မြတ်စွာဘုရားရဲ့ သဘောထား
မြတ်စွာဘုရားရဲ့တရားတော်တွေကိုလေ့လာ ကြည့်ရင် မြတ်စွာဘုရားကိုကျွန်မတို့ ပိုလို့ကြည်ညို လေလေပါပဲရှင်။ ဗုဒ္ဓဘာသာတရားဟာ လုံးဝအပြည့်အ၀ လွတ်လပ်မှူ ရှိတယ်။ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာကိုမှ ဘုရားကလဲတန်းဖိုးထားတယ်။ အပေါ်ယံ နာမည်တပ်တာလောက်ကို ဦးစားမပေးဘူးနော်။
အဲသလို သအပေါ်ယံ နာမည်တပ်တာလောက် ဦးစားမပေးတဲ့ အထောက်အထားတွေ အများကြီးရှိတယ်၊၊ ဘုရားလက်ထက်က ဥပါလိတို့၊ သီဟတို့ဆိုတာကြားဖူးတယ်နော်၊၊ သီဟကတော့ ဗိုလ်ချူပ်၊ ဥပါလိက သူဌေး၊၊ သူတို့ပထမတော့ ဘုရားကိုကြည်ညိုတာမဟုတ်ဘူး၊ ဘုရားကို အပြိုင်အဆိုင်လုပ်တဲ့ နိဂဏ္ဏဂိုဏ်းက ဂိုဏ်းဝင်တွေပါပဲ ။ ၀ါဒမတူဘူး။ မတူတော့ ဘုရားကိုမဖြေနိင်အောင် မေးခွန်းတွေ မေးမယ်ဆိုပြီးတော့ သူတို့ဘုရားနဲ့ဝါဒပြိုင်ဖို့သွားတာပါ။
မသွားခင်မှာလည်းပဲ သူတို့သင်တန်းဌာနမှာ သင်တန်းအများကြီးပေးတယ်။ ဘယ်လိုမေး၊ ဒီလိုမေးရင်တော့ မြတ်စွာဘုရားကဒီလိုဖြေရင်တော့ အစွန်းမလွတ်ဘူး၊၊ အဲဒီလိုဖြေရင် ဘုရားရဲ့အယူဝါဒဟာ မှားတယ်လို့ဒို့ စွတ်ဆွဲမယ်။ အဲဒိတော့ ဥပါလိသူကြွယ်ပဲဆိုပါတော့ သူကဘုရားဆီကို သွားပြီးတော့ အဲသလိုမေးခွန်းတွေ မေးတယ်။ မေးတိုင်းလည်း ဘုရားကတကယ့်ကိုလွတ်လွတ်ကျွတ်ကျွတ် ဖြေနိုင်ခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး ဥပါလိတို့က ဘုရားဟောတာကိုသဘောပေါက် ကျေနပ်ပြီးတော့ ဘုရားရဲ့တပည့်ခံတယ်။
တပည့်ခံတော့ ဘယ်လိုပြောလဲဆိုတော့ “ တပည့်တော်ကို ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်တဲ့သူလို့ မှတ်ပါ ” တဲ့။အဲသလိုပြောတော့ မြတ်စွားဘုရားက “ ဥပါလိ သင်ဟာညဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊၊ ထင်ရှားကြော်ကြားတဲ့သူလဲဖြစ်တယ် သင်လိုပုဂ္ဂိုလ်ဟာ အလျှင်စလို မလုပ်သင့်ဘူး။ စဉ်းစဉ်းစားစား လုပ်သင့်တယ်။ ”
