စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှလုံးသွင်းမှန်ဖို့



တစ်ခါတုန်းက သူဌေးတစ်ယောက်အိမ်ကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ်၊ သူဌေးကြီးကို အသင့်တွေ့တာနဲ့ “သူဌေးကြီးချင်ဗျာ ထမင်းကျန်ဟင်းကျန်လေးများရှိရင် ကျွေးပါခင်ဗျာ” လို့ ပြောလိုက် ပါတယ်။ ဒီတော့ သူဌေးကြီးက “မင်းမှာ ခြေကော လက်ကော အကောင်းကြီး၊ ကိုယ့်ဟာကိုယ် လုပ်စား ပါလား ၊ ဘာလို့ တောင်းစားနေရတာလဲ၊ သွား မပေးနိုင်ဘူး၊ အခုဆင်းသွား” လို့ ခပ်ငေါက်ငေါက်လေး ပြောလိုက်ပါတယ်၊ သူတောင်းစားက ချက်ချင်းမဆင်းသေးဘဲ လက်အုပ်လေးချီပြီး “သူဌေးကြီး ကျွန်တော် အခုပဲဆင်းပါမယ်၊ မဆင်းခင် သူဌေးကြီးကို လင်္ကာလေး နဲ့ ကန်တော့ပြီး ဆင်းပါ မယ်”လို့ ပြောလိုက်တယ်၊ သူဌေးကြီးလဲ ထမင်းစားခါနီးနေပြီဆိုတော့ “မင်းကတော့မှာဖြင့် လည်း မြန်မြန် ကန်တော့ ကန်တော့ပြီးရင် ဆင်းတော့” လို့ ခပ်မာမာလေးထပ်ပြောလိုက်ပါတယ်။ သူတောင်းစားက လည်း ဆောင့်ကြောင့်လေးထိုင်၊ လက်အုပ်ကလေးချီပြီး --

“ရှေးကကောင်းလို့ အခုကောင်းပါသည်
အခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။
ရှေးကမကောင်းလို့ အခုမကောင်းပါသည်၊
အခုမကောင်းရင် နောက်မကောင်းပါလိမ့်မည်။”
လို့ ဆိုပြီး ကန်တော့လိုက်ပါတယ်။

သူတောင်းစားက ကန်တော့ပြီး ပြန်ဆင်းမယ်အလုပ်ရော သူဌေးကြီးက “ ဟဲ အစေပါး လာစမ်း၊ ဟိုပြင်ထား တဲ့ ထမင်းဝိုင်းထဲက တစ်ယောက်စာလုံလုံလောက်လောက် ထည့်ပေးလိုက်” ပြောလိုက်ပါတော့တယ်။ သူတောင်းစားကလည်း ထမင်းထုပ်ရသွားတော့ပြုံးပြုံး ပြုံးပြုံး နဲ့ အိမ်ပေါ်က ပြန်ဆင်းသွားပသတဲ့။ သူတောင်းစားဆိုခဲ့တဲ့ လင်္ကာလေးက သိပ်ပြီးတာသွားတာပါ၊ ဒီလင်္ကာလေးကို အခြေခံပြီး အတွေးလေး ချက် တွေးလို့ရပါတယ်။ ရှေးက ကုသိုလ်ကောင်းမှုတွေပြုခဲ့လို့ အခုဘ၀ကောင်းနေတယ်၊ အခုဘ၀ ကုသိုလ်ကောင်းမှုတွေကို ဆက်ပြုနေရင် နောင်ဘ၀လည်း ဆက်ကောင်းနေဦးမှာပဲ။

ရှေးက ကုသိုလ်ကောင်းမှုတွေ မပြုခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်၊ အခုဘ၀ ကုသိုလ်ကောင်းမှု ဆက်မပြုဘူးဆိုရင် နောင်ဘ၀လည်း ဆက်မကောင်းဦးမှာဘဲ။ရှေးက ကုသိုလ်ကောင်းမှု ပြုခဲ့လို့ အခု ဘ၀ ကောင်းနေတယ်၊ အခုဘ၀ ကုသိုလ်ကောင်းမှု ဆက်မပြုဘူးဆိုရင် နောက်ဘ၀ မကောင်းဘဲ ဖြစ်နေ လိမ့်မယ်။ရှေးက ကုသိုလ်ကောင်းမှု မပြုခဲ့လို့ အခုဘ၀မကောင်းဘူး၊ ဘာဖြစ်လဲ၊ အခုဘ၀ ကုသိုလ်ကောင်း မှုတွေ ဆင့်ကာဆင့်ကာ ပြုနေရင် နောင်ဘ၀ ကောင်းမှာပဲ။

