စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မတရားမှုကို အရှက်ကြောင့် ဖုံးပစ်တော့မှာလား


           
By မေသင်္ကြန်ဟိန် (မြစ်မခ)

`မခံစားနိုင်တော့ဘူး`လို့ အသက် ၇၅ နှစ်အရွယ် အဖွားအိုက စီးကျလာတဲ့ မျက်ရည်ကို သုတ်ရင်း ပြောသည်။

အဖွားရဲ့ ပိုလီယိုရောဂါသည် မြေးမလေးကို အသက် ၂၅ နှစ်အရွယ် အမျိုးသားက လိင်အကြမ်းဖက်ခဲ့ကြောင်း မြေးမလေးရဲ့ အသက်ကိုပင် မနည်းကယ်တင်ခဲ့ရကြောင်း အဖွားဖြစ်သူက ၀မ်းနည်းနာကျင်စွာ ပြောပြသည်။

`မိဘတွေကတော့ တစ်ရှက်ကနေနှစ်ရှက်ဖြစ်လိမ့်မယ် ဆိုပြီး လျော်ကြေးလက်ခံဖို့ သဘောတူချင်တယ်၊ အဖွားကတော့ ဒီလိုပက်ပက်စက်စက် လုပ်ကြတဲ့ မတရားမှုကို လျော်ကြေးယူပြီး မပြီးချင်ဘူး၊ ဒါ မတရားမှုပါ အရပ်ကတို့ရေ…`လို့ ပြောရင်း ငိုချလိုက်သော အဖွားရဲ့ အသံက ပတ်ဝန်းကျင်မှ ဖွင့်ထားသော လော်စပီကာမှ ထွက်ပေါ်လာသည့် သီချင်းသံအောက်မှာပင် ပျောက်ကွယ်သွားတော့သည်။

ထိုဖြစ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ် ဖြစ်တဲ့ ကော့မှူးမြို့နယ်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ည ၆နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော သက်ငယ်လိင် အကြမ်းဖက်မှု ဖြစ်ကြောင်း သိရှိရသည်။ ထိုလိင်အကြမ်းဖက်မှုကို ကော့မှူးမြို့နယ်၊ ကျိုက်ထော်နယ်မြေစခန်းတွင် (ပ)၆၇/၂၀၁၃ ၊ ပုဒ်မ ၃၇၆ ဖြင့် အဖွားဖြစ်သူက တရားလိုပြုလုပ်ကာ တိုင်ကြားထားခဲ့ကြောင်း သိရှိရသည်။

`ခုချိန်ထိ ရဲစခန်းကနေ အမှုဖွင့်ထားတာပဲ ရှိသေးတယ်၊ တရားရုံးကနေ ခေါ်မပေးသေးဘူး`ဟု အဆိုပါ တရားလိုပြု တိုင်ကြားထားသော အဖွားဖြစ်သူက ပြောသည်။
အဆိုပါ လိင်အကြမ်းဖက်ခံရသော ကလေးငယ်အနေဖြင့် စိတ်ဒဏ်ရာ ရရှိနေပြီ ဖြစ်ကြောင်း အဖွားဖြစ်သူက ပြောသည်။

`ကလေးက စကားလည်း ကောင်းကောင်းမပြောချင်တော့ဘူး၊ အိမ်မှာလည်း မနေချင်တော့ဘူး` ဟု ဖွားအေဖြစ်သူက ပြောသည်။
ထိုပိုလီယိုရောဂါသည် မသန်စွမ်းသော ကလေးကို လိင်အကြမ်းဖက်သည့် အဆိုပါအမှုကို စေတနာဝန်ထမ်းဖြစ်သူ ဦးတင်ဝင်း(စေတနာ လူမှုဝန်ထမ်းအရာရှိ စမ်းချောင်းမြို့နယ်)က လိုက်ပါဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ဦးတင်ဝင်းမှာ စေတနာဖြင့် ရပ်တည်နေသော စေတနာ့ဝန်ထမ်းဖြစ်ပြီး မသန်စွမ်းသူများအရေး၊ ကလေးငယ်များအရေးစသည့် ကိစ္စရပ်များတွင် ကူညီဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သိရှိရသည်။

