စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နင်းပြားဘဝများကြားက ဆိုက်ကား ပရဟိတ



”ဆိုက်ကား အခမဲ့စီး နိုင်ပါတယ်ခင်ဗျာ”

ထိုစကားကို ရုတ်တရက်ကြားလျှင်ပင် အံ့သြသွားမည်ထင်သည်။ ငါးဆယ်၊ တစ်ရာတန် ဘတ်စ်ကားများကိုပင် အကြွေမပါသည့်အခါ အလကားစီးရခြင်းနှင့်တန်အောင် အပြောအဆိုခံရတတ်သော မြို့ကြီးပြကြီးတွင် ထိုစကားက အံ့သြစရာဖြစ်သွားနိုင်ပါသည်။သို့သော် သေချာအာရုံစိုက်၍ ဆက်နားထောင်မိပါက ရှင်းလင်းသွား မည်ဖြစ် သည်။

”တရားနာလာသူတွေကို ကုသိုလ်ပြုတာပါ။ အခမဲ့ စီးနိုင်ပါတယ်ခင်ဗျာ”

ကဆုန်လပြည့်နေ့ မဟာသန္တိသုခကျောင်းမှ တရားနာပြန်လာကြသူများအား အပေါက်ဝမှ လူတစ်စုကဆီးကြိုကာ ခေါ်နေခြင်းဖြစ် သည်။”ကျွန်တော်ဒီ အသင်းလေးဖြစ်ပေါ် ဖို့ တော်တော်စည်းရုံးရတယ်။ အခု တော်တော်ပီတိဖြစ်ရတယ်”ဟု ဓမ္မဒါန အနှေးယာဉ်အခမဲ့ပို့ဆောင်ရေးအသင်း စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ဦးဖိုးချစ် က ပြော သည်။

၎င်းတို့အသင်းမှ ဆိုက်ကားအစီး ၇ဝ ကျော်ဖြင့် တာမွေ မြို့နယ်အတွင်း ပြုလုပ်သောတရားပွဲများတွင် ဝေယျာဝစ္စကိစ္စများ ပြုလုပ်ပေးသည့်အပြင် တရားနာပြန်သူများအား ဆိုက်ကားများဖြင့် အခမဲ့လိုက်ပါပို့ဆောင်ပေးနေသော အနှေးယာဉ်လုပ်သားများဖြင့် ဖွဲ့စည်းထားသည့် ပရဟိတအသင်းဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင် ဖွဲ့စည်းခဲ့ကာ အနှေးယာဉ်လုပ်သား ၂ဝ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါအသင်းဝင် ၇ဝ ကျော်အထိ ပါဝင်လာခဲ့ပြီဖြစ်သည်။

”စဖွဲ့တုန်းကတော့ တော်တော်ခက်ခဲတာဗျ။ ယုံကြည်မှု နည်းတာရယ်၊ နောက်ပြီး အနှေးယာဉ်လုပ်သားဆိုတော့ ဝင်ငွေနည်းကြတာရယ်ကြောင့် သိပ်စိတ်မဝင်စားကြဘူး။ ကျွန်တော်တို့ကလည်း အတင်းစည်းရုံးလို့ မရဘူးလေ။ သူတို့ဝမ်းစာက ရှိသေးတယ်။ သူတို့စိတ်ဝင်စားမှပဲ ဝင်ဖို့ပြောရတာ”ဟု အသင်း၏ ဒုဥက္ကဋ္ဌ(ယာယီ) ဦးဖိုးချစ်က ပြောသည်။

