စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၉၆၉ (သို့မဟုတ်) ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်များ အဓိပ္ပါယ်



"မြတ်စွာဘုရား ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့် ဂုဏ်တော်ပွားရကျိုး"
*********************************************
ဣတိပိ သောဘဂဝါ

(၁)။အရဟံ

(၂)။သမ္မာသမ္ဗုဒ္ဓေါ

(၃)။ဝိဇ္ဇာစရဏသမ္ပန္တွော

(၄)။သုဂတော

(၅)။လောကဝိဒူ

(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ

(၇)။သတ္ထာ ဒေဝမနုဿာနံ

(၈)။ဗုဒ္ဓေါ

(၉)။ဘဂဝါ

(၁)။အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။

(၂)။သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဥာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။

(၃)ဝိဇ္ဇာစရဏသမ္ပန္တွော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။(ဝါ)ဝိဇ္ဇာသုံးပါး၊ဝိဇ္ဇာရှစ်ပါး၊စရဏတရား (၁၅)ပါးတို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဝိဇ္ဇာသုံးပါး

(၁)။ပုဗ္ဗေနိဝါသာနုဿတိဥာဏ်=ရှေးရှေးဘဝတို့၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ သတိရနိုင်သောဥာဏ်။

(၂)။ဒိဗ္ဗစက္ခုဥာဏ် = နတ်မျက်စိကဲ့သို့ အဝေး၌ရှိသောအရာ၊သေးငယ်သော အရာတို့ကိုမြင်နိုင်သောဥာဏ်

(၃)။အာသဝက္ခယဥာဏ်=ကိလေသာ အာသေဝေါတို့ကို ကုန်ခန်းစေသော ဥာဏ်။

ဝိဇ္ဇာရှစ်ပါး

(၁)။ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။

(၂)။ဒိဗ္ဗစက္ခုဥာဏ်။

(၃)။အာသဝက္ခယဥာဏ်။

(၄)။ဝိပဿနာဥာဏ်=ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသောဥာဏ်။

(၅)။စေတောပရိယဥာဏ်=သူတစ်ပါးစိတ်ကိုသိသောဥာဏ်။

(၆)။မနောမယိဒ္ဓိဥာဏ်=မိမိခန္ဓာကိုယ်အတွင်း၌ တစ်ခြားခန္ဓာကိုယ်တစ်ခုကို စိတ်ဖြင့်ဖန်ဆင်းနိုင်းသော ဥာဏ်။

(၇)။ဒိဗ္ဗသောတဥာဏ် =အဝေးမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သောဥာဏ်။

(၈)။ဣဒ္ဓိဝိဓဥာဏ်=တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဥာဏ်။

စရဏတရားတစ်ဆယ့်ငါးပါး


(၁)။သီလ=ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ပါတိမောက္ခသီလစသည်များ။

(၂)။ဣန္ဒြိယသံဝရ=မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါးနှင့်စပ်၍ ကိလေသာမဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း။

(၃)။ဘောဇနေ မတ္တညုတာ=ချင့်ချိန်၍ စားသောက်ခြင်း။

(၄)။ဇာဂရိယာနုယောဂ=နိုးနိုးကြားကြားရှိမှု၊သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း။

(၅)။သဒ္ဓါ =ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု။

(၆)။သတိ=ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း။

(၇)။ဟိရီ=မကောင်းမှုပြုရမည်ကို ရှက်ခြင်း။

(၈)။သြတ္တပ္ပ=မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း။

(၉)။ဝီရိယ=ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း။

(၁၀)။သုတ=အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ။

(၁၁)။ပညာ=အသိ၊ အလိမ္မာ၊အတတ်ပညာ။

(၁၂)။ပထမဈာန်။

(၁၃)။ဒုတိယဈာန်။

(၁၄)။တတိယဈာန်။

(၁၅)။စတုတ္ထဈာန်။

(၄)။သုဂတော=ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။(ဝါ)ကျိုးရှိဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။

(၅)။လောကဝိဒူ=သတ္တလောက၊သြကာသလောက၊သခါင်္ရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။

(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ=မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။

(၇)။သတ္တာဒေဝမနုဿာနံ= လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ အစစ်ဖြစ်တော်မူသော မြတ်စွာဘုရား။

