စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာတို့၏ ကုသိုလ်နှင့် ယှဉ်သော ရေချမ်းစင် ယဉ်ကျေးမှု အလှတရား





Sunday, April 14, 201

ယခုအခါ ရာသီအခါသမယ အားဖြင့် နွေရာသီသို့ ရောက်လာပြီ ဖြစ်သည်။
နွေရာသီတွင် ခရီး သွားလာသူများ နေပူ၊ လေပူဒဏ်များ ခံစား ကြရသည်။
နေပူ လေပူဒဏ်ကို သောက်ရေ ချိုချိုအေးနှင့် တိုက်ဖျက်တွန်းလှန် ကြရ
သည်။ အညာဒေသ အချို့တွင် ယနေ့တိုင် ခရီးသွားများကို ဆီးကြိုကာ ထန်းလျက်နှင့် သောက်ရေအေးအေး တိုက်ကျွေးကြ၏။

ပင်ပန်း နွမ်းနယ်သော ခရီးသည် များလည်း စေတနာသန့်သန့် မေတ္တာ ထုံမွမ်းသော သောက်ရေ ကုသိုလ်အား သောက်သုံး ရသောကြောင့် အသည်းနှလုံးတိုင် စိတ်ဘဝင် ကြည်လင်ချမ်းမြေ့ ရတော့၏။ သောက်
ချင်စဖွယ် ရေကုသိုလ် ရေချမ်း စင် လေးများသည် မြန်မာပြည်၌သာ ရှိမည်ထင်ပါသည်။ ထိုမြင်ကွင်း ရှုခင်း ရှုကွက်ကို မြင်ရရုံနှင့် မြန်မာတို့
၏ ပင်ကို သဘောသဘာဝ မနောအလှနှင့် စေတနာ မေတ္တာ၊ ကရုဏာ တရား များကို ခံစားကြည်နူးနိုင်သည်။

မြန်မာ့ ရေချမ်းစင်ယဉ် ကျေးမှုနှင့် ပတ်သက်၍ ဆရာဇော်ဂျီက နွေဦး
ကျက်သရေ ရသ စာတမ်းတွင် ''ရေချမ်းစင် တို့သည် သေးသေးတာတာ
သာ ဖြစ်သည်။ သို့ရာတွင် သတ္တဝါ ခပ်သိမ်းကို ချစ်ခင်နေသည်။ ကရုဏာ သက်နေသည်။ ထို့ကြောင့် ရေချမ်းအိုး တည်ခြင်း၊ ရေချမ်းစင် ဆောက်ခြင်း
သည် သဒ္ဓါ စေတနာနှင့် ပြုသည်ဟု ဆိုလျှင်လည်း ဟုတ်သည်။.....

ထိုအမူအရာ မျိုးသည် နွေပေါက်တိုင်း နု၍သစ်၍ ပေါ်လာ တတ်သည်။ ထို အမူအရာ မျိုးသည် ''နွေဦး ကျက်သရေ'' တစ်ခု ဖြစ်လေသည်။ ထို အမူအရာ မျိုးကို မြန်မာ နိုင်ငံသားတို့၏ ရေချမ်းစင် ယဉ်ကျေးမှုဟု ခေါ်ထိုက်ပေသည်။ တစ်ဖန် လူထုအတွက် လူထုက ပြုနိုင်သော အမူ အရာမျိုး ဖြစ်သဖြင့် လူထု ယဉ်ကျေးမှု ဟူ၍လည်း ဆိုနိုင်လေသည်'' ဟူ၍ ရေးသား ထားသည်ကို ယ
ခု နွေဦးကာလနှင့် တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့ ရေချမ်းစင် ယဉ်ကျေးမှု တစ်
ခုအဖြစ် ပြန်ပြောင်း သတိရမိ ပါသည်။

မြန်မာပြည် အရပ်ဒေသ မရွေး အရိပ်ကောင်းသော မန်ကျည်း၊ ကုက္ကို၊ ထ
နောင်း၊တမာ၊ ညောင်ပင်ကြီးများ အောက်တွင် သောက်ချင်စဖွယ် ရေချမ်း
စင် များကို တွေ့မြင် နိုင်ပါ၏။ ''ဘုန်းတော်ကြီးလို့ သက်တော်ရှည် တို့
တစ်တွေ ရေချမ်းအိုးကြီး'' ဟူသော မြတ်နိုး စွဲမက်စရာ စကားသည် လမ်း
ဘေးဝဲ၊ ယာတစ်လျှောက် အရိပ်ကောင်းသော သစ်ပင်ကြီး များ အောက်တွင် ရှိသော ရေချမ်းအိုး များက သောက်သုံးလှည့်ပါ အမောပြေ ခိုနားလှည့်ပါဟု ဆိုသယောင်..ဧရာမ ဇရပ်ကြီး များဝယ် အခိုင်အမာ တည်ဆောက်ထားသော အုတ် ရေချမ်းစင် ကြီးများ အမျိုးမျိုး အဖုံဖုံ၊ နေရာဒေသ အလိုက်၊ ပုံသဏ္ဌန် အမျိုးမျိုး အစုံစုံ အဖုံဖုံ ရေချမ်းစင် တို့ကို ဤကမ္ဘာ အလယ် မြန်မာ နယ်ပယ်၌သာ တွေ့မြင် ရသည်မို့ ''အဟောဝတ...ကောင်းလေစွ'' ဟု နှုတ်ဟ မြည်တမ်း ဥဒါန်းကျူးရင့် ဂုဏ်ယူဝမ်းမြောက် ရပါ၏။

နွေဦး ရာသီအကူး မီးသွေးကန်ရွာ အသွား လမ်းဘေး တစ်နေရာရှိ ဇရပ်လေးနှင့် သောက်ချင်စဖွယ် ရေချမ်းစင်လေးအား ကြည်နူးသဒ္ဓါ စိတ်ဖြင့် သောက်သုံး မိသလို ဓာတ်ပုံဖြင့်လည်း မှတ်တမ်းတင် ဖော်
ပြ မိရပါသည်။ မီးသွေးကန် ရွာလေး၏ ရေချမ်းစင် ကုသိုလ် အလှတရား
သည် မြန်မာတို့၏ အလှတရား ပါတကားဟု ဆိုလိုက် ချင်ပါတော့သည်။ ။

နေဦးမောင် (ပခုက္ကူ )
မူရင်း -မြ၀တီ
မြန်မာတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်များ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...