
မော်ဒယ်တစ်ဦး၏ ပရော်ဖက်ရှင်နယ် ဘဝတွင် အမြင့်ဆုံး မျှော်လင့်ချက်မှာ ကမ္ဘာ့အကျော်ကြားဆုံး စူပါမော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ရေးသာ ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အောင်မြင်ထင်ရှားလာသည့် စူပါမော်ဒယ်တစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသော အခြေအနေတစ်ရပ် မဟုတ်ချေ။
ကမ္ဘာကျော် စူပါမော်ဒယ်တစ်ဦးဖြစ်လာပါက သန်းကြွယ်သူဌေး တစ်ဦးအဖြစ် ရပ်တည်နိုင်လောက်အောင် ဝင်ငွေကောင်းလာသည်မှာလည်း အဆန်းတကြယ် မဟုတ်ချေ။ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး စူပါမော်ဒယ် ၁၀ ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ ထူးခြားမှုမှာ အဆိုပါ စာရင်းဝင်အများစုသည် Victoria’s Secret အမျိုးသမီး အတွင်းခံ ဖက်ရှင်အမှတ်တံဆိပ်၏ လက်ရွေးစင်အလှမယ်အဖြစ် ရပ်တည်ခဲ့ကြဖူးခြင်း ဖြစ်သည်။
၁၀။ ဒေါ့တ်ဇန်ခရိုးစ်

Victoria’s Secret ကို ကိုယ်စားပြုခဲ့ဖူးသည့် ခရိုးစ်သည် ဒေါ်လာ ၁၀ သန်းမျှ ကြွယ်ဝနေသူ တစ်ဦးဖြစ်သည်။ နယ်သာလန် နိုင်ငံမှ အသက်(၂၉)နှစ်အရွယ် မော်ဒယ်သည် ၂၀၀၈ ခုနှစ်က စတင်ကာ Victoria’s Secretနှင့် လက်တွဲလာခဲ့သည်။ ၎င်းသည် L’Oreal နှင့်လည်း စာချုပ်ချုပ်ထားခြင်းကြောင့် ယခုထက် ပိုမိုကြွယ်ဝလာမည့် အလားအလာရှိနေသည်။
၉။ ကန်ဒိုက်စ်ဆွမ်နီပိုးလ်

ေ
တောင်အာဖရိက နိုင်ငံ၏ ဂုဏ်အယူရဆုံး အလှမယ်တစ်ဦးဖြစ်ပြီး Victoria’s Secret ၏ အတောက်ပဆုံး မော်ဒယ်တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ယခင်က ဒေါ်လာသုံးသန်းမျှသာ ပိုင်ဆိုင်မှုရှိခဲ့သော်လည်း Victoria’s Secretနှင့် စာချုပ်ချုပ်ပြီးနောက် ဒေါ်လာ ၁၀ သန်း အထက်ထိ ကြွယ်ဝလာသည်။ ဆွမ်နီပိုးလ်နှင့် ပတ်သက်၍ အမှတ်တရ ညွှန်းဆိုစရာ အခြေအနေ တစ်ခုမှာ ပြီးခဲ့သည့်နှစ် Victoria’s Secret အထူးဖက်ရှင်ပွဲတွင် ဒေါ်လာ ၁၀ သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်၍ ကိုယ်ဟန်ပြခွင့် ရခဲ့ခြင်း ဖြစ်သည်။
၈။ ကာရိုလင်းမာဖီ

အမေရိကန် ပီသလွန်းသည့် မျက်နှာကျမျိုး ပိုင်ဆိုင်ထားကြောင်း ချီးကျူးခံရလေ့ရှိသည့် အမေရိကန် မော်ဒယ်သည် Calvin Klein၏ Contradiction ရေမွှေးအတွက် ကိုယ်စားပြု ကြော်ငြာပေးဖူးသလို ကာလသားကြိုက် Sports Illustrated မဂ္ဂဇင်း၏ ဘီကီနီမော်ဒယ်ဟောင်း တစ်ဦးလည်း ဖြစ်သည်။ မာဖီသည် Liberty Heights ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ယခုအခါ ဒေါ်လာ ၁၅ သန်းမျှထိ ကြွယ်ဝနေပြီ ဖြစ်သည်။
၇။ ဘားရာဖယ်လီ