(၈)။ဗုဒ္ဓေါ=သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။(ဝါ)သစ္စာလေးအင်ကိုယ်တိုင်မြင်၍ တပည့်တွေကိုလဲ သိစေတော်မူသော မြတ်စွာဘုရား။

(၉)။ဘဂဝါ=ဣဿရိယ စသည် ဘုန်းခြောက်လီနှင့်စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား။

(က)။ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင် နိုင်နင်းတော်မူခြင်းတည်းဟူသော ဣဿရိယဘုန်းတော်။

(ခ)။မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတည်းဟူသော ဓမ္မဘုန်းတော်။

(ဂ)။ဟုတ်တိုင်းမှန်စွာ သုံးဖြာသော လောကတွင် ပျံ့နှံ့ကျော်စေရခြင်းတည်းဟူသော ယသဘုန်းတော်။

(ဃ)။အင်္ဂါကြီးငယ် တင့်တယ် ပြည့်ဖြိုး အချိုးတကျ သပ္ပာယ်တော်မူလှခြင်းတည်းဟူသော သိရီ ဘုန်းတော်။

(င)။အလိုတော်ရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမဘုန်းတော်။

(စ)။အရဟတ္တ မဂ်ဥာဏ်၊သဗ္ဗညုတဥာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင် ကြီးမားသော ဝီရိယတော်တည်းဟူသော ပယတ္တ ဘုန်းတော်။

ဤ ဘုန်းတော်ခြောက်စုံနှင့် ကုံလုံပြည့်ဝတော်မူသော မြတ်စွာဘုရား။

ဤသို့လျှင် အရဟံစသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။

ဘုရားဂုဏ်တော်ပွားရခြင်းအကျိုး(လင်္ကာ)

စေတီပမာ ၊စိတ်မှာတည်ကြည်။

ရောက်မည်နတ်ရွာ၊တွေ့ကာသိလွယ်။

မြတ်နွယ်အမျိုး၊ရိုကျိုးခံရ

ပြည့်ဝအင်္ဂါ၊ဆင်းလှစွာဖြင့်။

သာယာခံတွင်း၊ကြိုင်သင်းမွှေးကြူ။

ကြီးမူပညာ၊နတ်ရွာထက်ရွှင်။

လျှင်မြန်ဆန်းကြယ်၊ကောင်းကြွယ်စကား။

ဆိုနိုင်ငြားသည်၊ဘုရားဂုဏ်တော်ပွားကျိုးတည်း။(ရှေးပညာရှိ ဆရာတော်များ)

"တရားဂုဏ်တော်(၆)ပါး ပါဠိ+မြန်မာပြန်နှင့်ရွတ်ဆိုရကျိုး"
************************************

၁။သွာက္ခာတော ဘဂဝတာ ဓမ္မော။

၂။သိန္ဒိဋ္ဌိကော။

၃။အကာလိကော။

၎။ဧဟိပဿိကော။

၅။သြပနေယျိကော။

၆။ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

(၁)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည်၊သွာက္ခာတော=နာစဉ်ချမ်းသာ ကျင့်ချမ်းသာ၍ ချမ်းသာမြတ်မှန် အေးနိဗ္ဗာန်ဟု သုံးတန်ကောင်းခြင်း ပြည့်စုံလျှင်းအောင် ရှင်းလင်း ဟောကြားတော်မူအပ်သော တရားတော်မြတ်ပါပေတည်း။

(၂)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်အားဖြင့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊သန္ဒိဋ္ဌိကော=သူများပြောကြား စကားနှင့်မျှမယုံရဘဲ ကျနကိုင်တိုင် သိမြင်နိုင်သော တရားတော်မြတ်ပါပေတည်း။

(၃)။ဘဂဝတာဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် မဂ်လေးပါးတရားတော်မြတ်သည်၊အကာလိကော=အချိန်မလင့် မဖင့်မနှေး ချက်ချင်းအကျိုးပေးသော တရားတော်မြတ်ပါပေတည်း။

(၄)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရားဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ဧဟိပဿိကော=လာခဲ့စမ်းပါ၊ ရှု့စမ်းပါဟု ဝမ်းသာရွှင်လှိုက် ဖိတ်ခေါ်ထိုက်သော တရားတော်မြတ်ပါပေတည်း။

