စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်အသည်းကို ချစ်ခင်သင့်သော နည်းလမ်း ၁၀ မျိုး



Sunday, April 28, 2013

အသည်းကျန်းမာရေးကို လူတိုင်း အလေးထားရမှာပါ။ အထူးသဖြင့် အရက်သောက်သူ
ဖြစ်ရင်၊ အသည်းကို ထိခိုက်စေတဲ့ ဘီပိုး၊ စီပိုးတွေရှိရင်၊
အသည်းအဆီဖုံးနေရင် အသည်းကျန်းမာရေးကို အထူးအလေးထားပြီး
ဂရုစိုက်ပေးရပါမယ်။

၁။ ဟောက်ခြင်းကို ဆန်းစစ်ပါ

အင်္ဂလန်အမျိုးသမီး ၂ ရာခိုင်နှုန်းခန့်ဟာ အိပ်စက်စဉ် စက္ကန့်အနည်းငယ်လောက်
အသက်ရှူ ရပ်..ရပ်သွားတတ်တဲ့ Sleep Apnea ကို ခံစားနေရပြီး အောက်ဆီဂျင်
ပြတ်လပ်မှုကြောင့် အသည်းကို ယာယီ ထိခိုက်မှု ဖြစ်စေနိုင်တာ ဖြစ်တယ်လို့
လေ့လာမှုတွေက အကြံပြုထားပါတယ်။ “ဟောက်တတ်တဲ့ အမျိုးသမီးတွေက နေ့ခင်းဘက်
အိပ်ငိုက်တယ်လို့ ပြောလေ့မရှိပါဘူး။ အိပ်မပျော်တဲ့ ရောဂါရနေတယ် ဒါမှမဟုတ်
နုံးနေတယ်လို့ပဲ ပြောလေ့ရှိပါတယ်” လို့ ဗြိတိန် ဟောက်ခြင်းနှင့်
အိပ်စက်မှုဆိုင်ရာ အဖွဲ့အစည်းမှ မာရီကဆိုပါတယ်။ တကယ်လို့ သင်ဟာ
ဟောက်တာနဲ့အတူ နံနက်မိုးလင်းတဲ့အခါ ခေါင်းကိုက်တာ၊ နုံးတာတွေကိုပါ
ခံစားနေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ။

၂။ ကော်ဖီသောက်ပါ

အရက်ကို ပုံမှန် သောက်နေသူဖြစ်ရင် ကော်ဖီတစ်ခွက် သောက်တာကြောင့် အသည်း
ထိခိုက်နိုင်ခြေကို ၂၂ ရာခိုင်နှုန်း လျော့ကျစေနိုင်ပါတယ်။ “ကော်ဖီကြောင့်
အသည်းမှာ ဘယ်လိုကောင်းကျိုး ရှိတယ်ဆိုတာကို တိတိကျကျ မသိကြသေးပါဘူး” လို့
ကယ်လီဖိုးနီးယား ဆေးစင်တာရှိ ဒေါက်တာအော်သာက ဆိုပါတယ်။ ကဖင်းဓာတ်
ဒါမှမဟုတ် ကော်ဖီထဲမှာပါတဲ့ တခြား ပါဝင်ပစ္စည်းတွေဟာ အယ်လ်ကိုဟောကြောင့်
ဖြစ်တတ်တဲ့ အသည်းထိခိုက်မှုတွေ မဖြစ်အောင် ဆဲလ်အဆင့်မှာ ကာကွယ်မှု
ပေးနိုင်တယ်လို့ ထင်ရပါတယ်။ သေချာတော့ မသိသေးပါဘူးလို့ ဆက်လက်
ရှင်းပြခဲ့ပါတယ်။

၃။ ခြေမနှင့် ခြေညှိုးကြား နေရာကို နှိပ်ပေးပါ

တရုတ်ဆေးပညာမှာ အသည်းကို သက်ရောက်မှုရှိစေတဲ့ နေရာကို နှိပ်ပေးရင်
အသည်းရဲ့ လုပ်ငန်းဆောင်တာ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်တယ်လို့
ယုံကြည်ကြောင်း အနှိပ်ပညာရှင် ရော့စ်က ဆိုပါတယ်။ “ခြေမနဲ့ ခြေညှိုးကြား
နေရာရှိ အသားစိုင်နေရာကို နှိပ်ပေးရင် အသည်းကို ကျန်းမာစေတာကြောင့်
လက်မကိုသုံးပြီး ဖိအားနဲ့ နှိပ်ပေးပါက စိတ်အေးချမ်းမှုကို ခံစားရစေတယ်”
လို့ သူကရှင်းပြပါတယ်။


၎။ SDP စစ်ဆေးမှုကို ခံယူပါ

Standard Detoxification Profile (SDP) ဟာ ဆီးနဲ့ တံတွေးတွေကို
နမူနာယူပြီး အသည်းက ဘယ်လိုလုပ်ဆောင် နေတယ်ဆိုတာ စစ်ဆေးတာပဲ ဖြစ်ပါတယ်။
ဒါက အရေးပါတဲ့ စစ်ဆေးမှုပါ။ အထူးသဖြင့် အသည်းရောဂါ ဝေဒနာတွေ ခံစားနေရတဲ့
သူတွေမှာ ပိုမိုစစ်ဆေးသင့်တဲ့ နည်းပါ။ အသည်းရဲ့ လုပ်ငန်းဆောင်တာကို
စစ်ဆေးတဲ့ တခြားနည်းတွေလည်း ရှိပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး
စစ်ဆေးမှုခံယူဖို့ လိုပါတယ်။

