စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားဟောတရားနဲ့ဇာတ်တော်များ ရှေးကျသောအသုံးအနှုန်း ဖြစ်သော်လည်း



စာရေးသူကို မိတ်ဆွေ အချို့က မေးသည်။

“ကွန်ပြူတာ၊ တီဗီ၊ ဗီဒီယို၊ ဖုန်း၊ အင်တာနက်၊ လေယာဉ်ပျံ၊ မော်တော်ကား၊ ကျည်ဆန်ရထာ၊ တိုးတက်သော နိုင်ငံများတွင် ဂြိုဟ်တုတင်လွှတ်နိုင်သည်၊ အာကာသထဲမှာ စခန်းဆောက်နိုင်သည် အင်္ဂါဂြိုဟ်ပေါ်သို့ သွားရောက်နိုင် သည်။ သို့သော် မြတ်စွာဘုရားဟောကြားခဲ့သော ဘ၀ပေါင်းများစွာ ကမ္ဘာ ပေါင်းများစွာမှ ဇာတ်တော်များတွင် တပည့်တော်တို့ ယနေ့ခေတ်လို ခေတ်အနေအထားများမပါရှိပဲ “ ရှင်ဘုရင်၊ မိဖုရား၊ ကျေးကျွန်၊ အစရှိသော ဇာတ်တော်များ သည် ဆင်တူနေကြသည် များသည်။

ယခုလက်ရှိ သိပ္ပံ ခေတ် အနေအထားလိုပုံစံမျိုးများ မပါသည်ကို တွေ့ ရှိရသည်။ သို့ အတွက်ကြောင့် ကမ္ဘာပေါင်းများစွာ ပျက်လိုက်၊ ပြန်ဖြစ် တည်လိုက်နှင့် ရှိခဲ့သည်တွင် ယခုခေတ်အနေအထားမျိုး၊ သို့မဟုတ် ယခုခေတ်အနေအထားထက် အစပေါင်းများစွာ တိုးတက်မှုရှိ သည့် ခေတ်များလည်း ပါရှိကောင်းပါရှိခဲ့ မည်။ မြတ်စွာဘုရားရှင်၏ ၅၅၀ဇာတ်နိပါတ်တော်များသည် မည်သည့်အတွက်ကြောင့် ရှင်ဘုရင်ခေတ် တစ်ခေတ်တည်း ပါနေခြင်းမှာ အဘယ်ကြောင့်နည်း။” ဟူ ၍ ဖြစ်သည်။
 

မေးခွန်းသည် အင်မတန်စိတ်ဝင်စားစရာကောင်းသည်။ တရားဓမ္မလေ့လာ လိုက်စားသူနှင့် တရားသမိုင်း လိုက်စား သူတို့အတွက်လည်း အလွန်ကောင်းသောမေးခွန်းတစ်ခုဖြစ်သည်။ အဖြေပေါင်းများစွာ အမျိုးမျိုးပေးနိုင်ကြသည်။ ဥပမာ- ဗုဒ္ဓမြတ်စွာဘုရား ပရိတ် နိဗ္ဗာန်စံပြီး နောက်ပိုင်းအစကာလက ရှင်ဘုရင် ကာလဖြစ်ပြီး ခေတ်မမှီသော(ရှင်ဘုရင်ခေတ်) လူများ ဖြစ်သောကြောင့် ဇာတ်တော်အားလုံးကို မင်းညီမင်းသားအသုံးအနှုန်းမျိုး(ရှေးကျသော အသုံးအနှုန်း) ဖြင့် ကျမ်းပြုစုသည်။ ဘုရားလောင်း ကျင်လည်သော၊ ပါရမီဖြည့်ကျင့်သော သက်တန်းကာလတစ်လျှောက် ကမ္ဘာပေါင်းများစွာက ဇာတ်တော်များ ကိုလည်း ရှေးကျသည့် အသုံးအနှုန်း များဖြင့်သာ ပြုစုသည် ဟုယုံကြည်သူများလည်းရှိမည်။

သို့တည်းမဟုတ်

ဘုရားဟောကြားတရားတော်များသည် အဌကထာ ဘာသာဖြစ်သည်။ ရှေးယခင်က ပါဌိထွန်းကားသည့် အတွက် ပါဌိဘာသာသို့ ပြန်ပြောင်းသည်။ ထိုပါဌိမှ တစ်ဆင့် မြန်မာဘာသာသို့ အဆင့်ဆင့်ပြောင်းလဲရေးသာ လာရာ နားမလည်နိုင်သော အသုံးအနှုန်း၊ နားလည်သော်လည်း ခေတ်ကာလအရ ရှိနေသော ဝေါဟာရ အခေါ်များကို ခေတ်ကာလနှင့်လျော်ညီသည့် အသုံးအနှုန်းဖြင့် သုံးနှုန်းခြင်း (ဥပမာ- သကြားမင်း ဝရစိန်လက်နက်၊ မြင်းရထား၊ နတ်ရထား) စသည်ဖြင့် ထင်မြင်ချက်အမျိုးမျိုးဖြင့် ထင်ကြေးပေးနိုင်ချေ။ မှန်သည်မှားသည် စာရေးသူ မသိပေ။ ထို့အတူ သိရှိရန်မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော်-