စိတ်နေစိတ်ထားဘက်က လှည့်တွေးမယ်ဆိုရင်လည်း ရှေးဘ၀က စိတ်ထားကောင်းခဲ့ လို့ အခု ဘ၀ကောင်းနေ တယ်၊ အခုဘ၀ စိတ်ထားကောင်းရင် နောင်ဘ၀လည်း ဆက်ကောင်းဦးမှာပဲ။
ရှေးဘ၀ က စိတ်ထားမကောင်းခဲ့လို့ အခုဘ၀ မကောင်းဖြစ်နေတယ်၊ အခုဘ၀ စိတ်ထားမကောင်း ရင် နောင် ဘ၀လည်း မကောင်းဦးမှာဘဲ ရှေးဘ၀က စိတ်ထားကောင်းခဲ့လို့ အခုဘ၀ ကောင်းနေတယ်၊ အခုဘ၀ စိတ်ထားမကောင်းရင် နောက်ဘ၀ မကောင်းဘဲဖြစ်နေလိုမ့်မယ်။ရှေးဘ၀က စိတ်ထားမကောင်းခဲ့ လို့ အခုဘ၀မကောင်းဖြစ်နေတယ်၊ ဘဖြစ်လဲ အခုဘ၀ စိတ်ထားကောင်းအောင် နေလိုက် ရင် နောင် ဘ၀ ကောင်းမှာပဲ။အတွေးလေးချက်က စက်လှည့်ပြီး ဆင့်ပွား ထွက်လာပါတယ်၊ လူဆိုတာ သူံကံနဲ့သူ၊ ကိုယ့်ကံနဲ့ကိုယ်ပါ၊ ကံချင်း သွားယှဉ်လို့မရပါဘူး၊

ဥပမာ---ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ထက် သာနေတဲ့လူဆိုတာ ရှိနေတတ်ပါတယ်၊ ကိုယ့်ထက်သာ မနာလို ဆိုတိုင်း မနာလိုတတ်တဲ့ စိတ်တွေ ၀င်လာပါတယ်၊ ဒီလိုဝင်လာပြီဆိုရင်တော့ အဲဒီလူအတွတ် အမှားကြီး မှားတော့တာပါပဲ။ ၀င်လာတဲ့မနာလိုစတ်ဟာ မကောင်းတဲ့စတ်ပါ။ မကောင်းတဲ့စတ်က မကောင်းကျိုးကိုပဲ ဧကန်ပေးတတ်ပါတယ်၊ အလိုလိုကမှ ရှေးက မကောင်းခဲ့လို့ သူများအောက် နိမ့်နေရတဲ့အထဲ မကာင်းတဲ့ စိတ် ထပ်ဖြစ်ရင် မြင့်ဖို့နေနေသာသာ လက်ရှိအနေအထားထက် နိမ့်ဖို့ပဲ ရှိပါတော့တယ်၊ မကောင်းတဲ့ စိတ် ဖြစ်လေ အောင်မြင်မှုနဲ့ တစ်ရက်ဝေးလေနဲ့ ဝေးသထက်ဝေး၊ နစ်သထက်နစ်ပါလိမ့်မယ်။

တကယ်တော့ သူတစ်ပါးရဲ့ကံကို ကိုယ်က အားကျရမှာပါ မနာလိုရမှာ မဟုတ်ပါဘူး။ မနာလိုတဲ့ စိတ်ဖြစ်နေ တာကကို ကိုယ့်ရဲ့ အတွေးအခေါ် မှားနေတာပါပဲ။ ကိုယ့်ထက်သာတဲ့သူ နဲ့ တွေ့တဲ့ အခါ နှလုံး သွင်း မှန်ဖို့ သိပ် အရေးကြီးပါတယ်။ နှလုံးသွင်း မှားရင်နစ်သထက် နစ်သွားပါလိမ့်မယ် ။ နှလုံးသွင်းမှန် ဖို့ကတော့ သိပ်ပြီး မခက်လှပါဘူး အထက်က လင်္ကာလေးကို ပြန်အာရုံပြု လိုက်ရုံပါပဲ။

