စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိန္ဒိယတွင် ကျားလှောင်အိမ်ထဲ ပြုတ်ကျသူ ကျားကိုက်ခံရ၍ သေဆုံး


Photo - Dailymail
အိန္ဒိယ နိုင်ငံရှိ တိရစ္ဆာန်ရုံ တစ်ရုံတွင် ကျားလှောင်အိမ်ထဲ ပြုတ်ကျခဲ့သူ တစ်ဦးကို ကျားတစ်ကောင်က ကိုက်သတ်လိုက်ကြောင်း သိရှိရသည်။

စက်တင်ဘာ (၂၃)ရက်က အသက်(၁၉)နှစ်အရွယ် ကျောင်းသားတစ်ဦးသည် မမျှော်လင့်သော အခြေအနေ တစ်ရပ်တွင် မတော်တဆဖြင့် ကျားထားရာ ကျင်းကြီးထဲ ပြုတ်ကျသွားခဲ့သည်။ ၎င်းသည် ကြောက်လန့်တကြား ပြန်ထချိန်တွင်ပင် ရှေ့တည့်တည့် ရောက်လာသည့် ဘင်္ဂလား ကျားဖြူကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့သည်။

ထို့နောက်တွင်မူ ကျားဖြူကြီးက ၎င်း၏ ပိုင်နက်ထဲ ရောက်ရှိလာသည့် သားကောင်ကို ရက်စက်စွာ သတ်ဖြတ်လိုက်သည်။ အဆိုပါ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကို တိရစ္ဆာန်ရုံထဲ ရောက်နေသူ အများအပြားက တွေ့မြင်ခဲ့ရသည်။ “ကျားကြီးက လူငယ်လေးကို ကိုက်ဆွဲယူသွားပြီး သတ်ပစ်လိုက်တော့တာပဲ”ဟု ဒေလီမြို့တော်ရှိ အမျိုးသား သတ္တဗေဒ ဥယျာဉ်မှ ညွှန်ကြားရေးမှူး အမီတာ အက်ဂ်နီဟိုထရီက ပြောကြားခဲ့သည်။

သေဆုံးသူ၏ အမည်မှာ မက်ဆွတ်ဖြစ်ပြီး ၎င်းအနေဖြင့် မသေမီ ကျားကို မျက်လုံးချင်း ရင်ဆိုင်ကြည့်ရင်း အသနားခံနေသည့်နှယ် ရှိခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ “အဲဒီလူကို ကြည့်ရတာ အရမ်းကြောက်နေပုံပဲ။ ပြီးတော့ သူ့ကို အသက်ချမ်းသာပေးဖို့ ကျားကြီးကို အသနားခံနေသလို ဖြစ်နေတယ်”ဟု မျက်မြင် တစ်ဦးက Sky News သို့ ပြောကြားခဲ့သည်။

သို့သော်လည်း မျိုးသုဉ်းလုနီးပါး ရှားပါးနေပြီဖြစ်သည့် ဘင်္ဂလား ကျားဖြူကြီးသည် မက်ဆွတ်၏ လည်ပင်းကို ကိုက်ခဲကာ ၎င်းကို လှောင်ထားသည့် ကျင်းကြီး၏ ထောင့်တစ်နေရာသို့ ဆွဲယူသွားခဲ့သည်။ အဆိုပါ လှောင်အိမ် ကျင်းကြီးထဲတွင် အခြား ဘင်္ဂလား ကျားဖြူ (၅)ကောင်လည်း ရှိနေသည်။

အခြားမျက်မြင်တစ်ဦးက ကျားကြီးသည် မက်ဆွတ်၏ လည်ပင်းကို လက်သည်းများဖြင့် ကုတ်ခြစ်ခဲ့သေးရာ ၎င်းအနေဖြင့် မသေမီ (၁၀)မိနစ်မျှ ဆိုးရွားသော ဝေဒနာကို ကြုံတွေ့ ခံစားခဲ့ရကြောင်း ဆိုသည်။
“ကျားကို ခြောက်လှန့်ဖို့ အပြင်ကနေ တုတ်တွေ၊ ကျောက်ခဲတွေနဲ့ ကျွန်တော်တို့ လှမ်းပစ်ပေါက်ကြပါတယ်။ ဒါပေမဲ့ အဲဒီလူရဲ့ အသက်ကို မကယ်လိုက်နိုင်ဘူး”ဟု အဆိုပါ မျက်မြင်က ပြောကြားခဲ့သည်။

