စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေစာရံ၊ ထန်းရွက်ပုတီးဆွဲကြိုးနှင့် မန္တလေး


ရေးသားသူ- ညီညီဇော်

မန္တလေးသူ၊ မန္တလေးသားများ ဆင်းရဲချမ်းသာမရွေး လည်ပင်းတွင် အမြတ်တနိုးဆွဲခဲ့ဖူးကြသည့် ဆွဲကြိုးလေးတစ်မျိုးရှိပါသည်။ ထိုဆွဲကြိုးကို ဈေးချိုတော်ရွှေဆိုင်တန်းမှာလုပ်၍ မရနိုင်ပါ။ လမ်း ၈၀ တစ်ဝိုက်က နာမည်ကြီးရွှေဆိုင်တွေမှာလည်း ၀ယ်ယူမရနိုင်ပါ။ သို့သော် ယခုလို တပေါင်းလအခါမျိုး ရောက်လာပြီဆိုရင်တော့ မန်းသူ၊ မန်းသားများ၏ လည်ပင်း၌ ထိုဆွဲကြိုးလေးတွေက အခံ့သားနေရာယူတတ်ကြပါသည်။ ထိုဆွဲကြိုးလေးက အဖိုးနည်းဝန်မပါသည့် ထန်းရွက်ပုတီးလေးများပင် ဖြစ်ပါသည်။

ထန်းရွက်ပုတီးဆွဲကြိုးလေးတွေက ဆွဲချင်တဲ့အချိန် ကောက်ဝယ်ပြီး ဆွဲလို့ရသည်မဟုတ်။ မန္တလေးမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသော ရွှေစာရံတပေါင်းပွဲတော်ကြီးရောက်မှသာ အားရပါးရလည်ပင်းညွှတ်အောင် ဆွဲကြရတာဖြစ်ပါသည်။ ထန်းရွက်ပုတီးလေးတွေက တကယ်တော့ ရွှေစာရံဒေသထွက်ပစ္စည်းတော့ မဟုတ်ပါ။ ရွှေစာရံနှင့် မိုင်ဆယ်ချီဝေးသည့် ကျောက်ဆည်မြို့နယ် ညောင်ဝန်းရွာမှ ထုတ်လုပ်ခြင်းဖြစ်ပါ၏။ ရွှေစာရံနှင့် ထန်းရွက်ပုတီးဆိုတာ ခွဲလို့မရတော့။ ထန်းရွက်ပုတီးဆွဲပြီး မြို့ထဲဝင်လာပြီဆိုလျှင် သေချာပြီ။ သူရွှေစာရံကပြန်လာပြီ။

ထန်းရွက်ပုတီးလေးတွေက ထန်းရွက်ဖြင့် အလွယ်တကူပြုလုပ်ထားခြင်းမဟုတ်ပေ။ တစ်ပင်မှာ တစ်အုပ်တည်းသာပါသည့် ထန်းဖူးမှ ပြုလုပ်ရခြင်းဖြစ်သည်ဟု ညောင်ဝန်းရွာမှ ထန်းရွက်ပုတီးလုပ်ကိုင်သူများက ဆိုပါသည်။ ထန်းရွက်ပုတီးပြုလုပ်ရန် ပြာသိုလလောက်ကတည်းက ညောင်ဝန်းရွာသူရွာသားများ ကြိုတင်ပြင်ဆင်ရပါ၏။ ထန်းဖူးကိုဖြန့်ပြီး နေလှန်း၊ ခြောက်ပြီဆို ကိုယ်လုပ်မယ့်အရုပ်ပေါ်မူတည်ပြီးပြန်ခွာ၊ ပြီးတော့ ဆေးရောင်စုံဆိုးကာ ထန်းရွက်ပုတီးအပါအ၀င် ရွှေစာရံပွဲတော်တွင် ရောင်းနေကျဖြစ်သည့် ငါးရုပ်၊ တံခွန်လုံး၊ ယပ်တောင် အစရှိသည့်ပစ္စည်းများ ရက်လုပ်ရပါ၏။

