စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကြန်မှာကြွေလွှင့်ခဲ့ရတဲ့ မျက်ရည်တစ်ပွင့်



Tuesday, April 1, 2014
                          
ချောမောလှပ နုနယ်လွန်းရုံသာ မက အရမ်းကို ဣနြေ္ဒကြီးလှတဲ့ မိန်းမပျိုလေး တစ်ဦး...

အခုတော့ ကြည့်စမ်းပါဦး...
ပိတုန်းရောင် ကေသာကြော့က လေမှာ မနော့နိုင်တော့ပဲ ရေတွေ စိုရွဲလို့...

"တော်ကြပါတော့၊ ရေတွေ မွှန်းလှပါပြီ... မပက်ကြပါတော့နဲ့" လို့ ခေါင်းကလေး တခါခါ၊ လက်ကလေး တကာကာနဲ့ သနား စဖွယ် တောင်းပန် တိုးလျှိုးနေတဲ့ ကြားထဲကမှ အဲဒီလို သူကလေးက တောင်းပန်လေ၊ မညှာမတာနဲ့ မရပ်မနား ပက်ကြလေလေ...

ပက်တာမှ ရိုးရိုးတောင်မဟုတ်...
အညိုးတကြီးနဲ့များ ပက်နေ ကြရော့သလားလို့ မှတ်ထင်ရမလို တစ်ယောက်ပြီးတစ်ယောက် ဝိုင်းဝန်းကာ အဆက်မပြတ် ပက်နေလေတော့ နှင်းဆီရောင် သမ်းနေတဲ့ သူ့ရဲ့ နူတ်ခမ်းပါးလေးတွေဟာ အခုတော့လည်း ပြာလို့ နှမ်း၊ အလှပန်းလေးတွေ ပျက်နေလေရဲ့။

ခေါင်းကနေ ခြေဖျားအထိ...
ရွဲရွဲစိုအောင် မညှာမတာ လောင်းပက်လိုက်ကြတဲ့ သင်္ကြန် ရေတွေကြောင့် ဖြောင့်စင်းတဲ့ ပေါင်တံ၊ အလှမာန်ကားစွင့်တဲ့ တင်ပါး၊ သေးသိမ်သွားတဲ့ ခါးတဝိုက်၊ လှိုက်လှိုက်ဖိုနေတဲ့ ရွှေရင်အစုံ၊ အလုံးစုံသော သဘာဝ အလှတရားတွေကာ ရေစိုနေတဲ့ အဝတ်များကြားကနေ ရုန်းကန်ပြီး ထွက်လုမတတ်၊ ကျွမ်းကျင် တတ်မြောက်တဲ့ ပန်းပုဆရာ တစ်ယောက် ထုလုပ်ထားသော ယမင်းသူဇာလေးသဖွယ် ရှိုက်ကြီးဖိုငယ် အသွယ်သွယ်နဲ့ ရှက်စဖွယ် ပေါ်နေရပြီလေ...

သူ့ရဲ့ခန္ဓာကိုယ်...
ကောက်ကြောင်းအလှတွေကို စားတော့ဝါးတော့မတတ် မညှာ မတာ ကြည့်ရှူနေကြတဲ့ မျက်လုံး ရိုင်းကြီးတွေရဲ့ ဒဏ်ကို အရှက်ပိုတဲ့ နှလုံးသား၊ ကြောက်လန့်တကြားနဲ့ မျက်နှာတွေ ပျက်၊ လက်နှစ်ဖက် ကို အသာယှက်ပြီး ရွှေရင်အစုံကို ကြိုးစားလို့ ကာကွယ်ရင်း၊ ရှက်ကြောက်ခြင်းတွေ အပြည့်နဲ့ ချစ်ရသူရဲ့ ရွှေမျက်နှာတော်ကို အားကိုးတကြီး လှမ်းကြည့်လိုက် တဲ့ အခါမှာတော့...