(၅)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရား ဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊သြပနေယျိကော=အဝတ်ဥသျှောင် မီးလောင်သော်လည်း မသတ်ပဲနှင့် စိတ်ထဲရောက်အောင် ကပ်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတည်း။

(၆)။ဘဂဝတာ ဓမ္မော=ရှင်တော်မြတ်ဘုရားဟောမိန့်ကြားသည့် လောကုတ္တရာကိုးပါး မြတ်တရားသည်၊ဝိညူဟိ=သစ္စာသိမြင် ပညာရှင်ရှစ်ပါး အရိယာများသည်သာလျှင် ၊ပစ္စတ္တံဝေဒိတဗ္ဗော=ကိုယ်စီကိုယ်ငှ သိရ ခံစားရသော တရားတော်မြတ်ပါပေတည်း။

ဤသို့လျှင် သွာက္ခာတ စသား ဂုဏ်တော်ခြောက်ပါးနှင့်ထူးခြားကုံလုံပြည့်စုံတော်မူသော တရားတော်မြတ်ကို ဘုရားတပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်းပါ၏ အရှင်ဘုရား။

မြတ်စွာဘုရားရှင် ဟောပြော ညွှန်ပြတော်မူသော တရားတော်များသည် သူတစ်ပါးထံမှ သင်ယူနာကြားထားသော တရားတော်များကို ပြန်လည်ဟောကြားသော တရားတော်များ မဟုတ်ပေ။မိမိ၏ အတွေးအခေါ် ဆင်ခြင်ဥာဏ်ဖြင့် တွေးခေါ်ကြံဆ ဆင်ခြင်၍ရသော တရားတော်များကို ပြန်လည်ဟောကြားထားခြင်းလည်းမဟုတ်ပါဘူး။အမှန်စင်စစ် ကိုယ်တိုင် အကျင့်လမ်းမှန်ကို ကျင့်ပြီး ကိုယ်တွေ့ဥာဏ်ဖြင့် ထိုးထွင်း သိမြင်ထားသော တရားတော်များကိုသာ ပြန်လည်ဟောကြားတော်မူခြင်းသာဖြစ်ပါတယ်။

တရားဂုဏ်တော် ပွားများရခြင်းအကျိုး။ ။တရားဂုဏ်ပွား၊ အကျိုးများ၊ မှတ်သား သိစေမည်။တရားရှင်ဖြစ်ငြား၊ မြတ်ဘုရား၊ လေးစားရိုသေသည်။သတိ သဒ္ဓါ၊ ပညာပုည၊ ပြန့်ပြောစွ၊ ဖြစ်ရထင်ရှားသည်။ နှစ်သက်ဝမ်းမြောက်၊ ဘေးမကြောက်ပေ၊ ဒုက္ခတွေ၊ မသွေသည်းခံသည်။ တရားတူနေ၊ ပူဇော်တွေခံ၊ မဂ်ရရန်၊ စိတ်ကြံညွတ်လေသည်။ ရှက်ကြောက်-ထင်ရှား၊ ကောင်းရာလား၊ ကျိုးများရနိုင်သည်။(အရှင်ကောဝိဒဓဇ)

"သံဃာ့ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့်ရွတ်ဆိုရကျိုး"
*************************************

၁။သုပ္ပဋိပန္တွော ဘဂဝတော သာဝကသံဃော။

၂။ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

၃။ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

၎။သာမိစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊

ဧသ ဘဂဝတော သာဝကသံဃော၊

၅။အာဟုနေယျော

၆။ပါဟုနေယျော၊

၇။ဒက္ခိနေယျော၊

၈။အဉ္စလိကရဏီယော

၉။အနုတ္တရံ ပုညက္ခေတံ္တ လောကဿ။

ဘဂဝတော သာဝကသံဃော=ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်-

၁။သုပ္ပဋိပန္တွော=ကိလေသာငြိမ်းကြောင်း ကောင်းစွာကျင့်ကြံတော်မူပါပေ၏။

၂။ဥဇုပ္ပဋိပန္တွော=သာဌေ မာယာ ကင်းစင်ကွာ၍ ဖြောင့်စွာ ကျင့်ကြံတော်မူပါ၏။

၃။ဥာယပ္ပဋိပန္တွော=နိဗ္ဗာန်အကျိုး မျှော်ကိုးရည်သန် ကျင့်ကြံတော် မူပါပေ၏။

၎။သာမီစိပ္ပဋိပန္တွော=မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကြောင့် တုပ်ဝပ်ရိုသေ လျော်ကန်အောင် ကျင့်ကြံတော်မူပါ၏။ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော=အစုံလေးပါး သီးခြား ရှစ်ဖော် မြတ်ဘုရား၏ တပည့်သားမော် အရိယာ သံဃာတော်သည်