နာမည်ကျော်ထန်းရွက်ပုတီးကိုတော့ဖြင့် ကျောက်ဆည်မြို့ ဖောင်ရွာရပ်ကွက်မှ ဒေါ်ခွေးဆိုသူ အမျိုးသမီးကြီးတစ်ဦးက ရွှေစာရံစေတီတွင် စတင်ပြုလုပ်ရောင်းချခဲ့ပါ၏။ ဒေါ်ခွေးက သူ့ထန်းရွက်ပုတီးလေး လူကြိုက်များလာတာကြောင့် အခြားသူများကိုလည်း သူ့လိုရောင်းရဖို့ သင်ပြပေးရာမှ ထန်းရွက်ပုတီးပညာ လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သည်ဟု ထန်းရွက်ပုတီးသည် ဦးတာကဆိုပါသည်။ ငါးရုပ်ကတော့ မန္တလေးမြို့က ဆရာမဒေါ်မမလေး၊ ယပ်တောင်ကိုတော့ ပခုက္ကူမြို့မှ အမျိုးသားတစ်ဦးက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထန်းရွက်ပုတီးသည်များက ဆိုပါသည်။ ထိုထန်းပစ္စည်းလေးတွေက ပေါ်ဦးပေါ်ဖျားထန်းရွက်ကို အသုံးပြုထား၍ ထန်းဖူးနံ့လေးတွေ မွှေးကြိုင်လို့ပင်။

ရွှေစာရံဘုရားပွဲတော်ရက် နီးလာလေလော ညောင်ဝန်းရွာသူရွာသားများ အလုပ်များလာလေလေဖြစ်သည်။ လယ်အလုပ်လုပ်လိုက်၊ ပုတီးထိုးလိုက်ဖြင့် တပေါင်းလက ဖင်လှည့်ခေါင်းလှည့်ဖြင့် ရောက်လာပါ၏။ တပေါင်းလဆန်း ၃ ရက်ဝန်းကျင်ဆို ညောင်ဝန်းရွာမှ ထန်းရွက်ပုတီးသည်များ ရွှေစာရံဘုရားပွဲတော်ဈေးသွားရောင်းရန် ပြင်ကြပြီ။ ပွဲတော်ကြီးပေမို့ အိမ်ရှိလူကုန်လိုက်ရသည်။ ရက်ရှည်နေထိုင်ပြီး ရောင်းရမှာမို့ ထမင်းဟင်းချက်စရာ အိုးခွက်ပန်းကန်တွေကအစ ယူရသည်။ ပွဲတော်မှာရောင်းမည့် ထန်းရွက်ပုတီးတို့ ငါးရုပ်တွေကိုတော့ နှီးတောင်းကြီးများဖြင့်ပိတ်ကာ လုံခြုံအောင်သယ်ရ၏။ ထန်းရွက်တွေမို့ အလွယ်တကူကျိုးပဲ့သွားနိုင်တာကြောင့် လူထက်ပင် ဂရုစိုက်ရသည်ဟု ထန်းရွက်ပုတီးသည်များကဆိုပါသည်။

ရွာထိပ်မှာ ချက်ဗလက်ကားသုံးစီးလောက်က တန်းစီစောင့်နေသည်။ ညောင်ဝန်းရွာမှ ထန်းရွက်ပုတီးသည်များ အလျှိုလျှိုထွက်လာပြီး ပစ္စည်းတွေတင်ကြ၊ ဟိုလူ့အော်၊ ဒီလူခေါ်ဖြင့် ဆူညံနေလေ့ရှိသည်။ ပစ္စည်းတွေကို ကားအတွင်းထဲ သေသေချာချာထည့်၊ ပစ္စည်းတွေများတာမို့ ခေါင်းမိုးပေါ်တင်တန်တင်ဖြင့် အလုပ်တွေများကြပြီ။ ပစ္စည်းတွေ နေရာချပြီးပြီဆိုတော့ လူထိုင်ဖို့နေရာက သိပ်မကျန်တော့။ မတတ်နိုင်။ ထန်းရွက်ပုတီးသည်များ ရသည့်နေရာ ကုတ်ကပ်တက်ကာ ရွှေစာရံသို့ ချီတက်ရသည်။

ကားစတင်ထွက်လာတော့ ကားပေါ်မှာ ထန်းရွက်ပုတီးသည်များ ဆူလို့ညံလို့။ ပြီးခဲ့သည့် ရွှေစာရံဘုရားပွဲကြီးက အကြောင်းတွေ စားမြုံ့ပြန်ရင်း ရယ်လိုက်၊ မောလိုက်ဖြင့် ကားတစ်စီးလုံး သူတို့အသံ။ ယခင်က ဖြတ်လမ်းတွေ မပေါ်သေးတာမို့ မန္တလေးမြို့သို့ အရင်ရောက်အောင်လာပြီးမှ ရွှေစာရံသို့ ဆတ်ကူးရသည်။ ကားစထွက်လာတုန်းက ဆူညံလာခဲ့သလောက် တဖြည်းဖြည်း အသံတွေက တိတ်ဆိတ်စပြုလာသည်။ ညဥ့်ကလည်း တဖြည်းဖြည်းနက်စပြုလာ၏။ စီးလာသည့် ချက်ပလက်ကားကြီးက တကျွိကျွိ တအိအိအသံတွေကလည်း ထန်းရွက်ပုတီးသည်တွေကို ချော့သိပ်နေသယောင်ယောင်။