" ဟဲ့.. မယ်မင်းတို့.. စောလုံကို မပက်ကြပါနဲ့။ စောလုံကို မပက် ကြပါနဲ့" လို့ ပြောရင်း သူကိုယ်တိုင် ရွှေခွက်နဲ့ တစ်ခွက်ပြီးတစ်ခွက် မညှာမတာ ဝင်လောင်းပက်ရင်း တဟီးဟီးတဟားဟာ ရယ်နေသူ က ပုဂံပြည့်ရှင် နရသီဟပတေ့။
တန်တော့... ဒီအကြံအစည်ဟာ သင်းရဲ့ အကြံအစည်ပဲလို့ စောလုံ မှတ်ယူလိုက်ပြီ။

ဟုတ်တယ်လေ...
ပူပြင်းလှတဲ့ အညာနွေရာသီကို အံတုနိုင်ဘို့အတွက် အတာကြူး တဲ့ ဒီတန်ခူးလကို ရောက်ရှိလို့ လာလေတိုင်း ဧရာဝတီမြစ်ဆိပ်မှာ မဏ္ဍပ်ကြီးတွေထိုးပြီး သပြေခက်နဲ့ ရေပက်ကြတဲ့ ဓလေ့ကို ခုံမင်သူက နရသီဟပတေ့မင်း...

မင်းမိဖုရားနဲ့...
ကျန်တဲ့ နန်းတွင်းသူ နန်းတွင်းသား တွေ ရေပက်နေကြပေမယ့် အရှက် အကြောက် ကြီးလွန်းလှသူ မိဖုရားလေး စောလုံကတော့ ဘယ်သောအခါမှ ရေဝင်မပက်၊ သူ့အတွက် သတ်မှတ်ထားတဲ့ သလွန်တော်ပေါ်မှာ အေးအေး လူလူ စံရင်း ထိုင်မြဲ ထိုင်လျှက်၊ ကျန်တဲ့သူတွေ ရေကစားတာကို အပြုံးလေးတွေ ချွေရင်း ခပ်ဝေးဝေးကနေ ကြည့်မြဲ ကြည့်လျှက်...

ကျန်တဲ့သူတွေအားလုံး...
တစ်ကိုယ်လုံးလိုလို ရေတွေစိုနေ ကြပေမယ့် မဏ္ဍပ်ထဲကို ရောက်သည်ကနေ အခုအချိန်ထိ ရေတစ်စက်ကလေးမှ မစိုသေးသူ မိဖုရားလေး စောလုံကိုကြည့်ပြီး အသည်းတွေ ယားလာသူက နရသီဟပတေ့မင်း...

ဒီတော့...
မိဖုရားငယ်တစ်ချို့ကို တီးတိုးမှာ၊ အရှက်မူယာကြီးလွန်းသူ စောလုံ လေးကို ရေတွေဝိုင်းပြီး ပက်ခိုင်း ပါလေရော...

ရတနာမြတ်သုံးပါးကို...
အလွန်တရာမှ ကြည်ညိုပြီး အလှမှာ စံထိပ်ခေါင်တင်၊ ဣနြေ္ဒ့ရှင်မလေး စောလုံကို ဘုရင်ဖြစ်သူက အလေးထား၊ မြတ်နိုးခြင်းများစွာနဲ့ အလိုလိုက်၊ ဂရုတစိုက်နဲ့ အချစ်ပိုနေလေတော့ ကျန်တဲ့မိဖုရားတွေက ဘယ်ကလာ ရှူစိမ့်နိုင်မှာတုန်း။

အဲဒီလို ဘုရင့်အမိန့်လည်းရရော...
အချင်းချင်း ဖြန်းပက်နေကြ သပြေခက်တွေကို လွှင့်ပစ်၊ ရွှေခွက်တွေ ငွေခွက်တွေနဲ့ တစ်ခွက်ပြီးတစ်ခွက် မညှာမတာ လောင်းပက်လိုက်ကြလို့ တစ်သက်လုံး ထိန်းသိမ်းလာတဲ့ မဟာအရှက်တော်တွေ ကွဲသွားရ သူက စောလုံလေးပေါ့...

