စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ပင်တည်းမှ အသီးမျိုးစိတ် အများအပြား သီးပွင့်နိုင်သည့် သစ်ပင်များ



တစ်ပင်တည်းမှ သစ်သီးအမျိုးမျိုး သီးလာနိုင်သည့် သစ်ပင်များကို အမေရိကန် နိုင်ငံရှိ ဒေသအတော်များများတွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရှိရသည်။
နယူးယော့ခ် အခြေစိုက် ပန်းပုနှင့် အနုပညာသမား တစ်ဦးက စတင် အကောင်အထည် ဖော်ခဲ့သော ပရောဂျက်သည် (၆)နှစ်မျှ အကြာတွင် ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။ ဆမ်ဗန်အေကန်သည် နယူးယော့ခ် ပြည်နယ်တွင် လုပ်ငန်းရပ်ဆိုင်းတော့မည့် သစ်သီးခြံ တစ်ခုကို (၂၀၀၈)ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့သည်။ ဆိုင်ရာကူဆေး တက္ကသိုလ်မှ ပညာရှင်သည် အဆိုပါ သစ်သီးခြံကို ဝယ်ယူခဲ့ပြီးနောက် သစ်သီးအမျိုးမျိုး သီးနိုင်သည့် သစ်ပင်များ ဖန်တီးသည့် ပရောဂျက်ကို စတင်စမ်းသပ် ဖြစ်ခဲ့သည်။

ကိုင်းဆက်နည်းပညာကို အခြေခံ ဖန်တီးထားသည့် သီးစုံမျက်လှည့် သစ်ပင် စုစုပေါင်း (၁၆)ပင်ထိ အေကန်က ဖန်တီးထားပြီး ဖြစ်သည်။ အဆိုပါ အပင်အားလုံးတို့ စုပေါင်းလိုက်သည့်အခါ ကွဲပြားသည့် သစ်သီးမျိုးစိတ် (၄၀)မျှထိ စုံလင်စွာ ပါရှိနေသည်ကို တွေ့ရသည်။
အေကန်သည် အပင်မျိုးစိတ် တစ်ခု၏ အဖူးများ ပါရှိပြီး အစေးထွက်နေသော အကိုင်းတစ်ခုကို သဘာဝအတိုင်း ရှင်သန်နေသည့် သစ်ပင်တစ်ပင်တွင် ထွင်းထားသည့် နေရာ၌ ကိုင်းဆက်ပေးခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် မက်မန်းသီး၊ မက်မွန်၊ ဆီးသီး အစရှိသည့် အစေ့အမာတစ်ခု အလယ်ဗဟိုတွင် ပါရှိသော သစ်သီးပင် မျိုးစိတ်များကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။

အေကန်၏ သစ်ပင်များသည် ရာသီအလိုက် အသီးအမျိုးမျိုး သီးသလို နွေဦးပေါက်ချိန်တွင် ရွက်သစ်များ အရောင်အသွေး စုံလင်စွာ ရောယှက်ပြီး မျက်စိပသာဒဖြစ်ဖွယ် လှပလာလေ့ရှိကြောင်း သိရသည်။ အေကန်သည် နှစ်ပေါင်း(၂၀၀)မျှ သက်တမ်းရှိနေပြီဖြစ်သည့် သစ်သီးခြံကို နှမြောသည့်စိတ်ဖြင့် လက်လွှဲယူခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ သုတေသန လုပ်ငန်းတွင် များစွာ အထောက်အကူကောင်း ရလာခဲ့သည်။

သစ်ပင်များကို ကိုင်းဆက်ရာတွင် မူရင်းသစ်ပင်၏ ပင်စည်တွင် ထွင်းဖောက်ဖြတ်တောက်ပြီး အဖူးပါသည့် အခြားသစ်ပင်မျိုးစိတ် အကိုင်းတစ်ခုကို လာရောက်တွယ်ဆက်ပေးရသည်။ ထို့နောက် သစ်ပင်နှစ်ခု၏ အစေးများ ရောစပ်နေအောင် တိပ်ဖြင့်ကပ်ပြီး အချိန်ယူ စောင့်ကြည့်ရသည်။ အဆိုပါသစ်ကိုင်းက ကျန်းကျန်းမာဖြင့် ဆက်လက်ရှင်သန်နေသည့်အခါ နောက်ထပ် အမျိုးကွဲ သစ်ကိုင်းတစ်ခုကို အလားတူ ထပ်မံ တွယ်ဆက်ပေးရခြင်း ဖြစ်သည်။

“ကျွန်တော့် သစ်ပင်ကို ယူစိုက်တဲ့ လူတွေက ပြောကြပါတယ်။ သူတို့အိမ်မှာ ပဒေသာပင် ပေါက်နေသလိုပဲ သစ်ပင် တစ်ပင်တည်းက အသီးအမျိုးမျိုး သီးနေကြပါတယ် ဆိုပြီးတော့ပါ။ ပြီးတော့ အသီးအရေအတွက်နဲ့ အမျိုးအစားကလည်း တကယ့်ကို ဖူဖူလုံလုံ ရှိနေတယ်လို့ ပြောကြပါတယ်”ဟု အေကန်က မှတ်ချက်ပြုခဲ့သည်။

ယခုအခါတွင် မျက်လှည့်သစ်ပင်များဟု အေကန်က ညွှန်းဆိုထားသည့် သီးစုံသစ်ပင်များသည် နယူးမက္ကဆီကို၊ ရှော့ဟေးလ်စ်၊ နယူးဂျာစီ၊ လူးဝစ်ဗီးလ်၊ ကန်တက်ကီ၊ နယူးယော့ခ်နှင့် ပေါင်းရစ်ဂ်ျတို့တွင် ပျံ့နှံ့ ရောက်ရှိနေပြီ ဖြစ်သည်။

_Ref: Dailymail

http://www.7daydaily.com/story/16859#.U9OyQ7HzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...