ညနေကစားထားခဲ့သည့် ထမင်းတန်ခိုးက ပြစပြုလာသည်။ မျက်လုံးတွေ တဖြည်းဖြည်း မှေးစင်းလာကြပြီး ထန်းရွက်ပုတီးသည်အချို့ အိပ်ပျော်သွားကြပါ၏။

မန္တလေးမြို့မှ အောင်ပင်လယ်ပေါင်ရိုးကနေ ရွှေစာရံသို့အကူး လမ်းတွေက မြို့ထဲကလို မကောင်းတော့။ ချက်ဗလက်ကားကြီးတွေကလည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်း အသံတွေထွက်တဲ့အထိ ရအောင်တော့ ရုန်းပေးရှာပါသည်။ ထန်းရွက်ပုတီးသည်တွေလည်း ဆန်ခါခုံးထဲ ဆီးဖြူသီးထည့်အလှိမ့်ခံရသလို တလူးလူးတလှိမ့်လှိမ့်။ သို့သော် လူကသာခံနိုင်ပေသိ ကားပေါ်တင်လာသည့် ပစ္စည်းတွေကတော့ ဒဏ်မခံနိုင်။ ကားခေါင်မိုးပေါ်တင်ထားသည့် ထန်းရွက်ပုတီးအထုပ်တွေက တဖုတ်ဖုတ်ပြုတ်ကျ၏။ ထမင်းအိုး၊ ဟင်းအိုးတောင်းတွေ ပြုတ်ကျပါ၏။ 


အိပ်ချင်မူးတူး မျက်စိမှုန်တိမှုန်ဝါးဖြင့် မှောင်မှောင်မည်းမည်းညဥ့်နက်မှာ ထန်းရွက်ပုတီးသည်များ မိမိတို့ပစ္စည်းထုပ်လေးတွေ ဆင်းဆင်းကောက်ရပါ၏။ မောင်းလိုက်၊ ကောက်လိုက်ဖြင့် အုန်းချောသို့ ရောက်လာပါ၏။ အုန်းချောကနေ ရွှေစာရံကို ဆက်ကူးရမည့်လမ်းက သုံးမိုင်လောက်သာ ရှည်သော်လည်း ဖြတ်ခဲ့တဲ့လမ်းတွေထက်တော့ ပိုဆိုးသည်။ မြေသားလမ်းကြီးမို့ ညမှောင်မှောင်
ဖုန်တွေတလူးလူးဖြင့် ရွှေစာရံသို့ ဆက်ကူးကြ၏။ ညသန်းခေါင်မတိုင်မီ ရွှေစာရံဘုရားသို့ ထန်းရွက်ပုတီးသည်များ ဆိုက်ရောက်ကြပါသည်။ ရောက်လျှင်ရောက်ချင်း ရွှေစာရံဘုရားဦးခိုက်ကြ၏။ ဘုရားဒါယကာမ မိဖုရားစောမွန်လှအား သားသမီးများ ရောက်ပြီဆိုသည့် အကြောင်းအသိပေးကန်တော့ကြ၏။ ညဥ့်သန်းခေါင်ကျော်ပြီမို့ ထန်းရွက်ပုတီးသည်တွေ ပင်ပန်းနေပြီ။ ထို့ကြောင့် ရောင်းကုန်ပစ္စည်းတွေကို ကျကျနနမသိမ်းနိုင်တော့။

 ကားပေါ်ကချပြီး ပုံသာထားလိုက်ရသည်။ လမ်းကြမ်းကြမ်းဒဏ်ကြောင့် ခန္ဓာကိုယ်များ ရိုက်ထားသလို နာကျင်လာ၍ သင့်လျော်ရာ ဖျာခင်းပြီး ထိုးအိပ်ကြတော့၏။ အဲလိုအိပ်နေရင်း ရွှေစာရံဘုရားပေါ်က ဆည်းလည်းလေးတွေ တချွင်ချွင်မြည်ပြီဆို ထန်းရွက်ပုတီးသည်များ အိပ်ရင်းပြုံးမိကြ၏။ ဆည်းလည်းလေးတွေ မြူးပြီဆို ဈေးရောင်းကောင်းတာမို့ ဒီနှစ်ရောင်းကောင်းပြီလို့တွေးကာ စိတ်လက်ချမ်းသာမိကြသည်ဟု ထန်းရွက်ပုတီးသည်များက ပြောပြသည်။