၅။အာဟုနေယျော=အဝေးမှဆောင်ယူ ပစ္စည်းကိုမူလည်း ပေးလှူခြင်းငှာ ထိုက်တော်မူပါ၏။

၆။ပါဟုနေယျော= ဧည့်သည်ဖို့ရာ ရည်ကာစောင်ထား ပစ္စည်းများပင် စိတ်ထားစင်ဖြူ ပေးလှူခြင်းငှာ ထိုက်တော်မူပါ၏။

၇။ဒက္ခိဏေယျော=တမလွန်စခန်း ကောင်းဖို့မှန်း၍ လှူဒါန်းခြင်းငှာ ထိုက်တော်မူပါ၏။

၈။အဉ္စလီကရဏီယော=ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းငှာ ထိုက်တော်မူပါပေ၏။

၉။အနုတ္တရံ ပုညက္ခေတ္တံလောကဿ=နတ်လူအများ ကောင်းမှုပွားဖို့ ကြံထားပျိုးချ တုမရသည့် ကောင်းလှလယ်မြေ ယာမြေပမာ ဖြစ်တော်မူပါ၏။

ဤသို့လျှင် သုပ္ပဋိပန္တွ စသည်အပြား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော အရိယာရှစ်ဖော် သံဃာတော်နှင့် အရိယာနွယ်ဝင် သမ္မုတိထေရ်အရှင် တို့ကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ အရှင်ဘုရား။

သံဃာဂုဏ်တော်ပွားရကျိုး။ ။သံဃာမြတ်ဂုဏ်၊အာရုံညွတ်လို့၊
မပြတ်မလပ၊်အောက်မေ့လျှင်။အမြဲတမ်းသာ၊ကောင်းစွာနိုးလို့၊ကြီးမားဖွံ့ဖြိုး အကျိုးထင်။

မှတ်ချက်။ ။မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ခုနစ်သတ္တဟမြောက်မှာ မြတ်စွာဘုရားနှင့် မြတ်စွာဘုရား၏တရားတော်ကို ယုံကြည် ဆည်းကပ်သော တပုဿနှင့် ဘလ္လိက တို့ကို ဥပါသကာ တပည့်သာဝကအဖြစ်ပထမဆုံးလက်ခံတော်မူရပါတယ်။အဲဒီအချိန်မှာ တပည့်သံဃာ မပေါ်ပေါက်သေးပါဘူး။ဒါကြောင့်ပင် တပုဿနှင့်ဘလ္လိက တို့ဟာ ဘုရားနှင့် တရားကိုသာ ယုံကြည်ဆည်းကပ် ကြရသော ဒွေဝါစိက (သရဏဂုံနှစ်ပါးတည်သူ)ဥပါသကာများဖြစ်ကြပါတယ်။

အဲဒီနောက် ဝါဆိုလပြည့် ဓမ္မစကြာ တရားတော်ကို ဟောကြားတော်မူပြီးတဲ့အခါ သောတာပတ္တိမဂ်ဥာဏ်၊ဖိုလ်ဥာဏ် ကိုရပြီး အရိယာဖြစ်တော်မူသွားတဲ့ အရှင်ကောဏ္ဍညက ရဟန်းအဖြစ်ကိုလျှောက်ထားတောင်ပန်ပြီး ဧဟိဘိက္ခုရဟန်းအဖြစ်ကိုရမှပင် ဗုဒ္ဓမြတ်စွာသာသနာတော်မှာ ပထမဆုံး သံဃာတော်ပေါ်ပေါက်လာတာပါ။အဲဒီအချိန်မှာ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်တော်မူသည်မှာ နှစ်လပင်ရှိပါသေးတယ်။အရှင်ကောဏ္ဍညသည် မြတ်စွာဘုရားသာသနာတော်မှာ ပထမဆုံး ရဟန်း၊ပထမဆုံးသံဃာပင်ဖြစ်ပါတယ်။ဒါကြောင့် ရဟန်းအစ အရှင်ကောဏ္ဍညဟု ပြောစမှတ်ပြုကြပါတယ်။