လက်ရှိ အစ္စရေးနိုင်ငံ၏ အလှဆုံး အမျိုးသမီး နှစ်ဦးအဖြစ် ရာဖယ်လီနှင့် ဟောလိဝုဒ်မင်းသမီး နာတာလီပို့တ်မန်းတို့ကို ညွှန်းဆိုလေ့ ရှိကြသည်။ အသက်(၁၅)နှစ် အရွယ်ကတည်းက မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်လာသည့် ရာဖယ်လီသည် နောက်ထပ် ၁၄ နှစ် အကြာတွင် ကမ္ဘာ့အကျော်ကြားဆုံး စာရင်းဝင် စူပါမော်ဒယ်တစ်ဦး ဖြစ်နေခဲ့သည်။ ၎င်းသည် Vogue၊ Chanel၊ GQ၊ Samsung အစရှိသည့် အမှတ်တံဆိပ် များစွာအတွက် ကိုယ်ဟန်ပြပေးခဲ့ဖူးသည်။ ရာဖယ်လီ၏ လက်ရှိ ပိုင်ဆိုင်မှု ဥစ္စာဓန တန်ဖိုးသည် ဒေါ်လာ သန်း ၂၀ မျှ ရှိနေပြီ ဖြစ်သည်။
၆။ မီရန်ဒါကားရ်

Victoria’s Secret ကို ကိုယ်စားပြုဖူးသည့် နောက်ထပ် လူသိထင်ရှား စူပါမော်ဒယ်တစ်ဦးအဖြစ် ကားရ်ကို ညွှန်းဆိုရမည် ဖြစ်သည်။ ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွမ်းနှင့် လက်ထပ်ပြီးမှ ပြန်လည် ကွာရှင်းခဲ့ခြင်းကလည်း ဩစတြေးလျ စူပါမော်ဒယ်ကို ပိုမိုလူသိများ ထင်ရှားလာစေသည်။ ၂၀၀၇ ခုနှစ်က Victoria’s Secret ၏ မော်ဒယ် ဖြစ်လာသည့်နောက် ကားရ်သည် ဩစတြေးလျ နိုင်ငံသူ တစ်ဦးအနက် အဆိုပါ အမှတ်တံဆိပ်ကို ပထမဆုံး ကိုယ်စားပြုခွင့် ရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
၅။ အလက်ဇန္ဒရာအမ်ဘရိုစီယို

ဒေါ်လာသန်း ၄၀ မျှ ကြွယ်ဝချမ်းသာသည့် ဘရာဇီး စူပါမော်ဒယ်သည် Victoria’s Secret၏ အစောဆုံး ရွေးချယ်ခဲ့သူများအနက် တစ်ဦးဖြစ်သည်။ Victoria’s Secretက Pinkဟု အမည်ပေးထားသည့် ပထမဆုံး Collectionကို မိတ်ဆက်ရာတွင် အမ်ဘရိုစီယိုကို ၎င်းတို့၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး (ကိုယ်စားလှယ်)အဖြစ် ရွေးချယ်ခဲ့သည်။ အမ်ဘရိုစီယိုသည် Casino Royale ရုပ်ရှင်တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။
၎။ နာအိုမီကမ့်ဘဲလ်

ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းစူပါမော်ဒယ် ၁၀ ဦးအနက် တစ်ဦးတည်းသော အာဖရိကန်နွယ်ဖွားမှာ ကမ့်ဘဲလ်ဖြစ်သည်။ ဂျမေကာနွယ်ဖွား ဗြိတိသျှမော်ဒယ်သည် ပြင်သစ်နှင့် အင်္ဂလန်တို့တွင် ထုတ်ဝေသည့် Vogue မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင် ဖြစ်ခွင့်ရသည့် ပထမဆုံး အာဖရိကန်နွယ်ဖွား မော်ဒယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ဖူးသည်။ ကမ့်ဘဲလ်သည် လက်ဝှေ့ကျော် မိုက်ခ်တိုင်ဆင်၊ မင်းသား ရောဘတ်ဒီနီရိုး အစရှိသည့် နာမည်ကျော်ပုဂ္ဂိုလ်များနှင့် အချစ်ရေး ဆက်နွှယ်မှုများ ရှိခဲ့ခြင်းကြောင့်လည်း ပိုမိုလူသိများသည်။ ၎င်းသည် ယခုအခါ ဒေါ်လာ ၄၈ သန်းမျှ ချမ်းသာနေပြီ ဖြစ်သည်။
၃။ အက်ဒရီယာနာလီမာ