နောက်တစ်နေ့နံနက်လင်းတော့ ဘုရားလူကြီးအား မိမိတို့ရောက်ကြောင်း သတင်းပို့ကာ ဆိုင်စတင်ဆောက်ကြပါ၏။ အများစုကတော့ ရွှေစာရံဘုရားနဲ့ ဒုဋ္ဌ၀တီမြစ်အကြားမှာပင် ဆောက်ကြသည်။ ဆိုင်ဆောက်ပြီးတော့ ရွာမှ လုပ်လက်စအလုပ်တွေ ဆက်လုပ်ရသည်။ အကြမ်းထည်ထိုးလာတဲ့ ငါးရုပ်တွေ လက်စသပ်ကြသည်။ ရွှေစာရံဘုရားပွဲက တပေါင်းလပြည့်ကျော် ၄ ရက်နေ့လောက်မှ စတာဖြစ်သော်လည်း တပေါင်းလပြည့်နေ့လောက်ကတည်းက လူစည်လေ့ရှိသည်။ လပြည့်နေ့ဆို ဈေးချိုပိတ်တာကြောင့် မန္တလေးသူ၊ မန္တလေးသားများ အများဆုံးလာရောက်တတ်ကြသည်။

ထိုနေ့လိုနေ့မျိုးဆို နံနက် ၁၀ နာရီလောက်ဆိုလျှင် ကားကြီးကားငယ်အသွယ်သွယ်ဖြင့် မန်းသူမန်းသားများလာကြပြီ။ ဖုန်တထောင်းထောင်းလမ်းကို ဖြတ်လာရသည်မို့ မန်းသူ၊ မန်းသားများ မျောက်ဖြူတွေအလား ဖြစ်ကုန်ကြ၏။ ရောက်ရောက်ချင်း ရွှေစာရံဘုရားဖူးပြီးနောက် ဘုရားရင်ပြင်တော်တွင်ဖြစ်စေ၊ ဘုရားကြီးကျောင်းဝင်းအတွင်းဖြစ်စေ နေရာချကြသည်။ ပြီးနောက် ဒုဋ္ဌ၀တီမြစ်တွင်ရေချိုးရန် ငါးကြီးဆိပ်သို့ ဆင်းကြ၏။ ကျဉ်တက်အောင် အေးလှသည့် ဒုဋ္ဌ၀တီမြစ်ရေကို ယမကာခံကာ အန်တုသူများလည်း ရှိပါ၏။ တချို့ကတော့ နားတောင်းကျချောင်းသို့ ကြံကြံဖန်ဖန်သွားချိုးသူလည်းရှိ၏။ ရေချိုးပြီးတော့ ပါလာသည့် ထမင်းချိုင့်ဖွင့်စားပြီးနောက် ဈေးဝယ်ထွက်ကြပါပြီ။

မန်းသူ၊ မန်းသားများက ထန်းရွက်ပုတီးတွေကို ကိုယ့်လည်ပင်းတွင် ညွှတ်နေအောင်ဆင်ရုံမက အိမ်မှာရှိသည့် ဆွေမျိုးသားချင်း၊ အိမ်နားနီးချင်း၊ မိတ်ဆွေရင်းများ၏ သားသမီးများအတွက် ထန်းရွက်ပုတီးများ၊ ၀ါးသေနတ်များ၊ ၀ါးယပ်တောင်များကို စိတ်ဖြင့်ခွဲတမ်းချကာ ၀ယ်ယူကြပါ၏။ မန်းသူ မန်းသား ပျိုပျိုအိုအို ဈေးတော့မဆစ်တတ်ကြ။ သို့သော် အပိုအဆစ်တော့ တောင်းတတ်ကြသည်။ ထန်းရွက်ပုတီးလေးသုံးလေးကုံးမျှ လက်ဆောင်ရသွားပြီဆိုရင်ဖြင့် မန်းသူမန်းသားများ ပျော်လိုက်သည့်ဖြစ်ခြင်း။ ဒါကြောင့် ထန်းရွက်ပုတီးသည်များ မန်းသူ၊ မန်းသားများဆိုလျှင် ဈေးပိုမဆိုရဲ။ ရောင်းနိုင်မည့် အောက်ဆုံးဈေးကို တန်းပြောရောင်းရ၏။ မန်းသူ၊ မန်းသား ထုံးစံအတိုင်း ဖောက်သည်ထားသည့် ဓလေ့ကလည်း ရွှေစာရုံမှာ ရိုးရာမပြတ်။ ‘‘နေရာသာ ပြောင်းမရောင်းနဲ့။ သူတို့က မှတ်ကိုထားတာ။ နှစ်တိုင်းကို လာဝယ်တာ’’ဟု ဦးတာက မန်းသူ၊ မန်းသားများ၏ စရိုက်အား သတိတရပြောပြပါသည်။ ဒီကြားထဲ မူးလာပြီး လက်ဆော့ခြေဆော့လုပ်ကာ ထန်းရွက်ပုတီး ဖြုတ်ယူသွားသူတွေလည်းရှိပါ၏။ ‘‘မူးနေတဲ့သူဆိုတော့ ဘာမှမဖြစ်ချင်တာနဲ့ သည်းခံရလိုက်တော့ ပါသွားတာပါပဲ’’ဟု ထန်းရွက်ပုတီးသည် ကိုဇော်လင်းထွန်းက အတွေ့အကြုံကိုမျှဝေသည်။

