စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တန်ခိုးကြီးဘုရား


 

ဘုရားစေတီမှန်သမျှ ပွင့်ခဲ့ပြီးသောမြတ်စွာဘုရား အဆူဆူကို ကိုယ်စားပြုရည်မှန်း၍ တည်ထားခြင်းဖြစ်ပါ၏။
ယင်းသို့ မြတ်စွာဘုရားကို ရည်မှန်း၍ တည်ထားသော“ဘုရားစေတီ” အချင်းချင်း၊မည်သည့်ဘုရားက တန်ခိုးကြီးသည် ဟု သုံးနှုန်းနေကြခြင်းမှာ သင့်တော်လျှောက်ပတ်ပါ၏လော၊
မြန်မာပြည်အ၀န်းတွင် ဘုရားစေတီအများအပြားရှိလေရာ“တန်ခိုးကြီးဘုရားဖူးမည်” ဟု အချို့သော
ဘုရားဖူးလုပ်ငန်းရှင်များက ကြော်ငြာလေ့ရှိကြ၏။ထိုဘုရားတို့သာ တန်ခိုးကြီးပြီး ကျန်သောဘုရားတို့က
တန်ခိုးမရှိတော့ပြီလော။

“တန်ခိုးကြီးဘုရား”ဟူသော အသုံးအနှုန်းနှင့် စပ်လျဉ်း၍ဂါးဒီးယန်း ဦးစိန်ဝင်း၏ အမေးကို
“အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး” ၏ အဖြေမှာများစွာ မှတ်သားစရာ ကောင်းလှပါသည်။

ဂါးဒီးယန်းဦးစိန်ဝင်း၏ အမေးမှာ-“တန်ခိုးကြီးဘုရားကို တကူးတက သွား၍ ဖူးမြှော်ပူဇော်ခြင်းနှင့်
အိမ်တွင်ကိုးကွယ်ထားသော ရုပ်ပွားတော်ကို ဖူးမြှော်ခြင်းတွင်မည်သည့်ဖူးမြှော်ခြင်းက ပို၍ အကျိုးရှိပါသနည်း?”

ဆရာတော်ကြီး၏ ဖြေကြားတော်မူချက်မှာ ဤသို့ဖြစ်ပါ၏။

“ဘုန်းကြီးအလိုအားဖြင့် သက်တော်ထင်ရှား မြတ်ဘုရား၏ကိုယ်စားတော်ချည်းဖြစ်ကြသော ရုပ်ပွားတော်၊
စေတီတော်များကို တန်ခိုးကြီး ငယ် မခွဲခြားလိုပါ။လူအသွားအလာများသည်ကိုတန်ခိုးကြီး၊
လူအရောက်အပေါက်နည်းသည်ကို တန်ခိုးငယ်ဟု ဆိုလိုလျှင်တောကြီးတောင်ကြီးထဲ၌ လူတစ်ယောက်မှ
အရောက်အပေါက်မရှိသော ရုပ်ပွားတော်၊ စေတီတော်များကို တန်ခိုးမရှိသော ဘုရားဟု

ခေါ်ရမလို ဖြစ်နေပါသည်။ထို့ကြောင့် ဤပြဿနာအတွက် အထူးဖြေဖွယ်ရာ မလိုပါ။မိမိစိတ်က ဂုဏ်တော်ကို အာရုံပြုရာ၌ သဒ္ဓါ၊ ပညာ အတိမ်အနက်လိုက်၍သာအကျိုးရ ကွဲပြားဖွယ်ရှိပါသည်။
အကယ်၍ အလွန်ကြည်ညိုစွာ အာရုံပြုရာနိုင်ပါမူသက်တော်ထင်ရှား မြတ်ဘုရားကိုဖူမြင်ရသောအကျိုးကဲ့သို့
တန်းတူပင်ဖြစ်နိုင်ပါသည်။ဥပမာ အသက်ရှိသော မိဘကိုမြင်တွေ့ရခြင်းနှင့်
မိဘမရှိ၍ ဓါတ်ပုံကိုသာ ကြည့်ရခြင်း ရိုသေလေးစားမှု မကွာလျှင် အကျိုးပေးမကွာနိုင်သကဲ့သို့တည်း။”

ဤသို့ဆိုလျှင် ဂေါတမမြတ်စွာဘုရား တစ်ဆူ တည်းကိုသာ မှန်းဆရည်ရွယ်တည်ထားသော “ဥဒ္ဒိဿစေတီ”ချင်းတူပါလျက် အချို့ချို့သော ဘုရားစေတီများကို “တန်ခိုးကြီးဘုရား”ဟူ၍
ရွေးချယ်သုံးနှုန်းခြင်းအပေါ် မည်သို့သဘောထားသင့်သည်၊ ထင်မြင်ယူဆသင့်သည်ကို မျှော်ခေါ်ဆင်ခြင်
သုံးသပ်ကြည့်နိုင်ကြလိမ့်မည် ထင်ပါသည်။

ကျွန်တော် ကိုရင်ဝတ်တုန်းကလည်း ကျောင်းကဆရာတော်ကြီးကို လာလျှောက်ကြတဲ့
တောနယ်က ဆင်းရဲတဲ့ ဒကာမ တချို့ကိုတွေ့ဖူးပါတယ်။အဲဒီဒကာမတွေက ကျောင်းမှာ သူတို့သားတွေကို
ဘုန်းကြီးကျောင်းသားအဖြစ်ထားပြီး၊သူတို့ရဲ့ပညာရေးကို ဆရာတော်ကြီးက တာဝန်ယူရပါတယ်၊
ထားပေးတာကတော့ အစိုးရကျောင်းပါ။ကလေးတွေက ကျောင်းသားအရွယ်ဆိုတော့
အဆော့မက်တာပေါ့၊ ဘုရားဝတ်ပြုချိန်ဆိုရင် ကြိမ်နဲ့ခေါ်ရတယ်။ကလေးအမေဒကာမက အထက်မြန်မာပြည် တန်ခိုးကြီးဘုရားဖူးဖို့ သူ့သားကို ခေတ္တခဏလာခေါ်ကြတာပါ။

အဲဒီတော့ သူတို့သားက ကျောင်းက ဘုရားကိုတောင် ၀တ်ပြုချိန် မမှန်ချင်တာ၊ ဘုန်းကြီးက သူ့ကိုမိန့်ပါတယ်။“မင်းကတန်ခိုးကြီးဘုရားသွားဖူးဦးမယ် ဟုတ်လား၊ ငါ့ကျောင်းပေါ်ကဘုရားလဲ တန်ခိုးကြီးပါတယ်ကွာ ။ကျောင်းပေါ်က ဘုရားကိုအားနာပါဦးကွာတဲ့ဗျား။”
 

-【မင်းနန် - မော်ကျွန်း (အယူအမြင်မှန်ကန်ရေးမှ)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...