ရှက်စိတ် ကြောက်စိတ် အံ့သြစိတ် ထိတ်လန့်စိတ်တွေနဲ့အတူ ရေကစားမဏ္ဍပ်အတွင်းကနေ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ပြီး မရပ်မနား ပြေးထွက်လာခဲ့ သူ စောလုံလေးရဲ့ ရေစိုကျောပြင် လေးကို ကြည့်ရင်း တဟီးဟီး တဟားဟားနဲ့ သဘောတွေကျပြီး ကျန်ရစ်ခဲ့သူက အကျီစားသန်သူ နရသီဟပတေ့မင်း...

အဲဒီ...
လှောင်ပြောင် ရယ်မောသံတွေဟာ စောလုံရဲ့နားနှစ်ဖက်ကို အရှိန်ပြင်း စွာ စီးဆင်းသွားတဲ့ သံရည်ပူတွေ၊ မညှာမတာ လောင်းပက်လိုက်ကြ တဲ့ အဲဒီ သင်္ကြန်ရေစက်တွေဟာ စောလုံရဲ့နှလုံးသားကို တစ်စင်းပြီး တစ်စင်း ထိုးစိုက်ပစ်လိုက်တဲ့ အမုန်းမြှားချက်တွေဆိုတာ စောလုံကလွဲပြီး ဘယ်သူက သိမှာတဲ့လည်း။

အတာသင်္ကြန်ပွဲကြီး...
ပြီးဆုံးသွားခဲ့ပေမယ့် များပြားလှတဲ့ မင်းပရိတ်သတ် ဗိုလ်ပုံအလယ်မှာ မဟာအရှက်တော်တွေ ကွဲခဲ့ရတာ၊ နာကျည်းမျက်ရည်ပွင့်တွေ ကြွေလွှင့်ခဲ့ရတာကို ဘယ်လိုမှ မမေ့နိုင်တဲ့ စောလုံ...

ချစ်ခြင်းတရားကနေ...
ဆန့်ကျင်ဘက် အမုန်းတရားတွေ အဖြစ် ကူးပြောင်းသွားပြီး အဲဒီ သင်္ကြန်မှာ ကြွေလွှင့်ခဲ့ရတဲ့ မျက်ရည်တစ်ပွင့်ရဲ့ အကြွေးတွေ အတွက် အတိုးရောအရင်းပါ ပြန်ရချင်နေတဲ့ စောလုံ...
အဲဒီစောလုံဟာ နရသီဟပတေ့ရဲ့ စားတော်ပွဲထဲ အဆိပ်ခတ်ပြီး ဆက်သလိုက်ပြီလေ...

လူမိုက်ကံကောင်း နရသီဟပတေ့ ကလည်း သေနေ့ မစေ့သေးတော့ စားတော်ခေါ်ကာနီး နန်းတော် အောက်က ခွေးတစ်ကောင် နှာချေ တာကို အချိန်မီ ကြား၊ အတိတ် နိမိတ် မကောင်းပါလားလို့ ယူဆပြီး စားမယ့်ဆဲဆဲ စားတော်ပွဲ ကို ခွေးကျွေးခိုင်းလိုက်တော့ အဆိပ်မိသွားတဲ့ ခွေးခမြာ ဆန့်ငင် ဆန့်ငင်နဲ့ သေသွားတာကို မြင်လိုက်ရပါလေရော။

အဲဒီတော့မှ...
သူ့ရဲ့ စားတောပွဲထဲမှာ အဆိပ်ခတ် လုပ်ကြံတာကို သိသွားတဲ့ ဘုရင် ဟာ ဘယ်သူ့လက်ချက်လည်း မေးမြန်းစုံစမ်း၊ စောလုံရဲ့ အကြံမှန်း သိတဲ့အခါ "စောလုံကို ချက်ခြင်း ဖမ်းပြီး ရှေ့တော်သွင်းစေ"...တဲ့။