အသင်း၏ရည်ရွယ်ချက်မှာ သာသနာတော်ပြန့်ပွားရေးအတွက် အဓိကထားလုပ်ဆောင်ပြီး တရားနာသူများ စိတ်ချမ်းသာစွာနှင့် တရားနာနိုင်လျှင် တရားနာသူများ တိုးပွား လာမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်စတင်ဖွဲ့စည်းခဲ့ကာ လိုက်လံပို့ဆောင် သူများထံမှ အခကြေးငွေ လုံးဝယူခြင်းမရှိဘဲ ဆိုက်ကားကို ဖြည်းဖြည်းမှန်မှန်နင်းပေးရန်၊ ဆိုက်ကားစီးသူများ စိတ်ချမ်း သာစေရန်၊ လိုရာခရီးအား ရောင်အောင်ပို့ပေးရန်၊ တရားပွဲသို့ လာရာတွင် အရက်သေစာသောက်စားခြင်း မပြုရန်၊ ညစ်ညမ်း ရိုင်းစိုင်းသော စကားများကို ပြောဆိုခြင်းမပြုရန်စသည့် စည်း ကမ်းချက်များ ထုတ်ထားကြောင်း အသင်း၏ ယာယီ ဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောသည်။

”ဒီတစ်ခေါက် တရားနာရတာ အဆင်ပြေတယ်လို့ တခြားလူကို ပြောရင် နောက်တစ်ယောက်ကပါ တရားနာဖို့ စိတ်ပါလာမယ်။ ဒီလိုပဲ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ တရား နာပရိသတ်ကတိုးလာရင် သာသနာပြန့်ပွားလာမယ်။ ဒီရည် ရွယ်ချက်ပါပဲ”ဟု ဦးသန်းထိုက်က ဆိုသည်။ အသင်းစဖွဲ့စဉ် မိမိတို့ ကိုယ်ပိုင် ပိုက်ဆံဖြင့်နှိုးဆော်စာများ ရိုက်နှိပ်ခြင်း၊ ဆိုက်ကားဂိတ်များတွင် လိုက်လံဝေငှခြင်း၊ နံရံ များတွင် ကပ်ခြင်းများဖြင့် စည်းရုံးခဲ့ပြီး အသင်းဝင်များမှာလည်း တစ်ဦးချင်းစည်းရုံးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဦးဖိုးချစ်က ဆိုသည်။ မိမိတို့ အနှေးယာဉ်လုပ်သားများမှာ ဝင်ငွေနည်းခြင်း ကြောင့်အချိန်မပေးနိုင်ခြင်း၊ ထို့အပြင် ပင်ပန်းသည့်အလုပ်ဖြစ် သောကြောင့် အသင်းဖွဲ့ရန် ယုံကြည်မှုနည်းခဲ့သော်လည်း တခြားမြို့နယ်မှ အသင်းဖွဲ့ ဖွဲ့စည်းထားသူတစ်ဦးက နည်း လမ်းများနှင့် အားပေးမှုများကြောင့်သာအသင်းဖွဲ့ဖို့ အင်တိုက် အားတိုက် လုပ်ေ ဆာင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဖိုးချစ်က ဆက်ပြောသည်။

အသင်း၏ ယာယီဥက္ကဋ္ဌ ဦးသန်းထိုက်က အသင်းစဖွဲ့စဉ် ဝင်ငွေနည်းသောသူများ၏ အသင်းအဖွဲ့ဖြစ်သောကြောင့် ရန်ပုံငွေမရှိခြင်း၊ နေရာအတည် တကျမရှိခြင်း များကြောင့် လက်ဖက်ရည်ဆိုင်တွင် အစည်းအဝေးပွဲများ၊ အသင်းလုပ် ဆောင်ချက်များကို တိုင်ပင်ဆွေးနွေးခဲ့ကြပြီး မိမိလက်ဖက် ရည်ဖိုး မိမိဘာသာရှင်းကာ အစည်း အဝေးတက်စေခဲ့သော ကြောင့် အသင်းဝင်များသည် အမှန်တကယ်စိတ်ပါပြီး ဓမ္မဒါန ဝေယျာဝစ္စကိစ္စများတွင် အားကြိုးမာန်တက် လုပ်ဆောင်နိုင် မည့်သူများဖြစ်သည်ဟု ယုံကြည်ကြောင်း ဆိုသည်။