၂၀၁၃ ခုနှစ်၊ တစ်နှစ်အတွင်းမှာပင် ဒေါ်လာ ၇ ဒသမ ၃ သန်း ဝင်ငွေတိုးပွားလာသည့် လီမာသည်လည်း Victoria’s Secretနှင့် မကင်းသူ တစ်ဦးဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အချမ်းသာဆုံး စူပါမော်ဒယ်လ် ၁၀ ဦးတွင် ပါဝင်သည့် ဘရာဇီးသူ သုံးဦးအနက် တစ်ဦးလည်း ဖြစ်နေသည်။ အသက်(၁၅)နှစ် အရွယ်ကတည်းက ဖက်ရှင်မော်ဒယ် တစ်ဦးအဖြစ် စတင်ရပ်တည်ခဲ့သည့် လီမာသည် ယခုအခါ ဒေါ်လာ သန်း(၅၀)ကျော် စုဆောင်းပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ယင်းသည် Maybelline၏ ကိုယ်စားပြု မော်ဒယ်အဖြစ် တာဝန်ယူဖူးသလို Mango၊ Qantas၊ Lipton၊ David Jonesတို့နှင့် စာချုပ်ချုပ်ထားသောကြောင့် ယခုထက် ပိုမို၍ ကြွယ်ဝချမ်းသာလာမည့် သဘောမျိုး ရှိနေသည်။
၂။ အီရင်ဟီသာတန်

အသက်(၂၅)နှစ်သာ ရှိသေးသော်လည်း အမေရိကန်မော်ဒယ် ဟီသာတန်သည် ဒေါ်လာ ၁၄၅ သန်းမျှထိ ကြွယ်ဝနေပြီ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်းမှာပင် ဒေါ်လာ ၄၆ သန်းမျှ ဝင်ငွေရှိခဲ့သူ ဖြစ်သည်။ ဂျူးသွေးစပ်သည့် ဟီသာတန်သည် Oscar de la Renta၊ Shaitzy Chenနှင့် Tommy Hilfiger အစရှိသည့် ဖက်ရှင်အမှတ်တံဆိပ်များစွာအတွက် ကိုယ်စားပြုခဲ့ဖူးသည်။ ၎င်းသည်လည်း အခြားသော နာမည်ကျော် မော်ဒယ်များနည်းတူ Victoria’s Secret၏ သိမ်းသွင်းမှုနှင့် ကင်းခဲ့သူ မဟုတ်ချေ။ ဟီသာတန်သည် The League ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ဖူးပြီး ၂၀၁၃ ခုနှစ်က ရုံတင်သည့် Grown Ups 2 တွင်လည်း ပါဝင်ခဲ့သည်။
၁။ ဂျီဇီလ်ဘန်ချန်

ကမ္ဘာ့ဖက်ရှင် သမိုင်းတစ်လျှောက် အောင်မြင်မှု အကြီးမားဆုံး စူပါမော်ဒယ်အဖြစ် ဘရာဇီးနိုင်ငံသူ ဘန်ချန်ကို ညွှန်းဆိုရမည် ဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ဒေါ်လာ ၄၂ သန်းမျှ ဝင်ငွေရှိခဲ့သည့်နောက် Victoria’s Secret အလှမယ်၏ စုစုပေါင်း ကြွယ်ဝမှုသည် ဒေါ်လာသန်းပေါင်း ၂၉၀ မျှထိ ရှိလာပြီ ဖြစ်သည်။ ၎င်းသည် မကြာသေးမီက ဘီယွန်းစ်နေရာတွင် H&M အမှတ်တံဆိပ်အတွက် အစားထိုး ကိုယ်စားပြုခွင့် ရရှိထားသည်။ ထို့အပြင် David Yurman၏ ကိုယ်စားပြု မော်ဒယ်အဖြစ် ကိတ်မော့စ်ကို ဆက်ခံခဲ့သလို Chanelကလည်း ရီဟာနာနှင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ဘန်ချန်ကို အစားထိုး၍ စာချုပ်ချုပ်ထားသည်။ အသက်(၃၃)နှစ်ရှိ ဘန်ချန်သည် ကုလသမဂ္ဂ အဖွဲ့ကြီးတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သံတမန် တစ်ဦးအဖြစ်လည်း တာဝန်ယူထားသည်။
_Richestlifestyle
http://www.7daydaily.com/story/15779#.U8KNRrHzuSp
No comments:
Post a Comment