သို့သော် မန်းသူ၊ မန်းသားများ ရွှေစာရံဘုရားပွဲသို့ မလာရောက်နိုင်သည့် အခြေအနေမျိုးတွေလည်း ရှိတတ်ပါသည်။ မန္တလေးက မီးဘေးမကြာခဏကြုံနေရသည်မို့ မီးလောင်တာမျိုး၊ နောက်ပြီး မန္တလေးမှာ တစ်ခုခုဖြစ်နေတာမျိုးဆိုလျှင် မန်းသူ၊ မန်းသားများ ပျော်ပွဲရွှင်ပွဲဘေးချိတ်ရသည်မို့ မလာတတ်ကြတော့။ ထန်းရွက်ပုတီးသည်များအဖို့ ရောင်းကုန်ပစ္စည်းများ အိမ်ပြန်သယ်ဖို့သာပြင်။ ယမန်နှစ်က ဘာသာရေးအသွင်ဆောင်ထားသည့် ဖြစ်စဉ်များကြောင့် မန္တလေးမြို့တွင် ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ပြီးနောက် ရွှေစာရံဘုရားပွဲတော်သို့ မန်းသူမန်းသားများ လာရောက်လည်ပတ်မှုနည်းပါးခဲ့ကာ ထင်သလောက် မရောင်းခဲ့ရပဲ အရင်းပါရှုံးခဲ့ကြောင်း ထန်းရွက်ပုတီးသည်များကပြောပြသည်။ ‘‘မန္တလေးမှာ မီးမလောင်ပါစေနဲ့၊ တစ်ခုခုမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ပွဲစပြီဆို မီးလောင်တာတွေ၊ ဘာတွေ ကြားကိုမကြားချင်ဘူး’’ဟု ထန်းရွက်ပုတီးသည် အမျိုးသမီးတစ်ဦးကဆိုပါသည်။

သဘာဝဘေးဒဏ်ကိုလည်း ထန်းရွက်ပုတီးသည်များ ကြုံရပါသေးသည်။ မိုးဦးလေဦး စောပြီးဝင်လာသည့်အခါ မိုးတွေ၊ လေတွေကျပြီး ဘုရားပတ်လည်ရှိ ထန်းရွက်ပုတီးဆိုင်လေးများအတွင်း မိုးရေများ ဒလဟောဝင်ရောက်လာတတ်သည်။ ဆိုင်အမိုးကာများ လေဒဏ်ကြောင့် လန်ထွက်ကုန်တတ်သည်။ ထိုအခါမျိုးဆို မိုးရေကြောက်သည့် ထန်းရွက်ပုတီးနှင့် ငါးရုပ်ကလေးများ ပျက်စီးရပါ၏။ စိုက်ထားသည့် အရင်းတွေကများတာမို့ ထန်းရွက်ပုတီးသည်များ ပွဲမပြီးမချင်း ရင်တမမနှင့်နေရ၏။ ‘‘ဘုရားပွဲကြီးပြီးပြီဆိုမှ ဒီတစ်ပွဲတော့ လွတ်ပြီဟဲ့ဆိုပြီး ဟင်းချနိုင်တယ်’’ဟု ဦးတာကဆိုပါသည်။

မည်သို့ပင်ဖြစ်စေ ရွှေစာရံဘုရားပွဲတော်ကြီးကတော့ဖြင့် နှစ်စဉ်အစဉ်အလာမပျက်ကျင်းပနေဆဲဖြစ်ပါသည်။ ထန်းရွက်ပုတီးလေးတွေကို တမက်တမောဝယ်ကြမည့် ဈေးဝယ်သူများကို အမျှော်ကြီးမျှော်နေကြမည့်သူများလည်း ရှိနေဦးမည်ဖြစ်ပါသည်။

ဓာတ်ပုံ- ညီညီဇော်

7Day


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...