”တော်ရုံစိတ်နဲ့မလွယ်ဘူး။ ဟိုတစ်လောက တရားပွဲ ဆိုရင် ငါးရက်ဆက်တိုက်လုပ်တာ။ ငါးရက်လုံး အားတက် သရော ကူညီကြတယ်။ ငြိုငြင်မှုမရှိကြဘူး။ ဆိုက်ကား သမား တစ်ယောက်က ငါးရက်ဆက်တိုက်အလုပ်ပျက်ခံပြီး ကူညီနိုင်ဖို့ ဆိုတာ တော်တော်ခက်ခဲမယ်။ စားဝတ်နေရေးကရှိသေးတာ ကိုး။ အသင်းရေရှည် တည် တံ့နိုင်ဖို့ ကျွန်တော်တို့ စည်းစည်း လုံးလုံးနဲ့ ကြိုးစားလုပ်ဆောင်သွားမှာပါ”ဟု ဦးသန်းထိုက်က ပြောသည်။

အသင်းအတွက် အလှူငွေ လိုက်လံကောက်ခံခြင်းမျိုး မရှိဘဲ အသင်းဝင်များထဲမှ တစ်လလျှင် ၁ဝဝဝ ကျပ် ကောက် ခံပြီး အသင်းအတွက် တူညီဝတ်စုံများနှင့် လိုအပ် သည့်နေရာ များတွင် အသုံးပြုကြောင်း ယာယီဒုဥက္ကဋ္ဌ ဦးဖိုးချစ်က ပြော သည်။ ၎င်းတို့ စဖွဲ့စဉ် တူညီဝတ်စုံမရှိသောကြောင့် တရားနာ လာသူများ အဆင်ပြေစေရန် အမှတ် အသားအဖြစ်ဆိုက်ကား များတွင် သာသနာ့အလံများ လွှင့်ထားခြင်း၊ မိမိတွင်ရှိသည့် အင်္ကျီအဖြူများကို ဝတ်ဆင်လာစေခြင်းများဖြင့် ရန်ပုံငွေအ ခက်အခဲကို ဖြေရှင်း ခဲ့ရကြောင်း ဦးဖိုးချစ်က ဆိုသည်။ စေတနာရှိ၍ လှူလိုသူများကိုလည်း အသင်းက လက်ခံ ပေးပြီး ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ် အခမဲ့ပို့ဆောင်ရေး အသင်းအတွက် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး၊ ၁၊ ၂၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ စည်းကမ်းထိန်းသိမ်းရေး စသည့် ကဏ္ဍအသီးသီးဖြင့် စည်းစနစ်တကျ ဖွဲ့စည်းထားပြီး အသင်း၏ လုပ်ဆောင်ချက်များမှာ ဝါတွင်းကာလတွင် ဥပုသ် သီလ ဆောက်တည်နေကြသောယောဂီများ၊ သူတော်စင်သူ တော်ကောင်းများ၊ ဥပုသ်သတင်းဆောက်တည်အပြီး စိတ် လက် ပေါ့ပါးသက်သာစွာ အိမ်ပြန်နိုင်ရန်၊ ဝါပကာလ ဓမ္မပူဇာ တရားပွဲများတွင် တရား နာယူ လိုကြသော သူတော်စင်သူတော် ကောင်းများ၊ ယောဂီများအား စိတ်အေးချမ်းသာစွာဖြင့် တရား နာယူကုသိုလ် ဘာဝနာပွားများနိုင်ရန်၊ အနှေးယာဉ် လုပ်သား များ၊ တစ် ဦးနှင့်တစ်ဦး ချစ်ကြည်စွာပေါင်းသင်းဆက်ဆံ၍ စုပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များရရှိရန်၊ အသင်းဝင် အနှေးယာဉ်လုပ်သားများ၏ သာရေး နာရေး ကိစ္စ အဝဝတို့အား စုပေါင်းကူညီဆောင်ရွက်ပေးနိုင်ရန်တို့ဖြစ် ကြောင်း အသင်း၏ ဖွဲ့စည်းပုံဇယားများအရ သိရသည်။

