စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘဒ္ဒါလိမထေရ်နှင့် ညစာ

by ဗုဒ္ဓဘာသာ / အတွေးအမြင် on Tuesday, January 3, 2012 at 12:50pm
(ဦးဇင်းမိုးသု ရဟန်းတော်တွေ ညစာမစားရတာကိုတော့ သိပါတယ်။ ဘာကြောင့် ညစားမစားရဘူးလို့ ပညတ်ခဲ့တာလဲဆိုတာကို မသိလို့ သိချင်ပါတယ်။ ဦးဇင်းသိတယ်ဆိုရင် ပြောပြပေးပါ)


မေးထားပုံကတော့ ဦးဇင်းကို အတော်ကြီးကို အထင်ကြီးစွာနဲ့ မေးထားတာပဲ။ “ဦးဇင်းသိတယ်ဆိုရင် ပြောပြပေးပါ”တဲ့။
ရာဇဂြိုဟ်ပြည်မှာ တောင်တွေနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေကို ကျင်းပလေ့ရှိတယ်။ “တောင်ထိပ်ပွဲသဘင်”လို့ ခေါ်လေ့ရှိတယ်။ တော်တော်ကြီးကို စည်စည်ကားကား ရှိတယ်။


ဘုရားရှင်ရဲ့ သာသနာအစပိုင်းက ရဟန်းခံရင် အသက်၂၀ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိသေးဘူး။ အဲဒီသတ်မှတ်ချက် မရှိသေးခင်တုန်းက အသက်ခုနှစ်နှစ်အရွယ် တစ်ကျိပ်ခုနှစ်ယောက်သော ကစားဖော်ကစားဖက် ကလေးငယ်လေးတွေဟာ ရဟန်းပြုခဲ့ကြတယ်။ သူတို့တွေဟာ ရဟန်းဘ၀မှာ အတူတူပဲ နေထိုင်ကြတယ်။


နောက်ပြီးတော့ အဲဒီအချိန်တုန်းက ရဟန်းတော်တွေ ပွဲသဘင်တွေကို မကြည့်ရသေးဘူးဆိုတဲ့ ပညတ်ချက်လဲမရှိသေးဘူး။
ဘုရားသာသနာအစပိုင်းမှာ ရဟန်းတွေဟာ တစ်နေ့ကို သုံးထပ်လဲ ဆွမ်းဘုဉ်းပေးကြတယ်။


ဒီတော့ စောစောက ပြောခဲ့တဲ့ ရဟန်းငယ်လေးတွေ တစ်ကျိပ်ခုနှစ်ယောက် (ပါဠိလို သတ္တရသ၀ဂ္ဂီ လို့ခေါ်တယ်) ဟာ တောင်ထိပ်ပွဲသဘင်ကို သွားကြည့်ကြတယ်။ ပွဲခင်းထဲမှာ ဆွေမျိုးတွေနဲ့တွေ့တော့ ဆွေမျိုးတွေက သူတို့ကို ရေမိုးချိုး နံ့သာလိမ်း ထမင်းကျွေးတယ်။ ပြီးတော့ လက်ထဲကို စားစရာသောက်စရာတွေ ထည့်ပေးလိုက်တယ်။


သူတို့တွေဟာ ကျောင်းပြန်ရောက်တော့ သူတို့ပါလာတဲ့ မုန့်များကို သူတို့ကို အနိုင်ကျင့်လေ့ရှိတဲ့ ဆဗ္ဗဂ္ဂီရဟန်းတွေကို ကျွေးတယ်။ ဆဗ္ဗဂ္ဂီရဟန်းတွေက မင်းတို့ ဘယ်ကရလာတာလဲ ဘာလဲညာလဲ မေးတယ်။ သူတို့ပြောပြတယ်။ ဟိုမှာလဲ သူတို့စားခဲ့ပြီးပြီ ဒါကြောင့် အားမနာပါနဲ့ စားပါလို့ ပြောတယ်။ ဆဗ္ဗဂ္ဂီတွေက ကဲ့ရဲ့ပြီးတော့ ဘုရားကို သွားလျှောက်ကြတယ်။


ဘုရားရှင်က ယော ပန ဘိက္ခု ၀ိကာလေ ခါဒနီယံ ၀ါ ဘောဇနီယံ ၀ါ ခါဒေယျ ၀ါ ဘုဉ္ဇေယျ ၀ါ ပါစိတ္တိယံ။ အကြင်ရဟန်းသည် နေလွဲအခါ၌ ခဲဖွယ်ကိုသော်လည်းကောင်း ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲအံ့၊ စားမူလည်း စားအံ့ ထိုရဟန်းအား ပါစိတ်အာပါတ်သင့်၏။ လို့ ပညတ်တော်မူခဲ့တယ်။


တကယ်တော့ ဒီသိက္ခာပုဒ်မပညတ်ခင်က သုံးထပ်စားတဲ့ ရဟန်းတွေကို နေ့လယ်စာ မစားကြဖို့ ဘုရားရှင်က ပြောခဲ့တယ်။ အာပတ်နဲ့ တားတာတော့ မဟုတ်ဘူး။ ဒီအတိုင်း မစားဖို့ တားတာပါ။ အဲဒီတုန်းကရဟန်တွေဟာ စိတ်မချမ်းမသာဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ဘုရားရှင်အပေါ်ကို ရိုသေတဲ့စိတ်ကြောင့် ဘာမှ မပြောခဲ့သေးပါဘူး။