သံဃာဆိုသည်မှာ အသိအမြင်ချင်း သီလချင်းတူညီကြတဲ့ ရဟန်းအပေါင်းကို သံဃာလို့ခေါ်ပါတယ်။ဤအနက်အရ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရပြီးသော အရိယာရဟန်းကိုသာလျှင် “သံဃာ”ဟုမုချအားဖြင့်ခေါ်ဆိုရပါတယ်။ဘာလို့လဲဆိုတော့ အရိယာပုဂ္ဂိုလ်များသည်သာလျှင် အချင်းချင်း မဂ်အသိအမြင်၊ဖိုလ်အသိအမြင်၊ပစ္စဝေက္ခဏာ အသိအမြင်ဟူသော အသိအမြင် (သမ္မာဒိဋ္ဌိမဂ္ဂင်)အားဖြင့်လည်းကောင်း၊အရိယကန္တသီလပြည့်စုံစင်ကြယ်မှုအားဖြင့်လည်းကောင်း၊မျက်မှောက် မျက်ကွယ် အမြဲတစေ တူညီကြ၍ ပုထုဇဉ်များမှာကား ထိုကဲ့သို့ မတူညီနိုင်ကြသောကြောင့်ဖြစ်ပေသည်။

သို့သော် မဂ်ဖိုလ်ရရေးအတွက် သီလ၊သမာဓိ၊ပညာ အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံအားထုတ်နေကြသော ပုထုဇဉ် ရဟန်းတော်တို့ကိုလည်း အရိယာသံဃာတော်၏ အနွယ်ဝင်ဖြစ်၍ သံဃာတော်ဟု ခေါ်ဝေါ်ကြရ အသိအမှတ်ပြုကြရ၏။ထို့ကြောင့်ပင် အရိယာရဟန်းတော်များကို ဒက္ခိဏေယျသံဃာ၊ပရမတ္ထသံဃာဟုခေါ်ဝေါ်ကြ၍ ပုထုဇဉ် ရဟန်းတော်များကို သမ္မုတိသံဃာဟု လူအများ ခေါ်ဝေါ်သုံးနှုန်းကြ၏။

သို့သော် ကခါင်္အဋ္ဌကထာ စာမျက်နှာ(၈၅)၌ကား ပုထုဇဉ် အရိယာမကွဲမပြား သံဃာအားလုံးကိုပင် သမ္မုတိသံဃာဟု ခေါ်ရကြောင်းဖွင့်ပြထားပါသည်

အရိယာသံဃာတော်ရှစ်ယောက်ဆိုတာက=သောတာပတ္တိမဂ်ပုဂ္ဂိုလ်၊သကဒါဂါမိမဂ်ပုဂ္ဂိုလ်၊အနာဂါမိမဂ်ပုဂ္ဂိုလ်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်အားဖြင့်မဂ်ပုဂ္ဂိုလ်လေးယောက်၊သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်ပုဂ္ဂိုလ်၊အနာဂါမိဖိုလ်ပုဂ္ဂိုလ်၊အရဟတ္တဖိုလ်ပုဂ္ဂိုလ် အားဖြင့် ဖိုလ်ပုဂ္ဂိုလ်လေးယောက်။ဤသို့အားဖြင့် အရိယာရှစ်ဖော် သံဃာတော်ကို ဗုဒ္ဓဘာသာဝင်များအားကိုးရာ ကိုးကွယ်ရာအဖြစ်ယုံကြည်ဆည်းကပ်ခွင့်ရကြ၏။

ကိုးကား။ ။အရှင်ဇနကာဘိဝံသ(လူငယ်သင်အခြေပျိုး ဗုဒ္ဓဘာသာစာအုပ်)

အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

http://www.facebook.com/photo.php?fbid=410836502347520&set=a.3510477149

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...