`ဒီလို မသန်စွမ်းတဲ့ ကလေးတွေကို လိင်အကြမ်းဖက်တဲ့ ကိစ္စတွေကလည်း တော်တော်များများရှိတယ်၊ မိဘဆွေမျိုးတွေကတော့ အကျယ်မဖြစ်စေချင်တာနဲ့ ရုံးမရောက်စေချင်တာနဲ့ လျော်ကြေးလေး အနည်းအကျဉ်းလောက်နဲ့ ပြီးသွားတာတွေလည်း ရှိတယ်`ဟု ဦးတင်ဝင်းက ပြောသည်။

မသန်စွမ်းသောကလေးများကို လိင်အကြမ်းဖက်ကြသည့် နှုန်းမှာ ယခင်နှစ်များကထက်ပင် ပိုများလာကြောင်း သိရှိရပြီး၊ ကျူးလွန်ခံရသည့် မိသားစုများမှာ အရှက်ကြောင့် မတရားမှုကို ငြိမ်ခံနေကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မတရားခံရသူများက မိသားစု အရှက်ကွဲမည်၊ တစ်ရှက်ကနေ နှစ်ရှက်ဟူသော လွဲမှားသော အမြင်များဖြင့် မတရားပြုကျင့်သူများရဲ့ မတရားမှုများကို ဖုံးကွယ်ပစ်လိုက်ကြကြောင်း အခရာ လူမှုရေးအဖွဲ့အစည်းက ဒါရိုက်တာ ဒေါ်ထားထားက ပြောသည်။

`တကယ်တော့ ပြုကျင့်ခံရတဲ့ သူတွေက ရှက်ရမှာ မဟုတ်တဲ့ ကိစ္စရပ်ပါ၊ ပြုကျင့်တဲ့ သူကသာ ရှက်ရမဲ့ ကိစ္စပါ၊ ဒါကို လွဲမှားတဲ့ အယူအဆတွေနဲ့ ပြုကျင့်ခံရတာကိုပဲ ရှက်စရာလို့ မြင်ပြီးတော့ မတရားခံရမှုတွေကို ဖုံးဖိနေကြတယ်၊ အဲဒီလို အမြင်တွေ အယူအဆတွေကြောင့်ပဲ မတရားပြုကျင့်သူတွေက အသာစီးရပြီး သူတို့ရဲ့ မတရားမှုတွေက လူမသိ၊ သူမသိဖြစ်သွားတယ်၊ နောက်ထပ် မတရားမှုတွေ ကျူးလွန်ဖို့လည်း ၀န်မလေးကြတော့ဘူး`လို့ ဒေါ်ထားထားက အမျိုးသမီးများရဲ့ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးမှုဆီသို့ လျှောက်လှမ်းကြပါစို့ ဖိုရမ်တွင် ပြောသည်။

ဒေါ်ထားထားက လွန်ခဲ့သော ရက်သတ္တတုန်းကပင် ၉ နှစ်အရွယ် အမိမဲ့ သမီးလေးတစ်ဦးကို တစ်အိမ်တည်းနေသော အသက် ၁၆ နှစ်အရွယ် အကိုက လိင်အကြမ်းဖက်ခဲ့သောကြောင့် ကလေးငယ်မှာ ဒဏ်ရာရရှိပြီး ဆေးခန်းရောက်လာခဲ့ကြောင်း၊ ဆရာဝန်ရဲ့ စစ်ဆေးချက်များ အရ ကလေးငယ်မှာ လိင်အကြမ်းဖက်ခံရသော လက္ခဏာများ တွေ့ရှိရပြီး ဒဏ်ရာရရှိနေကြောင်း သိရှိခဲ့ရသည်။ ထိုမတရားမှုကို မိသားစုဝင်များက ဖုံးဖိကာ သွားရောက်မေးမြန်းသည်ကိုပင် ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။

