စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိပ်ခါနီး စည်းချခြင်း... အမျှဝေခြင်း... သာဓုခေါ်ခြင်း နှင့်သိသင့်စရာများ




ကံတရားရဲ့ သဘောကလဲ လူတစ်ယောက် မှန်ကြည့် သလို ကိုယ့်ပုံရိပ်လှလှ ပေါ်စေချင်ရင် လှလှပြင်ရပြီး မလှခဲ့ရင် ပုံဆိုးပန်း ဆိုး ပေါ်စေမှာပါ။ ဗုဒ္ဓဘာသာဝင်များဟာ ကံကို ယုံကြည်ကြသူများမို့ အထူးဖြေရှင်းစရာ မလိုပေမယ့် သတိထား စရာက အမျှပေးရာမှာလဲ သရဲ တစ္ဆေတွေက လိုလိုချင်ချင် ကျွတ်လွတ်ချင်တဲ့ စိတ်နဲ့ သာဓုခေါ်လိုက် ရင် ကျွတ် လွတ်နိုင်ကြပါတယ်၊

အမျှဝေခြင်း သာဓုခေါ်ခြင်း အဓိပ္ပါယ်...

အမျှဝေခြင်း ဆိုသည်မှာ ကိုယ်လှူဒါန်းထားတဲ့ အလှူဒါနကို သူတပါးတို့အား share မျှဝေခြင်းပါ၊ ဒါနကုသိုလ်ကံ စေတနာစွမ်းအား ကြောင့် ကိုယ်က ပေးလိုက်လို့ လျော့သွားတယ် ဆိုတာ မရှိပါဘူး၊ သာဓုခေါ်ခြင်း ဆိုတာကတော့ သူတပါးကလဲ ကိုယ့်အလှူဒါနကို အားကျပြီး မုဒိတာပွား ၀မ်းမြောက်ကာ “ သာဓု သာဓု ကောင်းတယ် ကောင်းတယ်၊ အသင်အလှူရှင် အမျှဝေတာကို အကျွနုပ်ကလဲ ၀မ်းမြောက်စွာ ခံယူပါတယ် ” ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ညွန်းတယ်။ တစ္ဆေ သရဲတို့က အကူညီတောင်းလို့ အလှူဒါန လုပ်ပေးရင်လဲ လုပ်ပေးသူရော နာနာဘာဝတွေပါ ကုသိုလ်ရရှိပါတယ်၊ သူတို့မှာ လူတွေလို ကိုယ်တိုင် လှူဖို့ အခွင့်အရေး မရနိုင်တော့လို့ ပရလောကကို ရောက်ကာမှ နောင်တရကာ အကူညီတောင်းခြင်းသာ ဖြစ်တယ်။

မီးရောင် မျှဝေခြင်း ဥပမာ...

စာပေတွေထဲမှာတော့ အမျှဝေတာဟာ အိမ်တအိမ်ကနေ အိမ်တအိမ်ကို ဖယောင်းတိုင်မီး ကူးယူခြင်း နှင့် ဥပမာပေးထားတယ်၊ ဖယောင်းတိုင် တတိုင်ပဲ ထွန်းထားတော့ အလင်းရောင် အားနည်းနေလိမ့်မယ်၊ နောက်ထပ် အများကြီး ပွားလိုက်ရင် တရပ်ကွက်လုံး တရွာလုံး လင်းထိန်သွားလိမ့်မယ်၊ ဒါပေမယ့် မူလ ပထမ ဖယောင်းတိုင်မှာလဲ အလင်းရောင် လျော့သွားတယ် ဆိုတာ မရှိဘူး။ ကုသိုလ် အကျိုး ဆိုတာကလဲ မီးကူး သလိုပဲ၊ အမျှပေးဝေသူမှာ ကုသိုလ်ဆုတ်ယုတ်သွားတယ် ဆိုတာ မရှိသလို သာဓုခေါ်ဆိုသူ ဘယ်လောက်ပဲ များနေပါစေ၊ ၀မ်းမြောက်ဝမ်းသာ ခေါ်ဆိုသူမှန်သမျှ ကုသိုလ်အကျိုးကို ခံစားရလေ့ ရှိတတ်တယ် …

မေတ္တာသံယောဇဉ်နှင့် နှိုင်းယှဉ်ခြင်း ဥပမာ...

ဆိုပါစို့ မိသားစုတခုမှာ သားသမီးတယောက်ယောက် ဒီဂရီ များစွာနဲ့ စာမေးပွဲအောင်ရင် ဦးစွာပထမ ကာယကံရှင်ကိုယ်တိုင် ၀မ်း သာရတယ်၊ နောက်တော့ သူနဲ့ စပ်ဆက်နေတဲ့ မိဘတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေအားလုံး ၀မ်းသာမှုကို ခံစားကြရ တယ်၊ အားမနာတမ်း အနောက်တိုင်းသားတွေလို ရုပ်ဝါဒီ ဆန်ဆန် ပြောရရင် စာမေးပွဲအောင်တာက ကိုယ်မှ မဟုတ်ပဲ၊ သူအောင်လို့ သူပျော်တာ ဘာမှ မဆန်းပေမယ့် တခြားသူတွေအပေါ် ပတ်ဝန်းကျင်အပေါ်မှာ အားလုံး ပျော်ရွှင်မှုတွေ ကူးစက်သွားတာဟာ မေတ္တာဆိုတဲ့ compassion ကြောင့်သာလျင် ဖြစ်တယ်၊

အမျှပေးဝေသူက စာမေးပွဲအောင်သူနဲ့ တူညီပြီး သာဓု ခေါ်သူက မေတ္တာကြောင့် တဆင့် ပျော်ရွင်မှု ရသူများနဲ့ တူတယ်၊ ဒါကြောင့် သာဓုခေါ်ဆိုသူဟာ ကိုယ်တိုင် မလှူရသော်လည်း မိမိသားသမီးတယောက်ယောက် စာမေးပွဲအောင်ရင် ကိုယ်ပါ ၀မ်းသာရ သလို မေတ္တာရဲ့ ဆက်နွယ်မှုအရ သူလဲ ရရှိခံစားနိုင်ပါတယ်။

ကိုယ်စား လုပ်ကာ အကူအညီပေးခြင်း ဥပမာ...