ယင်းကဲ့သို့အလားတူ ဖြေရှင်းရခက်သော မေးခွန်းများကို မြတ်စွာဘုရားရှင်ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည်။ ၄င်းမှာ မာလုကျပုတ္တ အမည်ရ ရဟန်းတစ်ပါးမှ မြတ်စွာဘုရားရှင်ကိုမေးသော တက္ကိကပုစ္ဆာ ၁၀ခု ဖြစ်သည်။

၎င်းတို့မှာ-

၁။ စကြာဝဌာသည် အစဉ်အမြဲတည်သလော။
၂။ မတည်သလော။
၃။ စကြာဝဌာသည် အကန့်အသတ်ရှိသလော။
၎။ မရှိသလော။
၅။ ဝိညာဉ်သည် ကာယနှင့် အတူတူပင်လော။
၆။ ဝိညာဉ်ကတသီးတခြား၊ ကာယကတစ်သီးတခြားပင်လော။
၇။ တထာဂတသည် သေသည်၏ အခြားမဲ့၌ တည်ရှိသလော။
၈။ သေသည်၏ အခြားမဲ့၌ (မတည်ရှိသလော)။
၉။ သေသည်၏ အခြားမဲ့၌ (တစ်ပြိုင်နက်) တည်ရှိ၊ မတည်ရှိ သလော။
၁၀။ သေသည်၏ အခြားမဲ့၌ (တစ်ပြိုင်နက်) မတည်ရှိ-မတည်ရှိ ဟုတ်သလော။

ထိုမေးခွန်းများကို ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် မဖြေကြားခဲ့ချေ။ ထိုအဖြေကိုမရလျှင် ရဟန်းဘဝမှစွန့်မည်ဟု ခြိမ်းခြောက်သောအခါ ဘုရားပြန်လည်ဟောကြားသော မိန့်ခွန်းတော်မှာ အင်မတန်ကောင်းသည်။ ၄င်းကို ကျမ်းပြုစာအုပ်အတိုင်း ဖော်ပြရသော်-

မာလုကျပုတ္တ၊ ငါဘုရား သင့်အား “ မာလုကျပုတ္တ၊ လာလော့၊ ငါ့ထံ၌ ရဟန်းဝတ်လှည့်လော့၊ ဒီပုစ္ဆာများကို ငါရှင်းလင်းဟောပြမည်’ ဟု ပြောဖူးပါသလား”။ “သင်ကကော ‘အရှင်ဘုရား၊ အရှင်ဘုရားထံ၌ ရဟန်းဝတ်ပါမည်၊ ဤပုစ္ဆာများကို ရှင်းလင်းပြောပပါ’ ဟု လျှောက်ထားဖူးသလား”
မာလုကျပုတ္တရဟန်း မငြင်းနိုင်ချေ။

“ မာလုကျပုတ္တ၊ အခုတောင်မှ ငါဘုရားက သင့်အား ငါ့ထံလာပြီး ရဟန်းပြုလော့၊ သင့်အား ဤအကြောင်းများကို ရှင်းလင်းဟောပြမည်ဟု မပြော၊ သင်ကလည်း အရှင်ဘုရားထံ ရဟန်းဝတ်ပြီး နေထိုင်ပါမည်၊ ဤပုစ္ဆာများကို ဖြေရှင်းပြတော်မူပါဟု မလျှောက်ထား၊ ဤကဲ့သို့ဖြစ်ခြင်းကြောင့် မည်သူက မည်သူ့ကို ညှဉ်းဆဲသည်ဟု ခေါ်ဆိုရမည်နည်း အသင်လူမိုက်”။

“မာလုကျပုတ္တ၊ တစ်စုံတစ်ယောက်သောသူသည် မြတ်စွာဘုရားထံ၌ ဤပုစ္ဆာများကို မဖြေမချင်း ရဟန်း မဝတ်ဟု ပြောငြားအံ့ ၄င်းသူသည် တထာဂတထံမှ ဤပုစ္ဆာတို့၏ အဖြေမရရှိဘဲ အသက်သာလျှင် ဆုံရှုံးကောင်း ဆုံးရှုံးသွားပေမည်”