အဲဒီတော့ ဥပါလိက ဘယ်လိုပြန်ပြောသလဲဆိုတော့ “ အရှင်ဘရားတပည့်တော်လို လူတစ်ယောက်ကို တခြားဘာသာတွေက သူတို့ဂိုဏ်းဝင်အဖြစ်နဲ့ တပည့်တော်ကိုရသွားမယ်ဆိုရင် မြို့ထဲမှာလှည့်ပြီးတော့ ဥပါလိတော့ သူတို့ဂိုဏ်းထဲဝင်လာပြီဆိုပြီးတော့ လှည့်ပြီးကြွေးကြော်မယ်တဲ့ အရှင်ဘုရားက စဉ်းစားပါအုံးလို့ဆို တော့ အင်မတန် အံ့သြပါတယ် ဘုရားတဲ့ ” အဲဒါကိုကြည့်ရင် မြတ်စွာဘုရားရဲ့ သဘောထားက အပေါ်ယံနာမည်ခံလိုက်တာကို လုံးဝဦးစားမပေးဘူး။ နာမည်ဟာ ပညတ်ပဲ အပေါ်ယံပဲ လူ့အတွင်းစိတ်ထဲမှာ တကယ် လေးလေးနက်နက် သဘောပေါက်တာ၊ နားလည်တာ မပါရင် ဘယ်လောက်မှ ခိုင်မြဲမှာ လည်းမဟုတ်ဘူးနော်” တဲ့။
ဒါနဲ့ဥပါလိက ဒုတိယအကြိမ် ထက်ပြီးလျှောက်တယ်၊ သူ့ကိုရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူလို့ မှတ်ပါတဲ့။ အဲလိုပြောတော့ မြတ်စွာဘုရားက “ ဥပါလိ သင့်အိမ်ဟာ နိဂဏ္ဏ တို့အတွက် လမ်းလေးခွဆုံမှာ တူထားတဲ့ ရေတွင်းလို ပဲ အချိန်မရွေး ၀င်ထွက်ပြီး တော့ အလိုရှိရာကို အလှူခံရတဲ့ အိမ် ဖြစ်နေတယ် အဲဒီတော့ သင်ဟာ ရတနာ သုံးပါးကိုပင် ဆည်းကပ်သော်လည်း အရင်တုန်းက လိုပဲ နိဂဏ္ဏ တို့ကို ဆက်လက်ပြီးတော့ လှူဒါန်းထောက်ပံ့သင့်တယ် ” တဲ့။
ဒါလဲစဉ်းစားကြည့်နော်၊ မြတ်စွာဘုရားက တို့ကို ကိုးကွယ်ရင် ဟိုကိုမလှူ ရဘူးလို့ မပြောဘူးနော်၊ ဗုဒ္ဓဘာသာဝင်ဖြစ်သွားရင် တခြားဘာသာဝင်တွေကို သွားမလှူနဲ့ အဲဒါငရဲကြီးတယ်လို့မပြောဘူး။ စဉ်းစားကြည့်။ မြတ်စွာဘုရားရဲ့ သဘောထားက ဘယ်လောက်လွတ်လပ်ပြီးတော့ မြင့်မြတ်ပြီးတော့ ကြီးကျယ်နေလဲဆိုတာ။ ဘာအနှောင်အဖွဲ့မှ မရှိဘူး။
အဲဒါနဲ့ ဥပါလိကထပ်ပြီး လျှောက်တယ်၊ တပည့်တော်တခြားမှ တဆင့်ကြားခဲ့တာက မြတ်စွာဘုရားက “ ငါ့ကိုလှူတာပဲ မြတ်တယ် ၊ ငါတပည့် ရဟန်းသံဃာတွေကိုလှူတာပဲ မြတ်တယ်လို့” ကြားခဲ့ရပါတယ် ဘုရား အခုမြတ်စွာဘုရားနှုတ်တော်ကမိန့်တာကို ကိုယ်တိုင်ကြားရတော့ တခြားဆီဖြစ်နေပါတယ်ဘရား၊ ဒါကြောင့်လဲ မြတ်စွာဘုရားကို ပိုကြည်ညိုပါတယ်ဘု၇ား။ အဲဒီပုဂ္ဂိုလ်တွေကိုလှူတာတော့ တပည့်တော်သင့်တော် သလိုကြည့်လုပ်ပါမယ်တဲ့ သူဆက်ပြီးတော့ နိဂဏ္ဏတို့ကို လှူပါတယ် ၊ ဒါပေမဲ့ အရင်လိုတော့ ဆရာအနေနဲ့ မကိုးကွယ် တော့ပါဘူး။
