စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခံစားမိသော သူတို့ဆီကအနုပညာ


                    

ခင်နွယ်ဝင်း
===================

တရုတ်နိုင်ငံက နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးဌာနရဲ့ဖိတ်ကြားမှုနဲ့ ပေကျင်းမြို့နဲ့ ကူမင်းမြို့တို့ကို တစ်ပတ်ကြာသွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့အစီအစဉ်နဲ့ဆိုတော့ အစစ အရာရာ အဆင်ပြေတယ်
လို့ပြောလို့ရပါတယ်။ ပေကျင်းမြို့မှာတော့ လည်စရာပတ်စရာများပေမယ့် အချိန်ကနှစ်ရက်ခွဲလောက်ပဲရခဲ့တာမို့ မြန်မြန်သွားမြန်မြန်စား
ပုံစံဖြစ်သွားရတယ်။ ပေကျင်းမှာ သွားခဲ့ရ တဲ့နေရာတွေက စိတ်ထဲခံစားမှုထိရှခဲ့တဲ့ နေရာတစ်ခုကတော့ 798 Art Zone ပါပဲ။

မော်ဒန်အနုပညာခံစားမှုတွေကို အသားပေး ထားတဲ့အတွက် လူငယ်လူလတ်ပိုင်းတွေ အထူး နှစ်သက်ကြတဲ့နေရာတစ်ခုပါပဲ။ အဓိကပြောချင် တဲ့ အကြောင်းအရာကတော့ ဒီ Art Zone ရဲ့နေရာ ပါပဲ။ အဲဒီနေရာဟာ သီးသန့်ဖန်တီးထားတဲ့နေရာ မဟုတ်ပါဘူး။ ၁၉၅ဝ ခုနှစ်ဝန်းကျင်က ဂျာမနီနဲ့ ဖက်စပ်ဆောက်လုပ်ခဲ့တဲ့စက်မှုဇုန်နေရာကို ပြောင်း လဲပြင်ဆင်ပြီး ၂ဝဝ၁ ခုနှစ်မှာ အနုပညာဇုန်အဖြစ် ဖန်တီးထားတာပါ။ စတုရန်းမီတာ ၆၄ဝဝဝ ကျော် ကျယ်ဝန်းတဲ့ 798 Art Zone မှာ ပန်းချီပြခန်းပေါင်း ၂၆ဝကျော်ရှိပါတယ်။ မူလစက်ရုံဟောင်း ဗိသုကာ လက်ရာကို မပျောက်ပျက်စေဘဲ ဆက်လက်ထိန်း သိမ်းပြီး ပန်းချီပြခန်းတွေကို ဖွင့်လှစ်ထားတာပါ။ အနုပညာလက်ရာတွေကိုခံစားရင်း အပန်းဖြေအနား ယူနိုင်တဲ့ ကော်ဖီဆိုင်လေးတွေလဲ အများကြီးရှိပါ တယ်။
ခေတ်အမီဆုံးမော်ဒန် အနုပညာတွေကိုပဲ ပြသထားတဲ့ ဒီအနုပညာဇုန်ကို နိုင်ငံတကာက ခေါင်းဆောင်တွေ၊ အထင်ကရ ပုဂ္ဂိုလ်တွေအပါအဝင် နှစ်စဉ်လူပေါင်းလေးသန်းလောက်လာရောက် လည်ပတ်လေ့ရှိတယ်လို့ အနုပညာဇုန် တာဝန်ခံက ပြောပါတယ်။