မာလုကျပုတ္တ၊ အကယ်၍ လူတစ်ယောက်ကို အဆိပ်လူးသောမြား ထိအံ့၊ ၄င်း၏ မိတ်သင်္ဂဟ ဆွေမျိုး သားချင်းတို့က သမားတစ်ယောက်ထံ ဆောင်ကြဉ်းသွားအံ့၊ ထိုအခါတွင် လူနာက “ကျွန်ုပ်အား မြားဖြင့်ပစ်သူ ကို မသိရသမျှ မြားကို မဖြုတ်ရ၊ မြားပစ်သမားသည် စစ်သည်တော်တန်းစားလော၊ ဇာတ်နိမ့် ထဲက ပင်လော၊ သူ့အမည်၊ သူ၏ ဆွေမျိုးအမည်က အဘယ်ဖြစ်သနည်း၊ အရပ်မြင့်သလား၊ ပုသလား၊ အလယ်အလတ်လား၊ အသားအရေက မည်းသလား၊ ညိုသလား၊ ရွှေရောင်အဆင်းလား၊ ဘယ်ရွာ၊ ဘယ်မြို့၊ ဘယ်နိဂုံးက လာခဲ့သနည်း။

အဘယ်လေးမျိုးဖြင့် ပစ်ခွင်းလိုက်သည်ကို မသိရသမျှ မြားကိုမဖြုတ်ရ၊ မည်ကဲ့သို့သော လေးကြိုးကို အသုံးပြုလိုက်သနည်း၊ မြားတံက မည်သည့်အမျိုးအစားဖြစ်သနည်း၊ မြားတံပေါ်တွင် မည်သည့် အမွေးဖွားများ၊ တပ်ထား သနည်း၊မြားဦးကို မည်သည့်အရာဝတ္ထုဖြင့် ပြုလုပ်ထားသနည်း၊” စသည်ဖြင့် မေးမြန်းစုံစမ်းသည်ဟု ဆိုပါတော့၊ ထိုသူသည် ၄င်းသိလိုသောဤ အကြောင်းအရာများ တစ်ခုမှ မသိရှိနိုင်မီ အသတ်သေဆုံးရပေ မည်။”

"မာလုကျပုတ္တ၊ ဤနည်းတူစွာပင် တစ်စုံတစ်ယောက်သောသူသည် စကြာဝဌာသည် အစဉ်မမြဲတည်သလော၊ မတည်သလော၊ အစရှိသော ပုစ္ဆာတို့ကို မဖြေမချင်း မြတ်စွာဘုရားထံ၌ ရဟန်းမဝတ်ဟု ပြောငြားအံ့၊ ထိုသူသည် အသက်သေဆုံးသည့်တိုင်အောင် တထာဂတထံမှ ဤပုစ္ဆာများ၏ အဖြေတို့ကို ရရှိမည်မဟုတ်ပေ။”

ထို့နောက် ဗုဒ္ဓသည် မာလုကျပုတ္တအား ရဟန်းဝတ်၍ သူတော်ကောင်းတရားကျင့်နိုင်ရန် ၍အယူအဆသဘော တရားများကို မတည်ရှိကြောင်း ရှင်းလင်းဟောပြတော်မူလေသည်။ ထိုပြသနာရပ်များနှင့် ပက်သက်ပြီး ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ တို့ရှိမြဲနေမည်။ ဤဘဝ၌ပင် ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကိစ္စကိုသာ ငါဘုရားဟောကြားတော် မူအပ်ပေသည်။” ဟုမိန့်မြွက်တော်မူလေသည်။

“မာလုကျပုတ္တ၊ ဒါကြောင့် မည်သည့်အကြောင်းအရာများကို ငါဘုရားဟောကြားသနည်း၊ မည်သည့် အကြောင်းအရာများကို ငါဘုရား မဟောကြား၊ ရှင်းလင်းမပြသသနည်းဆိုသည်တို့ကို ကောင်းစွာ နှလုံးသွင်းထားလော့။ မည်သည့်အကြောင်းအရာများကို ငါဘုရား မဟောကြားသနည်း၊ စကြာဝဌာ သည် အစဉ်အမြဲတည်သလော၊ မတည်သလော၊( အထက်ပါ အယူအဆ ၁၀မျိုး) စသည်တို့ကို ငါဘုရားရှင်းလင်းဖော်ပြ ဟောကြားတော်မမူ။