နောက်တခုက ကိုယ့် မိတ်ဆွေတယောက်၊ သူငယ်ချင်းတယောက် ချစ်သူတယောက် လုပ်ရမယ့် သူ့တာဝန်တွေကို အကြောင်း တခု ခုကြောင့် သူကိုယ်တိုင် မအားလပ်သောအခါ ကိုယ်စားလုပ်ပေးလိုက်လို့ အဆင်ပြေသွား ခြင်းနဲ့ တူတယ်၊ ဘယ်သူလုပ်သည်ဖြစ်စေ အလုပ်ပြီးသွားဖို့ အဓိကပဲ မဟုတ်လား၊ ဒီမှာလဲ အမျှဝေသူ သည် ကိုယ်စားလုပ်ပေးသူနဲ့ တူပြီး သာဓုခေါ်သူကတော့ မအားလပ်လို့ အကူညီတောင်းသူနဲ့ တူတယ်။ ဒီနေရာမှာလဲ ကိုယ်စားလုပ်ပေးသူကြောင့် ကိစ္စပြီးရသလို သာဓုခေါ်ဆိုသူဟာလဲ ကိုယ်တိုင် မလုပ်ပေမယ့် ဒါနရဲ့ အကျိုးကို ခံစားနိုင်တယ်။

အပြုံးတခု ဖန်တီးခြင်း ဥပမာ...

ယနေ့ခေတ်လူမှုပတ်ဝန်းကျင်မှာ လူတယောက်ကို ပြုံးပြခြင်းတခုရဲ့ အကျိုးသက်ရောက်မှု ကို ထိပ်တန်းရောက်နေသူ တိုင်း အောင်မြင် ကျော်ကြားနေသူတိုင်း နားလည်ကြပါတယ်၊ အပြုံးတပွင့် ကြောင့် ဘ၀တဆစ်ချိုး ပြောင်းသွားသူတွေ၊ စီးပြားေ ရးေ အာင်မြင်နေသူတွေ အများကြီး ရှိနေပါတယ်၊

ကြင်နာမှု ခေါင်းပါးနေတဲ့ အနောက်နိုင်ငံများမှာ ကိုယ့်ဘက်က အပြုံးပေးလိုက်လို့ မထင်မှတ်တဲ့ ကိစ္စတွေ၊ အကျိုးရလဒ်တွေ ထွက်ေ ပါ် လာတာကို ပညာရှင်များရဲ့ အတ္ထုပ္ပတ္တိများကို ဖတ်ရတိုင်း ခံစားမိတယ်။ ဗုဒ္ဓဒေသနာများစွာ မှာလဲ မိဟိတပုဗ္ဗင်္ဂမာ အဗ္ဘာကုဋိကာ - အပြုံးကို ရှေ့တန်း တင်ထားခြင်း၊ အမြဲ မျက်မှောင်ကျုံ့မထားခြင်း ဆိုတာ ရှိတယ်၊ လူမှုပတ်ဝန်းကျင်မှာ သိပ်လိုအပ်တဲ့ အရာပေါ့၊ သို့သော်လည်း အသက်မပါတဲ့ ဟန်ဆောင်အပြုံးကို မဆိုလိုဘူး၊ ကိုယ့်ဘက်က ပြုံးပြလိုက်လို့ အကျိုးယုတ်သွားတယ် ဆိုတာ မရှိနိုင် ပါဘူး၊

ဒီနေရာမှာ အမျှပေးတယ် ဆိုတာ ကိုယ့်ဘက်က ပြုံးပြခြင်းနဲ့ တူတယ်၊ တဖက်သားက သာဓုခေါ်တာကတော့ ကိုယ့်အပြုံးကို လိုလို ချင်ချင်လက်ခံခြင်းနဲ့ တူတယ်၊ ဒီတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်ပေါ့၊ သာဓု မခေါ်ဘူး ဆိုရင်တော့ ကိုယ့်အပြုံးကို မသိကျိုးကျွန် ဥပေက္ခာပြုခြင်းနဲ့ တူတယ်၊ ကိုယ့်အပြုံးကြောင့် တဖက်သားမှာ စိတ်ချမ်းသာမှု ကြည်နူးနှစ်သိမ့်မှုကို ခံစားရသလို သာဓုခေါ်ဆိုသူဟာလဲ စိတ်ချင်းဆက်သွယ်မှု အရ ဒါန အကျိုးကို ခံစားနိုင်တာ ယုံမှားစရာ မရှိပါ။ ဒီဥပမာတွေကတော့ အမျှဝေခြင်း သာဓုခေါ်ခြင်းတွေကို နိုင်ငံခြားသားများ နားလည်အောင် ယှဉ်ပြတာပါ၊ သူတို့က ကံအကြောင်း တွေ၊ ဒေသနာတော်တွေ၊ နိဗ္ဗာန်တွေကို မသိသေးပဲ လက်မခံကြတာကြောင့် သူတို့ နားလည်နိုင်အောင် ရှင်းပြခြင်း ဖြစ်ပါတယ်။

နှင်းဆီဖူးလေးများ-Love BUDS 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...