သတ္တိခဲ စောလုံကလည်း...
" ဟယ်.. ပန်းပွတ်သည်မရဲ့ မြေး၊ တစ်ခါတုန်းက သင်္ကြန်မှာ သင်.. ငါ့အရှက်ကို ခွဲခဲ့တဲ့အတွက် လက်စားချေတာပဲ။ ကြိုက်တဲ့ အပြစ်သာ ပေးပေတော့" လို့ အဖွားဘက်က ပန်းပွတ်သည် မျိုးရိုး ဖြစ်ခဲ့သူ ရှင်ဘုရင်ရဲ့ ငယ်ကျိုးငယ်နာပါ ပြန်ဖော်ပြီး မကြောက်မရွံ့နဲ့ ပြန်လျှောက်တင် လိုက်ပြီ။ အရာအားလုံးကို အမုန်း မျက်နှာနဲ့ ရင်ဆိုင်ဘို့ အသင့်ပြင် လိုက်ပြီ...

အချစ်ရဲ့အဆုံးမှာ အမုန်းတွေ ရောက်နေပြီဖြစ်တဲ့ စောလုံကို ရှင်ဘုရင်ကလည်း ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာတဲ့တုန်း။ ဂျင်းစိမ်းနဲ့ မိဿလင်.. သူကြင်မှ ကိုယ်ကြင် မယ် ဆိုတဲ့ စိတ်ကိုမွေး၊ "စောလုံ လေးကို မသေမချင်း ဖိုကျင်ထိုးပြီး သတ်စေ"..ဆိုတဲ့ တစ်ချက်လွှတ် အမိန့်တော်ကို ချလိုက်ပြီလေ။

သေရမှာကို မထိတ်လန့်တဲ့...စောလုံကတော့ အယူခံလည်း မဝင်၊ အသနားလည်းမခံတော့ဘူး။ ဖိုကျင်ဆောက်နေတဲ့ အလုပ်သမားတွေကိုသာ တံစိုး လက်ဆောင်ထိုး၊ အကျိုးအကြောင်း ပြောပြပြီး ခုနှစ်ရက်ခန့်ကြာအောင်သာ အချိန်ကိုဆွဲလို့ တည်ဆောက်ပေး ပါလို့ မှာ၊ ရတနာမြတ်သုံးပါးကို ကြည်ညို နှလုံးသွင်းရင်း ခုနှစ်ရက် ပတ်လုံး ဥပုသ်သီတင်း ဆောက်တည် နေလေရဲ့။

ခုနှစ်ရက်စေ့တော့...
ဖိုကျင်လည်း ပြီး၊ ရှားမီးကျီးတွေ အဟုန်ပြင်းပြင်းနဲ့ မီးတိုက်ထားလို့ရဲရဲနီနေတဲ့ ဖိုကျင် သံပြားပေါ်၊ စောလုံကို ဆွဲခေါ်ပြီး တင်လိုက်ကြပြီ။ သေခြင်းတရား ဆိုတာကြီးကို ရင်ဆိုင်ဘို့ အသင့် ပြင်ထားတဲ့ စောလုံကတော့ အပြုံးမပျက်တဲ့ မျက်နှာပေး၊ ထိတ်လန့်ခြင်းဆိုတာ ဝေးပြီး၊ ရတနာမြတ်သုံးပါးကို လက်အုပ်ချီ နှလုံးသွင်းရင်း သေမင်းကို စောင့်ဆိုင်းနေလေရဲ့။