”ကျွန်တော်ဆိုရင် ဒီအသင်းကို ဝင်ချင်လွန်းလို့ ဆိုက် ကား အပိုင်ဝယ်လိုက်တာ။ အစကအငှားဆိုတော့ ည ၈ နာရီ ဆိုရင် ပြန်အပ်ရတာ။ တရားပွဲတွေရှိရင် အဆင် မပြေတော့ဘူး။ ကိုယ်ပိုင်ဆိုတော့ ဘယ်အချိန်လိုက်ပို့ပို့ အဆင်ပြေတယ်”ဟု အသင်းဝင် ကိုကျော်ဇင်လတ်က ပြောသည်။

အနှေးယာဉ်လုပ်သားများတွင် အရက်သောက်စားသူများ၊ လောင်းကစားဝါသနာထုံသူများကြောင့် ငွေကြေးသုံးစွဲမှု မြင့်တက်ပြီး ဆိုက်ကားငှားရမ်းစရိတ်များ မပေးနိုင်ခြင်း၊ အိမ် စရိတ်ထောက်ပံ့နိုင်ခြင်းမရှိဘဲ မိသားစုနှင့် စကားများခြင်းများ မကြာခဏ ဖြစ်ပေါ်သောကြောင့် အသင်းမှ ထိန်းညှိခြင်းများ လုပ်ဆောင်ပေးခြင်း၊ အသင်းရန်ပုံငွေထဲမှ မိသားစု ပြန်လည် ထူထောင်ရန် စိုက်ထုတ်ချေးပေးခြင်းနှင့် လမ်းမှန်ပြန်ရောက် စေရန် ကူညီဆောင်ရွက်ပေးခြင်းများအပြင် အသင်းဝင်များ၊ အသင်းဝင်များ၏ မိသားစုများ အတွက် ကျန်းမာရေး၊ နာရေး ကိစ္စများအတွက်လည်း ကူညီပေးနိုင်ရေးမှာလည်း အသင်း၏ ရည်ရွယ်ချက်ပင်ဖြစ်ကြောင်း အသင်းဝင် ကိုမောင်မောင်က ပြောသည်။

အသက် ၃၆ နှစ်အရွယ် ကိုဝင်းထွန်းကလည်း ”ကျွန် တော်ဆို ဒီအသင်းမဝင်ခင်က ညနေ ၅ နာရီထိုးတာနဲ့ အရက် ဆိုင်ရောက်နေတော့တာ။ တစ်ရက်ကို သုံးလေးထောင် ဝင်ပေ မယ့် အိမ်ကို ၂၅ဝဝ လောက်ပဲပေးတာ။ ကျန်တာ အရက် သောက်တယ်။ အသင်းလည်းဝင်ရော တရားလည်းနာဖြစ် တယ်။ အိမ်ကိုအပ်တဲ့ပိုက်ဆံကလည်း ပိုလာ တယ်။ ကုသိုလ် လုပ်ရတာ ပျော်လည်းပျော်တယ်”ဟု ပြောသည်။