မာလုကျပုတ္တ ဤအကြောင်းအရာများကို ငါဘုရားအဘယ်ကြောင့် မဟောကြားပေသနည်း။ ဤအယူအဆသဘောတရားများသည် အသုံးမဝင်၊ အရာမရောက်။ သူတော်မြတ် တို့၏ ကျင့်စဉ်နှင့် အခြေခံဆက်စပ်ခြင်းမရှိ။ ငြီးငွေ့ရွံရှာခြင်း၊ တွယ်တာမှုကင်းခြင်း၊ ချုပ်ငြိမ်းခြင်း၊ ချမ်းမြေ့ခြင်း၊ ထိုးထွင်းသိမြင်ခြင်း၊ နိဗ္ဗာန်သို့ရောက်ခြင်း အလို့ငှာ အထောက်အကူမပြု၊ ထို့ကြောင့် ဤအကြောင်းတရား များကို သင့်အား မဟောကြားခြင်းဖြစ်သည်။

ဒါဖြင့်လျှင် မာလုကျပုတ္တ၊ သင့်အား အဘယ်တရားများကို ငါဘုရား ဟောကြားပေသနည်း။ သင့်အား ဒုက္ခအကြောင်းကို ရှင်းလင်းဟောကြားသည်။ ဒုက္ခဖြစ်ပေါ်ခြင်း (သမုဒယ)အကြောင်း၊ ဒုက္ခချုပ်ငြိမ်းခြင်း (နိရောဓ) အကြောင်း၊ ဒုက္ခချုပ်ငြိမ်းရာ ရောက်ရန်လမ်းစဉ်(ဒုက္ခနိရောဓ ဂါမိနိပဋိပဒါ) အကြောင်းကို ဟောကြား သည်။

ဤအကြောင်းအရာများသည်သာ အသုံးဝင်အရာရောက်သည်။ သူတော်မြတ်တို့၏ လုပ်ငန်းကျင့်စဉ်နှင့် အခြေခံ ဆက်စပ်လျက်ရှိသည်။ ငြီးငွေ့ရွံရှာခြင်း ဖြစ်စေသည်။ တွယ်တာမှုကင်းစေသည်။ ချုပ်ငြိမ်းစေသည်။ ချမ်းမြေ့စေည်။ ထိုးထွင်းသိမြင်စေသည်။ နိဗ္ဗာန်သို့ရောက်ခြင်း အလို့ငှာ ထောက်ပံ့မှုပြုသည်။ ထို့ကြောင့် ဤအကြောင်းအရာများကို ငါဘုရား ရှင်းလင်းဟောပြခြင်း ဖြစ်ပေးသည်။” ဟူ၍ ဖြစ်သည်။
 

မြတ်စွာဘုရားသည် အလုံးစုံသော အရာများကို ဆရာမသင်ပဲ အလိုအလျောက် ထိုးထွင်းသိမြင်တော်မူသည်။ သို့သော် အားလုံကိုမဟောကြား နိဗ္ဗာန်ရောက်ကြောင်းကိုသာ ဟောကြားခဲ့သည်။ ကိုယ်တော်တိုင် ကျင့်ကြံပြီး သကာလ သတ္တဝါအားလုံးကိုပါ နိဗ္ဗာန်ရောက်စေလိုသည့် ဆန္ဒဖြင့် ၄၅ ဝါပတ်လုံး တရားဟောကြားခဲ့သည်။ သို့သော် နိဗ္ဗာန်သို့ ရောက်သူမှာ ၃၁ ဘုံတွင် ကျင်လည်ကျန်ခဲ့သူ အရေအတွက်နှင့်နှိုင်းစာလျှင် မနှိုင်းဆနိုင် အောင် ကွာခြားခဲ့သည်။

ထို့ကြောင့် တရားတော်များကို ကျင့်ကြံအားထုတ်ရန်မှာ အင်မတန်ခက်ခဲချေသည်။ ထိုကဲ့သို့သော ခက်ခဲသော အခြေအနေတွင် ဗုဒ္ဓဘာသာဝင်စာဖတ်သူတို့ အဘယ်ကြောင့် အထက်ပါကဲ့သို့သော ဖြေရန်ခက်ခဲသည့် ရှေးကျသော အသုံးအနှုန်း (မင်းညီမင်းသား…) စသည်တို့ကို မေးရန်လိုနေသေးသနည်း။ ဘာသာခြားတို့ မေးလာသည်ရှိသော် မည်သို့မည်ပုံ ရှင်းလင်းပြသရမည်ကို သိရှိပြီးဖြစ်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ဖြေရှင်းရန် ခက်ခဲသည့် ယင်းမေးခွန်း၏ အဖြေကို သိရှိရန်ကြိုးပမ်းခြင်းထက် မြတ်စွာဘုရားဟောကြားသော သစ္စာလေးပါးကို လေ့လာကျင့်ကြံ ပွားများအား ထုတ်ကြ ရန် စာရေးသူမှ ဆန္ဒပြုအပ်ပေသည်။
 

အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/photo.php?fbid=695300767179845&set=a.247917771918

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...