ရုတ်တရက် ဖြစ်ပွားသွားသည့် အခြေအနေတွင် တိရစ္ဆာန်ရုံ ဝန်ထမ်းများ အနေဖြင့် မက်ဆွတ်ကို ကယ်တင်ရန်ထက် လူအများကို အခင်းဖြစ်ရာ နေရာမှ ဖယ်ထုတ်ရန်သာ ကြိုးစားခဲ့ကြောင်းလည်း စွပ်စွဲခံနေရသည်။

“တကယ်ဆို ကျင်းထဲကျသွားတဲ့ လူကို ကယ်ဖို့ အရင်ဆုံး လုပ်ရမှာ။ အဲဒီအစား လုံခြုံရေးတွေက စုပြုံကြည့်နေတဲ့ လူတွေကို မောင်းထုတ်ဖို့ပဲ အာရုံစိုက်နေတယ်”ဟု အမည်ဖော်မပြသည့် အမျိုးသမီး တစ်ဦးက ဒေသခံ မီဒီယာများထံ ပြောကြားခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

မက်ဆွတ်သည် ကျားများရှိနေသည့် ကျင်းကြီးထဲ ခုန်ချခဲ့ခြင်း၊ သို့မဟုတ် ချော်ကျသွားခြင်း ဆိုသည်မှာ ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေသော်လည်း ၎င်းအနေဖြင့် အရက်သောက်ထားဖြင့် မတော်တဆ ချော်ကျသွားခြင်း ဖြစ်နိုင်ကြောင်း ရဲများက ဆိုသည်။ မျက်မြင်အချို့ကလည်း မက်ဆွတ်သည် ကျင်း၏ အပေါ်ပိုင်းတွင် ကာရံထားသည့် ခြံစည်းရိုးမှာ နိမ့်နေသောကြောင့် အလွန်အမင်း အနားကပ်ခြင်းမျိုး မပြုလုပ်ရန် သတိပေးထားမှုကို မလိုက်နာခဲ့ကြောင်း ပြောကြားခဲ့သည်။

မက်ဆွတ်၏ အလောင်းသည် ကျားလှောင်အိမ်ထဲတွင် (၂)နာရီကျော်မျှ ရှိနေခဲ့ပြီး ထို့နောက်တွင်မှ ဒေလီရဲတပ်ဖွဲ့က ၎င်း၏ အလောင်းကို ပြန်လည် ယူဆောင်နိုင်ခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပြီးနောက် တိရစ္ဆာန်ရုံကို ဆက်လက် ဖွင့်လှစ်ထားသော်လည်း ကျားလှောင်အိမ် အနီးတွင် ကြိုးများဆိုင်းကာ ဝင်ရောက်ခွင့် တားမြစ်ထားလိုက်သည်။

ဘင်္ဂလား ကျားဖြူများကို အာရှတောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများတွင်သာ အဓိက တွေ့ရပြီး မျိုးသုဉ်းလုနီးပါး အခြေအနေမျိုး ရင်ဆိုင်နေရသည့် ရှားပါးကျားမျိုးစိတ်များလည်း ဖြစ်သည်။ အိန္ဒိယတွင် (အဝါရောင်) ဘင်္ဂလားကျား (၁၇၀၀)ကျော်နှင့် ကျားဖြူ (၁၀၀)ဝန်းကျင်မျှ ရှိနေကြောင်းလည်း သိရှိရသည်။
_ Ref: NY Post

http://7daydaily.com/story/21319#.VCPz2mOM-Sp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...