၅။ တစ်ပတ်မှာ တစ်နာရီ လမ်းလျှောက်ပါ

လေ့ကျင့်ခန်း လုပ်တာက အသည်း အင်ဇိုင်းထွက်ရှိမှုကို တိုးစေပါတယ်။
သြစတြေးလျ လေ့လာသူ ပါမောက္ခ ဂျက်ကော့က တစ်ပတ်မှာ လမ်းလျှောက်တာလို
လှုပ်ရှားမှု အသင့်အတင့်ကို မိနစ် ၆၀ ကြာ လုပ်ပေးရင် အသည်းအင်ဇိုင်း
ထွက်ရှိမှုကို တိုးစေတယ်လို့ ရှင်းပြပါတယ်။

၆. ကာဗိုဟိုက်ဒရိတ်ကို လျှော့ချပါ

တက်ဆက် အနောက်တောင် ဆေးစင်တာရဲ့ လေ့လာမှုအရ ကာဗိုဟိုက်ဒရိတ် စားသုံးမှုကို
လျှော့ချတဲ့အခါ အသည်းမှ အဆီတွေကို လောင်ကျွမ်းစေနိုင်တဲ့ နှုန်းဟာ
ပုံမှန်ထက် နှစ်ဆပိုများတယ်လို့ သိရပါတယ်။ “ကာဗိုဟိုက်ဒရိတ်နည်းတဲ့
အစာတွေကို စားတဲ့သူတွေမှာ အသည်းရဲ့ အဆီပို ချေဖျက်နှုန်းကို
ပိုများစေပါတယ်” လို့ လေ့လာမှုခေါင်းဆောင် ဒေါက်တာဂျက်ဖာရီက ရှင်းပြပါတယ်။
အသည်း ကျန်းမာရေးအတွက် သတင်းတစ်ခုကတော့ အဆီစုပုံမှုဟာ အသည်းရောဂါ
ဖြစ်စေတဲ့ အဓိက အကြောင်းရင်းထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ် ဆိုတာပဲ
ဖြစ်ပါတယ်။

၇။ ကညွတ်စားပါ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကညွတ် စတဲ့ ဟင်းသီးဟင်းရွက်တွေကို စားတာက
အသည်းမှ အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်း အဆင့်မြင့်မားစွာ
ထုတ်ပေးနိုင်တာကို တွေ့ရပါတယ်။ ကညွတ်ဟာလည်း အသည်းရဲ့
လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ တောင်ကိုရီးယား တက္ကသိုလ်
လေ့လာသူတွေက အရက်နဲ့ ထိတွေ့နေတဲ့ အသည်းဆဲလ်တွေဟာ ကညွတ်စားတာကြောင့်
မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ၇၀ ရာခိုင်နှုန်း လျော့နည်း သွားစေကြောင်း
ရှင်းပြခဲ့ပါတယ်။ ကညွတ်ဟာ အယ်လ်ကိုဟော ချေဖျက်ပေးတဲ့ အင်ဇိုင်းနှစ်ခုရဲ့
လုပ်ငန်းဆောင်တာကို နှစ်ဆအားကောင်း စေပါတယ်။

၈။ ဇင့် (သွပ်) ဓာတ်ကိုမှီဝဲပါ

ဇင့် (သွပ်) ဓာတ်ဟာ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။
ဒါပေမဲ့ လူအများစုဟာ ဇင့်ဓာတ် ချို့တဲ့နေတတ်ပါတယ်။ တစ်နေ့မှာ ဇင့် ၁၅
မီလီဂရမ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။

၉။ အသည်းအတွက် ဖြည့်စွက်ဆေး သောက်ပါ

အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေတဲ့ ဖြည့်စွက်ဆေးကို
ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးပါ။ Milk Thistle ပါတဲ့ ဖြည့်စွက်ဆေးဟာ
အသည်းအားကောင်းစေတဲ့ ဖြည့်စွက်ဆေး ဖြစ်ပါတယ်။

၁၀။ အရက်မသောက်သော နေ့အဖြစ် သတ်မှတ်ထားပါ

တစ်ပတ်မှာ အရက်မသောက်တဲ့နေ့ ဆိုပြီး နှစ်ရက်တော့ အနည်းဆုံး
ထားရှိသင့်ပါတယ်။ နေ့စဉ် အရက် သောက်နေတာကြောင့် အသည်းကို နည်းနည်းစီ
ထိခိုက်နေစေပါတယ်။ ဒါကြောင့် အသည်းက ပုံမှန် လုပ်ငန်းဆောင်တာတွေကို
လုပ်ဆောင်နေနိုင်ဖို့ အရက်ကို လုံးဝမသောက်တဲ့ နေ့ရက်အဖြစ် ထားသင့်ပါတယ်။

**May Mon Kyaw**
Public Health
မြန်မာပြည်သား(JACBA)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...