“သြော့့်  သူက ရှေးက ကောင်းခဲ့လို့ အခုကောင်းနေတာ၊ ငါက ရှေးက မကောင်းခဲ့လို့ အခုမကောင်းနေ တာ၊ သူလိုကောင်းအောင် အခုဘ၀မှာတော့ ကောင်းအောင်ပဲနေမယ်” လို့ နှလုံးသွင်းပြီး နေသွားဖို့ပါပဲ။ လူဆိုတာ တစ်ဦးတစ်ယောက်တည်းနဲ့ ရပ်တည်လို့ မရတာဆိုတော့ ပတ်ဝန်းကျင်တိုတာတော့ သေတဲ့ အထိ ရှိနေမှာပါပဲ၊ ပတ်ဝန်းကျင်ရှိနေတဲ့အတွက် ပတ်ဝန်းကျင်ကို အမှီပြုပြီး ခံစားချက်မျိုးစုံတော့ ၀င်လာနေ မှာပဲ၊ ကောင်းတဲ့ခံစားချက်ဝင်လာရင် ဘာမှပြဿနာမရှိပေမယ့် မကောင်းတဲ့ခံစားချက် ၀င်လာ ရင်တော့ မကောင်းတဲ့ခံစားချက် ၀င်လာရင်တော့ မကောင်းကျိုးကလည်း ငြိမ်နေမှာ မဟုတ်ပါဘူး။ အမြီး ဆွဲပြီး လိုက်လာမှာပါ။

ပတ်ဝန်းကျင် အမှီပြုပြီး ခံစားချက်ဝင်လာရင် နှလုံးသွင်းမှန်ဖို့ သိပ် အရေးကြီးပါတယ်။ နှလုံးသွင်းမှားသွား ရင် ဒီ ပစ္စုပ္ပန်ဘ၀တင်မကဘဲ နောင်သံသရာ အထိ အကျိုးယုတ်မှုတွေ လိုက်သွားတတ်ပါတယ်၊ လိုက်သွား တဲ့ သာဓကတွေလည်းအများကြီးပါ။ လူဆိုတာ သူ့ကံနဲ့သူ၊ ကိုယ့်ကံနဲ့ကိုယ်ပါ၊ ကိုယ်ကပညာအတွေ့အကြုံ သူထက်သာချင်သာမယ်၊ ကံကျတော့ သူ့ထက် သာချင်မှသာမှာပါ၊ ဒီကံရဲ့ သဘာဝကို ကိုယ်က
ကောင်းကောင်း လက်ခံနိုင်ရမယ်၊ လက်ခံပြီး သူရဲ့ကံကို အဖြစ်မတင်မိစေဘဲ ကိုယ့်ရဲ့ ကံကိုပဲ အပြစ် တင်ပြီး“ငါ အတိတ်ဘ၀က ကောင်းမှုကံ နည်းခဲ့လို့ အခုဘ၀ မကောင်းတာဘဲ၊ ဒီဘ၀မှာတော့ ကုသိုလ်
ကောင်းမှုတွေ ဆင့်ကာဆင့်ကာ ပြုနေမှာပဲ” ဆိုပြီးကုသိုလ်ကောင်းမှုတွေ ပြုပြုပေးဖို့ပါ။ ဘာပဲပြောပြော ကိုယ့်ထက်သာတဲ့တစ်ယောက်ယောက်နဲ့ကြုံကြီး မနာလိုတဲ့စိတ် ၀င်ခဲ့ရင်တော့ အောက်ပါ လင်္ကာလေးကို တိုးတိုးလေးသာရွတ်ကြည့်လိုက်ပါတော့.......

ရှေးကကောင်းလို့ အခုကောင်းပါသည်၊
အခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။
ရှေးကမကောင်းလို့ အခုမကောင်းပါသည်၊
ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။

ကျမ်းကိုး- ရဝေနွယ်(အင်းမ)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...