အနုပညာဖန်တီးမှုလက်ရာတွေကို တစ်နေရာ တည်းမှာ ကြည့်ရှုခံစားနိုင်တာမို့ နိုင်ငံခြားသား ဝါသနာအိုးတွေကိုလဲတွေ့မြင်ခဲ့ရပါတယ်။ အနုပညာ ဇုန်နဲ့ဆက်စပ်ပြီး အနီးပတ်ဝန်းကျင်မှာလဲ အနုပညာ လုပ်ငန်းလေးတွေဟာ ဖွံ့ဖြိုးနေပါတယ်။ အနုပညာ ဇုန်တာဝန်ခံကတော့ ဒီနေရာကို နောက်ဆုံးပေါ် အနုပညာလက်ရာတွေရဲ့ပုခက်လို့ တင်စားခေါ်ဝေါ် လိုက်ပါသေးတယ်။
ဒီအနုပညာဇုန်ထဲမှာ အနုပညာလက်ရာတွေကို အေးအေးဆေးဆေးခံစားကြည့်ရှုမယ်ဆိုရင်တော့ တစ်နေ့တာကုန်ဆုံးစေမှာ အသေအချာပါပဲ။ တချို့ ပြခန်းတွေက ဝင်ကြေးပေးပြီးဝင်ကြည့်ရတာမျိုး ပါ။ တချို့အနုပညာရှင်တွေက ဒီအနုပညာဇုန်မှာ သူတို့ရဲ့ ဖန်တီးမှုလက်ရာတွေကို ပြသရုံသာပြသ ထားတာပါ။ ရောင်းစားဖို့ မဟုတ်ပါဘူး။

၂ဝဝ၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ 798 Art Zone ဟာ ၂ဝဝ၆ ခုနှစ်နောက်ပိုင်းမှာတော့ လူသိများထင်ရှားလာပြီး အနုပညာရှင်တော်တော် များများလာရောက်တဲ့နေရာ၊အနုပညာအေဂျင်စီတွေ ဝင်ရောက်ကျက်စားတဲ့နေရာ ဖြစ်လာပါတယ်။
မော်ဒန်အနုပညာကိုဦးစားပေးထားတဲ့ ဒီနေရာ မှာ တရုတ်ရိုးရာအနုပညာလက်ရာတွေကိုတွေ့ဖို့ မလွယ်ပါဘူး။ အင်စတော်လေးရှင်း၊ ပါဖောမန့်စတဲ့ မော်ဒန်အနုပညာလက်ရာတွေကိုဦးစားပေးပြသထား တာပါ။ အနုပညာဇုန်တာဝန်ခံလိုက်လံရှင်းပြတဲ့ ပြခန်းတွေထဲက ရင်ခုန်မိတဲ့နေရာကတော့ အရောင် တောက်တောက်တွေခြယ်သထားတဲ့ ကွမ်ရင်မယ် တော်ရုပ်တုပါပဲ။ အပြာ၊ အစိမ်း၊ အဝါ၊ အနီ စတဲ့အရောင်တွေနဲ့ ကွမ်ရင်ကို ခြယ်သထားပြီး အောက်ခြေမှာ အုတ်နီခဲတွေခင်းကျင်းထားပါတယ်။ သူတို့ဆိုလိုချင်တဲ့သဘောက လူတွေဟာကိုးကွယ်မှု တွေကို ဘာသာရေးအတွက်သက်သက်မဟုတ်တော့ ဘဲ စီးပွားရေးရလိုမှုနဲ့ပါ ကိုးကွယ်လာတဲ့သဘောကို ဝေဖန်ထားတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်တစ်ချက်ပါပဲ။