မြန်မာအမျိုးသမီးများအတွက် ဥပဒေအရ အကာကွယ်ပေးမှုများ ရှိနေသော်လည်း တရားဥပဒေ စိုးမိုးမှု မရှိသောကြောင့် မုဒိန်းမှု ဖြစ်ပွားမှု နှုန်းမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း အမျိုးသမီးရေးဆောင်ရွက်သူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် လူသတ်မှုပြီးပါက လိင်အကြမ်းဖက်မှု (မုဒိန်းမှု)သည် ဒုတိယဖြစ်ပွားမှု အများဆုံး အမှုအခင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုများအရ သိရှိရသည်။ ထိုထဲတွင် အရွယ်မရောက်သေးသော ကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုမှာ ၃၅% ခန့် ရှိနေပြီ ဖြစ်ကြောင်း ကလေးသူငယ်အရေး ဆောင်ရွက်သူများက ပြောသည်။

ထိုကြောင့်၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ကလေးသူငယ် မုဒိန်းမှုဆိုင်ရာပြစ်မှုပြစ်ဒဏ်နဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း ဆွေးနွေးဖို့အဆိုကို အောက်တိုဘာလ ၂၁ ရက်နေ့တုန်းက အဆိုတင်သွင်းခဲ့ကြောင်း သိရှိရပြီး၊ ထိုအဆိုကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၉ဦးကသာ လွှတ်တော်တွင်းဆွေးနွေးသင့်ကြောင်း လက်ခံခဲ့ကြပြီး ၃၃၁ ဦး မှာ ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။

` ဒီလိုကိစ္စမျိုးကိုတော့ လွှတ်တော်တွင်းမှာ မဆွေးနွေးသင့်ဘူး ဆိုရင် ဘယ်လိုကိစ္စမျိုးကို ဆွေးနွေးသင့်တာပါလဲ`ဟု အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး လူမှုရေးအဖွဲ့အစည်းဖြစ်သော ပေါင်းကူးမှ ဒါရိုက်တာ ဦးကျော်သူက ပြောသည်။

အဆိုပါကိစ္စရပ်ကို လွှတ်တော်တွင်း ပြန်လည်ဆွေးနွေးရန် ထပ်မံ စဉ်းစားသင့်ကြောင်း ရပ်ရွာအခြေပြုလူမှုရေး လုပ်ငန်းများဆောင်ရွက်နေသည့် ဦးကျော်သူ (ပေါင်းကူး) က ဝေဖန်ပြောဆိုသည်။

"ဒီကိစ္စကို ဘာကြောင့်ကန့်ကွက်ကြသလဲဆိုတာ စဉ်းစားဖြစ်တယ်။ သက်ငယ်မုဒိန်းမှုတွေဟာ ရပ်ကွက်ထဲတွေမှာလည်း တွေ့တယ်။ မီဒီယာတွေထဲမှာလည်း တွေ့တယ်၊ ရေးကြတယ်၊ ဒါပေမဲ့ ကလေးတွေ အကာအကွယ် မဲ့နေတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကလေးသူငယ် ကာကွယ်စောင့်ရှေက်ရေးကို ထိထိရောက်ရောက် လုပ်ပါ့မယ် ဆိုပြီးတော့ လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ ဒါပေမဲ့ လိင်မှုအကြမ်းဖက်မှုတွေက ရှိနေတယ်။ ဒါကိုကာကွယ်ဖို့ အတွက်တော့ ပြင်းထန်တဲ့ ဥပဒေလေးတစ်ခု ရှိနေသင့်တယ်။ လူတွေကြောက်သွားအောင် ရှိန်သွားလောက်အောင် လုပ်တာတော့ ရှိသင့်တယ်လို့ ထင်တယ်။

ဒါပေမဲ့ လွှတ်တော်မှာ အခုလို ပယ်ချခံရတယ်။ ဒါဟာ လွှတ်တော်က ပြည်သူ့ အကျိုးကို အမှန်တကယ် ရှေးရှု့ရဲ့လား လို့ တွေးဖြစ်တယ်" ဟု ဦးကျော်သူက သုံးသပ်ပြောဆိုသည်။



https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...