ပြီးတော့ တရားကို လှေလိုဖောင်လို သဘောထားဖို့ ။ လှေနဲ့ဖောင်နဲ့ လှော်ခပ်ပြီး တစ်ဖက်ကမ်းကို ရောက်သွားတဲ့အခါမှာ လှေတွေဖောင်တွေကို ကျေးဇူးကြီးတယ်ဆိုပြီး ကျောမှာပိုးပြီး ယူသွားဖို့ မလိုဘူး။ ကမ်းမှာပဲထားခဲ့ရမယ် လို့ ညီတော်အာနန္ဒာကို မိန့်တော်မူခဲ့တဲ့တရားဟာ မြတ်စွာ ဘုရားရဲ့ အင်မတန် လွတ်လပ်တဲ့စိတ်ထားကို ဖော်ပြတယ်။ တရားကိုတောင် မစွဲလမ်းဖို့ သတိပေးခဲ့တယ်။ အစွဲအလမ်း ကင်းဖို့ကို ဘယ်လောက်အလေးအနက်ထားသလဲ ဆိုတာသိပ်ကိုပေါ်လွင်ပါတယ်။ တရားကို တန်ဖိုးမထားဖို့ပြောတာမဟုတ်ဘူးနော် ။ တန်ဖိုးထားတာနဲ့ စွဲလန်းတာမတူဘူး ။ တရားကိုတန်ဖိုးထားလို့ကိုပဲ မစွဲလန်းခိုင်းတာ။
နောက်တခုက စဉ်းစားစရာက မဟာပရိနိဗ္ဗာနသုတ်မှာ ပါတာပါ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မယ်ဆိုတော့ ညီတော်အာနန္ဒာက မြတ်စွာဘုရားမရှိတော့တဲ့အခါ ဘယ်သူ့ကို အားကိုးပြီးနေရမလဲလို့ လျှောက်တော့ “ ငါဘုရား တရားနဲ့ ၀ိနည်းတော်တို့ကို ဟောထားပြီးပြီ။ ငါဘုရားမရှိတော့တဲ့အခါမှာ တရားနဲ့ ၀ိနည်းဟာသင်တို့ဆရာပဲ။ အဲဒီတရားနဲ့ ၀ိနည်းကိုပဲ ဆရာအဖြစ်နဲ့ ထားပြီးနေတော့ ” လို့ မိန့်တော်မူတယ်။ ဘယ်သူ့ကိုမှ ဘုရားရဲ့ ကိုယ်စားနေရာမှာမ ထားခဲ့ဘူး။ ပုဂ္ဂိုလ်ဆွဲကို အားမပေးခဲ့ဘူးနော်။
ဒါလေးကတော့ ကျွန်မတို့ကိုးကွယ်ဆည်းကပ်နေတဲ့ လောကဆရာတဆူလည်းဖြစ်တဲ့ မြတ်စွာဘုရားရဲ့ လေးစားကြည်ညိုဖွယ်ရာ သဘောလေးကို ဆရာတော်ဦးဇောတိကရေးတဲ့ အခွင့်အရေးနဲ့တာဝန်ဆိုတဲ့ စာအုပ်ထဲက ကျွန်မဖတ်မှတ်ရတာလေးကိုပြန်လည်ပြီး ဓမ္မမိတ်ဆွေတို့အားလည်းသိမှတ်စေခြင်းငှာ မျှဝေးပေးလိုက်ပါတယ်ရှင်။
အနန္နစကြာဝဠာအတွင်းရှိ လူနတ်ဗြဟ္မာသတ္တ၀ါအနန္နတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး သူတော်ကောင်းတရားတို့နှင့်မွေ့လျှော်နိုင်ကြပါစေရှင်။
အဖြူေ၇ာင်

No comments:
Post a Comment