မှတ်ချက်။ ။ ဘုရားရှင်တားမြစ်ခဲ့တဲ့ နေ့လယ်စာဟူသည် အခုခေတ်ရဟန်းတော်များ ဘုဉ်ပေးနေသော နေ့ဆွမ်းမဟုတ်ပါ။ မွန်းလွဲ (၁၂)နောက်ပိုင်းမှာ စားတဲ့ နေ့လယ်စာကို ဆိုလိုရင်းဖြစ်သည်။


နောက်အခုလိုမျိုး ညစာပါ မစားရဘူးလို့ ပညတ်လိုက်တော့ ဘဒ္ဒါလိမထေရ်က ဘုရားရှင်ကို ဒီသိက္ခာပုဒ်မပညတ်ဖို့ အကြီးအကျယ် ကန့်ကွက်တားမြစ်ခဲ့တယ်။ သူက ပြီးခဲ့တဲ့ဘ၀က ကျီးကန်းဖြစ်ခဲ့တယ်။ ဒါကြောင့် ကျီးကန်းဘ၀ကလာတဲ့သူဆိုတော့ ညစာမစားဘူးဆိုတဲ့ သိက္ခာပုဒ်ကို မလိုက်နာနိုင်ဘူး ဒါကြောင့် ကန့်ကွက်တာဖြစ်တယ်။


ဘုရားရှင်က ဒီအခါမှာ ရဟန်းတွေကို ညစာမစားရင် အနာရောဂါကင်းတယ်။ အားအင်ပြည့်ဖြိုးတယ်။ ညောင်းညာကိုက်ခဲခြင်းနည်းပါတယ်။ ပေါ့ပေါ့ပါးပါးလဲရှိတယ်လို့ ညစားမစားခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးတွေကို ဟောပြတယ်။


ရဟန်းတော်တွေကလဲ သူတို့တွေ ညစာအတွက် ဆွမ်းခံရင်းနဲ့ ဖြစ်ခဲ့တဲ့ ဒုက္ခတွေကို ပြန်လည်လျှောက်ထားကြတယ်။
တချို့ရဟန်းတွေဟာ ညကြီးမှောင်မှောင်မဲမဲမှာ ဆွမ်းခံထွက်တော့ လမ်းမှာ ၀ပ်နေတဲ့ နွားကိုတက်နင်းမိတယ်။ မစင်ပုံတွေတက်နင်းမိတယ်။ ရေသိုးရေပုပ်မြောင်းထဲ ပြုတ်ကျတယ်။


ရဟန်းတစ်ပါးဆိုရင် အဲဒီညက မိုးကလဲ မှောင်မဲနေတယ်။ သူက အိမ်တစ်အိမ်ကို ဆွမ်းရပ်နေတယ်။ အိမ်ထဲက ဒကာမက သူ့ကိုမမြင်ဘူး။ ပန်းကန်ဆေးနေတယ်။ လျှပ်စီးလက်မှ လျှပ်စီးရောင်နဲ့ ဖြုန်းခနဲမြင်ရတော့ သူရဲဆိုပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့ အော်တယ်။ ရဟန်းက သူရဲမဟုတ်ပါဘူး။ ဆွမ်းခံကိုယ်တော်ပါလို့ ပြောတယ်။ ဒကာမက “ကိုယ်တော့် အမေလင်သေလို့ ဒီအချိန်ကြီး ဆွမ်းခံရတာလား”လို့ ပြန်ဆဲတယ် တဲ့။ ရဟန်းတစ်ပါးက သူကြုံတွေ့ခဲ့ရတာကို ဘုရားကို လျှောက်တာ။


ရဟန်းတစ်ပါးကိုတော့ အပျိုကြီးတစ်ယောက်က ဒီမှာ ညစာစားပြီးတော့ သူနဲ့အတူအိပ်ပါ။ မနက်မှ ကျောင်းပြန်ပါလို့ ဖိတ်ခေါ်ခံရတယ်တဲ့။ ဒီလိုမျိုးတွေ ဘုရားကို ၀ိုင်းလျှောက်ကြတော့မှ ဘဒ္ဒါလိမထေရ်ဟာ သံဝေဂဖြစ်ပြီးတော့ ညစာမစားရဘူးဆိုတဲ့ သိက္ခာပုဒ်ကို လိုက်နာခဲ့တယ်။


ရဟန်းတွေဟာ အရုဏ်တက်သည်မှစ၍ မွန်းမလွဲခင်အထိ စိတ်ကြိုက်စားနိုင်တယ်။ မွန်းလွဲပြီးတဲ့နောက်ပိုင်းကို ဘာမှ မစားကောင်းဘူး။ ယုတ်စွဆုံး အခုခေတ်မှာ ရဟန်းတွေ ညနေပိုင်း အိမ်ကြွလာရင် စားကောင်းတယ်ထင်ပြီး ကပ်နေကြတဲ့ ထန်းလျှက်ခဲ သကြားလုံးကစ မစားကောင်းဘူး။ ဆာလောင်မွတ်သိပ်ရင်တော့ အဲဒီ ထန်းလျှက်ခဲတို့ကို အရည်ဖျော်ပြီးတော့ ဘာဖတ်မှမပါအောင် စစ်ပြီးတော့ သောက်ကောင်းတယ်။ အခဲလိုက် မစားကောင်းဘူး။ ဆာလောင်မွတ်သိပ်မှုမရှိပဲ အရသာခံလိုတဲ့စိတ်နဲ့ဆိုရင် အရည်လဲဖျော်ပြီးတော့ မသောက်ကောင်းဘူး။ ကုန်ကုန်ပြောရရင် ဆားတောင် မလျှက်ကောင်းဘူး။
ကဲ ဒီလောက်ဆိုရင် နားလည်လောက်ပြီးလို့ ယူဆလိုက်ပါတယ်။


...................................................................................................မိုးသု(မန္တလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...