်း မန်နေဂျာ တစ်ယောက်အနေဖြင့် ကမ္ဘာ့ဖလားသည် အာစင်ဝင်းဂါးနှင့် တိုက်ရိုက် မပတ်သက်ချေ။ သို့သော်လည်း ဘောလုံးလောကသား တစ်ယောက်ပီပီ ၎င်းသည် ကမ္ဘာ့ဖလား၏ ပရိသတ်တစ်ဦး ဖြစ်နေပြန်သည်။

ဘရာဇီးတွင် ဘောလုံးပွဲ လာကြည့်ရင်း အားလပ်ရက် အပန်းဖြေ အနားယူနေသည့် အာဆင်နယ်အသင်း မန်နေဂျာသည် ရီယိုဒီဂျနေရိုးရှိ အိုင်ပါနီမာ ကမ်းခြေတွင် အေးအေးလူလူ ရေကူးနေသည်ကို ပါပါရာဇီ သတင်းထောက်များက ရှာဖွေ တွေ့ရှိသွားသည်။ ၎င်းသည် ရေထဲမှ ကမ်းစပ်သို့ တက်လာချိန်တွင် ကိုယ်နေဟန်ထားအရ နာမည်ကြီး ဂျိမ်းစ်ဘွန်း ဇာတ်ဝင်ခန်း တစ်ခုမှ မင်းသား ဒန်နီရယ်လ်ကရိတ်ဂ်ျနှင့် တူနေကြောင်း ဗြိတိန်မီဒီယာများက နှိုင်းယှဉ် ဖော်ပြကြသည်။ ထိုသို့ဖြင့် အသက်(၆၂)နှစ်အရွယ် ပြင်သစ်နည်းပြကြီးသည်လည်း ကံကြမ္မာ အစီးအနင်းကြမ်းပြီး ကမ္ဘာ့ဖလား၏ ရယ်စရာ ပုံရိပ်များ စာရင်းတွင် အလိုအလျောက် ပါဝင်သွားရှာသည်။



၁၀။ ဘောလုံးကွင်းထဲ သင်္ကြန်ကျခဲ့သည့် လာဗက်ဇီ
အာဂျင်တီးနားနည်းပြ အလက်ဂျန်ဒရို ဆာဘဲလာ အနေဖြင့် ကမ္ဘာ့ဖလား၏ ရယ်စရာ ဖြစ်ရပ်များ စာရင်းတွင် ဒုတိယမြောက်အဖြစ် ပတ်သက် ပါဝင်လာပြန်သည်။ ယခုတစ်ကြိမ်မှာမူ ဆာဘဲလာတစ်ယောက် ဘောလုံးကွင်းထဲတွင် ရေပက်ခံလိုက်ရခြင်း ဖြစ်သည်။

နိုက်ဂျီးရီးယားနှင့် ပွဲစဉ်တွင် နည်းပြကြီးသည် တိုက်စစ်မှူး အက်ဇ်ကီရယ်လ် လာဗက်ဇီကို ခေါ်ယူကာ နည်းစနစ်ပိုင်းဆိုင်ရာ မှာကြားမှုများ ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် လာဗက်ဇီက ရေသောက်နေဆဲဖြစ်ပြီး လက်ထဲမှ ရေဘူးကို ရည်ရွယ်ချက်မရှိ ညှစ်လိုက်ရာ ရေများပန်းထွက်လာပြီး ဆာဘဲလာ၏ မျက်နှာကို တည့်တည့်ထိမှန်ကာ စိုသွားခဲ့သည်။ ဆာဘဲလာသည် တစ်ချက်မျှ တွန့်သွားသော်လည်း ထိုကိစ္စကို သတိမပြုနိုင်အားဘဲ လာဗက်ဇီကိုသာ မှာစရာရှိသည်များ အသည်းအသန် မှာကြားနေခဲ့သည်ကိုလည်း တွေ့ရသည်။

-Ref: Dailymail

http://www.7daydaily.com/story/15301#.U7wXeLHzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...