နောက်ခံစားမိတဲ့ အနုပညာဖန်တီးမှုတစ်ခုက တော့ ပေကျင်းမြို့မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံ အနောက်ပိုင်း ယူနန်ပြည်နယ်က ကူမင်းမြို့မှာပါ။ ပေကျင်းလို ခေတ်ရှေ့ပြေးနေတဲ့ မြို့မဟုတ်တာမို့ ကျွန်မအဖို့အသက်ရှူချောင်သလို ခံစားမိပါတယ်။ ကူမင်းမြို့ခံလူတွေကြည့်ရတာ သက်သောင့်သက် သာရှိပါတယ်။ အဲဒီမှာ Dynamic Yunnan ဆိုတဲ့ ကပွဲတစ်ခုကိုကြည့်ခဲ့တာပါ။ လူမျိုးစုတွေရဲ့ယဉ်ကျေး မှု၊ ရိုးရာဓလေ့ထုံးစံတွေအသားပေးဖော်ကျူးထားတဲ့ အနုပညာကပွဲတစ်ခုပါ။ ဒီအနုပညာကပွဲကို ကျွန်မကြည့်ရှုခွင့်ရတာ နှစ်ကြိမ်မြောက်ပါ။
ဗုံတီးခတ်မှုစွမ်းရည်၊ သံပြိုင်သီဆိုမှုစွမ်းရည် တွေ၊ တစ်ဦးချင်းအစွမ်းပြတဲ့ အကဖန်တီးမှုတွေနဲ့ တစ်နာရီခွဲအချိန်ကိုဆွဲဆောင်ထားနိုင်ပါတယ်။ ကပွဲ ဝင်ကြေးဟာ မြန်မာငွေနဲ့ဆို ကျပ်လေးသောင်းနီး ပါးကျသင့်ပါတယ်။ ဒါပေမယ့် ဒီပွဲကိုခံစားကြည့်ရှု သူ တော်တော်များပါတယ်။ နေပေါ်ထွက်လာဖို့ ဆုတောင်းတဲ့ပြကွက်၊ လမင်းကကွက်စတာတွေ ကို ပရိသတ်အားပေးကြပါတယ်။ တရုတ်နိုင်ငံရဲ့ အော်ပရာအကတွေမှာ ပရိသတ်တွေကို အဓိက ဆွဲဆောင်နိုင်တာက အလင်းပေးမှု၊ တင်ဆက်မှု၊ ဟန်ချက်ညီညီလှုပ်ရှားမှုတွေပါပဲ။

ဒီပွဲမှာအဓိကဖျော်ဖြေမှု(သို့မဟုတ်) အရေးကြီး ဆုံးလို့ဆိုရမယ့်အပိုင်းကတော့ ဒေါင်းအကပါပဲ။ တရုတ်အကပညာရှင် ယန်လိပင်ရဲ့ နာမည်ကြီးက ကွက်တွေထဲက တစ်ခုပါပဲ။ အဲဒီနေ့ကပွဲမှာတော့ သူကိုယ်တိုင်ကပြတာမဟုတ်ပါဘူး။ သူ့တပည့် တစ်ယောက်ကပြဖျော်ဖြေခဲ့တာပါ
ခန္ဓာကိုယ်နွဲ့နှောင်းပျော့ပျောင်းမှုကို ဦးစား ပေးပြီး ကပြသွားတဲ့ပြကွက်တွေက အံ့အားသင့် စရာပါပဲ။ သူတို့ဆီက ကကွက်တွေကိုမြင်ရတော့ မြန်မာအက ကကွက်တွေနဲ့ တချို့နေရာတွေမှာ သွားတူညီတယ်လို့ ခံစားမိပါတယ်။ အထူးသဖြင့် လမင်းကကွက်ရဲ့ လက်အကတွေမှာပါ။

လူမျိုးစုတွေရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံး တမ်းတွေကို ဒီအကတွေမှာ ခံစားသိရှိနိုင်ပါတယ်။ ဝတ်စားဆင်ယင်မှုတွေကိုလဲ ဒီအကတွေမှာလေ့လာ နိုင်ပါတယ်။
ဖွံ့ဖြိုးမှုချင်းကွာဟချက်ရှိနေသေးတဲ့ မြို့နှစ်ခု အကြားက အနုပညာခံစားမှုတွေကလဲမတူညီပါ ဘူး။ တစ်မြို့ကခေတ်ရှေ့သိပ်ပြေးလွန်းနေပြီး တစ်မြို့ ကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေကျန်ရှိနေဆဲ ပါ။ ဒီမြို့နှစ်မြို့က ကျွန်မကိုပေးတဲ့အနုပညာ ခံစားမှုတွေကလဲ ရောပြွမ်းနေပါတော့တယ်။ 

ဓာတ်ပုံ- ခင်နွယ်ဝင်း
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...