ဝါဂွမ်းစလေးတစ်စတောင်...
တစ်ခဏချင်း လောင်ကျွမ်းသွား အောင် ခြစ်ခြစ်တောက် ပူနေတဲ့ သံပြားကြီးဟာ စောလုံရဲ့ မွှေးညှင်း တစ်ပင်ကိုမှ မလောင်ကျွမ်းနိုင်၊ ရဲရဲနီနေတဲ့ ရှားမီးခဲတွေလည်း စောလုံလေးရဲ့ သီလတန်ခိုးကြောင့် လက်မှိုင်တွေချပြီး ချက်ခြင်းဆိုသလို ငြိမ်းသွားလေရဲ့။

မသေမချင်း သတ်စေ ဆိုတဲ့ ဘုရင့်အမိန့်တော်က ရှိနေလေ တော့ ငြိမ်းသွားတဲ့ မီးဖိုကြီးကို ပြန်မွေး၊ မီးရှိန်တွေပြင်းလာအောင် အားထုတ်၊ တကုပ်ကုပ်နဲ့ ကြိုးစား ကြပြီး ရဲရဲနီလာပြန်တဲ့ သံပြားကြီး ပေါ် ပြန်တင်၊ ဖိုကျင်ထိုးပြီး စောလုံလေးကို သတ်ကြပြန်ပြီ။

ဒါပေမယ့်လည်း...
သုံးကြိမ်သုံးခါတိတိ မီးတွေငြိမ်း၊ ခပ်သိမ်းသော ပရိတ်သတ်တွေ ဝိုင်းအုံပြီး တအံ့တသြ ကြည့်နေတဲ့ ကြားထဲမှာမှ ရတနာမြတ်သုံးပါးကို တည်ငြိမ်စွာ နှလုံးသွင်းနေသူ စောလုံကတော့ သံပြားကြီးရဲ့ အပေါ်မှာ အပြုံးမပျက်၊ ရတနာ မြတ်သုံးပါးရဲ့ ဆန်းကြယ်ချက် တန်ခိုးတော်ကတော့ အံ့သြလို့ မကုန်နိုင်အောင် ဖြစ်နေလေရဲ့။

နောက်ဆုံးမှာတော့...
ဝဋ်နဲ့ကြမ္မာ မလွှတ်သာဆိုတဲ့ တရားကို သဘောပေါက်သွားတဲ့ စောလုံဟာ "ဝဋ်ကြွေးရှိခဲ့ပါက တစ်ခဏအတွင်း လောင်ကျွမ်း ပါစေ" လို့ အဓိဌာန်ပြုလိုက်ပြီ။ သူ့ရဲ့ အဓိဌာန်လည်း ဆုံး၊ ဟုန်းကနဲနေအောင် မီးတောက် ကြီးတွေ တက်လာပြီး စောလုံရဲ့ ခန္ဓာကိုယ်ကို မညှာမတာ ဝါးမြို လိုက်ကြပြီ။

အော်.. မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲမှာ အကျီစားသန်လွန်းသူ တစ်ယောက်ရဲ့ မဆင်မခြင် အပြု အမူ တစ်ခုရယ်ကြောင့် ရတနာမြတ်သုံးပါးကို အလွန် အင်မတန်မှ ကြည်ညိုပြီး အရှက် ကြီးသလောက် အငြိုးမာန်တွေ ကြီးလွန်းလှသူ... မြန်မာမလေး တစ်ယောက်ကတော့ အချိန် မတိုင်မီမှာပဲ ကြေလွှင့်ခဲ့ရပြီကော...

ကဲ... မိတ်ဆွေ၊ သင်ဆိုရင်ကော...
ဟိုး ပုဂံခေတ်တုန်းက သင်္ကြန်မှာ ကြွေလွှင့်ခဲ့ရတဲ့ ဖြစ်ရပ်မှန် မျက်ရည်တစ်ပွင့် ဇာတ်လမ်းလေး ကို နားဆင်ပြီးတဲ့အခါမှာ မကြာမီ ကျရောက်လာတော့မယ့် ကျွန်တော်တို့မြန်မာတွေ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...