အသင်း၏ ဘုတ်အဖွဲ့ဝင်များအား အသင်းသားများထဲမှ စိတ်ကြိုက်ရွေးချယ်ပေးရပြီး မဲအများဆုံးပေးခံရသူများကိုသာ ဥက္ကဋ္ဌ၊ ဘုတ်အဖွဲ့ဝင်များအဖြစ် သတ်မှတ်ကြသည်။ အသင်း ၏ ဥက္ကဋ္ဌမှာပိုမိုအနစ်နာခံရသူသာဖြစ်ပြီး ငွေကြေး ပိုမိုစိုက် ထုတ်နိုင်သူ၊ အသင်းအတွက် အချိန်ပေးနိုင်သူ၊ အသင်း၏ ဝေယျာဝစ္စကိစ္စများနှင့် တရားပွဲများရှိပါက စီမံခန့်ခွဲပေးခြင်းနှင့် အသင်းသားများ စည်းလုံးညီညွတ်ရေးအတွက် ထိန်းညှိပေးနိုင် သူကိုသာ ဦးစားပေးရွေးချယ်ခြင်းဖြစ်ကြောင်း အသင်းသားများ ကို ဆိုသည်။

လက်ရှိဘုတ်အဖွဲ့ဝင်များမှာ အသင်းဝင်ဦးရေ နည်းစဉ်က ရွေးချယ်ခဲ့သူများဖြစ်ပြီး လက်ရှိတွင် အသင်းဝင် များမှာအထိုက်အလျောက် များပြားလာပြီဖြစ်သောကြောင့် အ သစ်ပြန်လည်ရွေးချယ်မည်ဖြစ်ပြီး လက်ရှိဘုတ်အဖွဲ့မှာ ယာယီဘုတ်အဖွဲ့အဖြစ်သာ လုပ်ဆောင်နေကြောင်း လက်ရှိ ဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောသည်။ ”အသင်း ရေ ရှည် တည်တံ့နိုင်ဖို့ဆိုတာကလည်း ရန်ပုံ ငွေက အဓိကပဲ။ စေတနာပါလို့ လှူဒါန်းရင်တော့ လက်ခံလိုက် မယ်။ အလှူငွေမရတော့လည်း အသင်းသားတွေက တတ်နိုင် သေ လာက် ထည့်ဝင်တဲ့အလှူငွေနဲ့ ရေရှည်ရပ်တည်နိုင်အောင် ကြိုးစားသွားမယ်”ဟု အသင်းယာယီဥက္ကဋ္ဌ ဦးသန်းထိုက်က ပြောသည်။

တာမွေမြို့နယ်တွင် ဆိုက်ကားဂိတ်ပေါင်း ၃ဝဝ ကျော် ရှိပြီး ဆိုက်ကားအစီးရေ ၁ဝဝဝ ကျော်ရှိသော်လည်း အသင်း ဝင် ၇ဝ ကျော်မှာ နည်းနေသေးပြီး မိမိတို့အသင်းမှာ ဘဝတူ အချင်းချင်း ကူညီရိုင်းပင်းလိုသောစိတ်နှင့် မိသားစု အခက် အခဲများဖြစ်သည့် ကျန်းမာရေး၊ နာရေးအခက်အခဲများအပြင် အရက်သေစာ သောက်စား သူ၊ လောင်း ကစား ဝါသနာထုံသူ များကို အသင်းသားများက ဖေးမပြုပြင် ဖြေရှင်းပေးရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အသင်းသားများနှင့်အတူ စည်း စည်းလုံးလုံး လုပ်ဆောင် လိုသူ များကို လက်တွဲပါဝင်ရန် ဖိတ် ခေါ်ကြောင်း အသင်းဒုဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောသည်။

အသင်းဥက္ကဋ္ဌ ဦးသန်းထိုက်က ”ကျွန်တော်တို့ ရည်ရွယ် ချက်တွေ ကောင်းတဲ့အတွက် ဒီအသင်းလေး ရေရှည်တည်တံ့ဖို့ မျှော်လင့်တယ်။ ဆိုက်ကားသမား ဆိုရင် သောက် စားမူးရူးနေတာမျိုးမဟုတ်ဘဲ အများအကျိုးကို သယ်ပိုးတဲ့သူတွေလည်း အများကြီးရှိတယ်ဆိုတာ ပြောချင်ပါတယ်”။

ဖိုးလပြည့်


https://www.facebook.com/photo.php?fbid=629232907160251&set=a.501060999977443.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...