“ဟယ် ကြည့်စမ်းပါဦး ရေကို ပုံးလေးနဲ့ထည့်ချိုးနေရတာ ရေချိုးလို့ဝပါ့မလား”
သူမ ၏ ပြောစကားကို ကားဆရာက ပြုံးလိုက်ရင်း
“ဒီလိုပဲ ချိုးရတာပေါ့ ဟိုမှာတွေ့လား အဲ့ဒါတွေက ခြင်ကိုက်ခံပြီး မွေးထားတာတွေလေ.. တွေ့တယ်မလား ဘေးက ကျူးတဲတွေ ”
သူပြောသည့် ကျူးတဲတွေ ဆိုတာကိုကြည့်မိတော့ ဓနိလေးမိုးထားပြီး အိမ်ခန်းငယ်ငယ်သေးသေးလေးအား ဝါးကပ်ကာသည့်နေရာကာပြီး ဓနိလေးများထပ်ကာထားသော ကျူးကျော်ဆောက်ထားသည့် တဲလေးများ။ သည်ကြားထဲ ချုံပုတ်လေးများက ကျူးတဲလေးများဘေးပတ်ပတ်လည်ဝယ် ရှိပြန်သေးသည်။ သည်နေရာ သည်မြေကွက်၏ ဈေးနှုန်းက သုံးဆယ့်ငါးသိန်းဝန်းကျင်တော့ ရှိချေမည်။ အကယ်၍များ မြေကွက်ပိုင်ရှင်များ လာရောက်ကာ အဆောက်အဦးဆောက်မည်ဆိုလျှင် သူတို့ ဘယ်နေရာ ရွှေ့ကြရမှာလဲ။
မည်းသည်းညစ်ပတ်နေသော ကလေးတစ်သိုက်က လမ်းမကြီး ဘေးဝယ် စုစုရုံးရုံးနှင့် ကစားနေဟန်။ အိုး….ပါးလွှာလိုက်သည့် အဝတ်အစားများ။ ဟိုကလေးမလေးအသက်က တစ်ဆယ့်သုံးနှစ်ခန့်တော့ရှိမည်ထင်သည်။ ဖွံ့ဖြိုးသည့်ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ အနည်းငယ်ကျပ်ထုတ်နေသည့် အဝတ်အစားများ။
မြန်မြန်မောင်းပါဟု ကားဆရာကိုပြောရန် အရှေ့ကိုကြည့်မိတော့ သက်ပြင်းချမိပြန်သည်။ သိပ်မကြာခင်က ခင်းထားမှန်းသေချာနေသည့် ကွန်ကရစ်လမ်းက ချိုင့်ခွက်တစ်ရာမျှရှိဟန်ထင့်။ သူလည်း ကားနာမည်စိုးသောကြောင့် ဖြည်းဖြည်းမောင်းလေမည်ပေါ့။
မျက်လုံးအစုံကို မှိတ်ကာ ကားနောက်မှီကို မှီလိုက်သော်ငြား အတွေးတို့က မဆုံးနိုင်ပြန်။ အကယ်၍များ သူတို့ လုပ်အားခလေးတွေနှင့် မြေကွက်တစ်ကွက်ဝယ်မည်ဆိုလျှင်ကော………ဖြစ်နိုင်ပါ့မည်လား။
ရေနည်းရာကို မိုးများရွာပေးကြပါ။ ငွေနည်းရာကို ငွေများလာပေးကြပါ..ဟု တိတ်တခိုးဆုတောင်းမိရင်း။
သို့ပေမယ့်လည်းလေ ရေများရာ မိုးရွာတတ်တာကိုယ်က အစဉ်အလာ ဖြစ်နေလေပြီပဲ။ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တာကိုယ်က အစဉ်အလာဖြစ်နေလေပြီပဲ။
ကိုယ့်စာရိတ္တကို ကိုယ်ကိုယ်တိုင် ရိုက်ချိုးဖို့ ဖိအား သူတို့လေးတွေမှာ ကင်းမဲ့ပါစေ။ နောက်ကြည့်မှန်လေးထဲမှ ကလေးတစ်သိုက်အား ကြည့်ရင်း တီးတိုးရေရွတ်မိရင်း…. အချိန်တစ်ခုဆီသို့ စိတ်တို့ လည်ပြန်သွားမိလေပြီ။
……………………………………………………………………
“စာအုပ်ဖိုး နောက်နေ့မှ ပေးမယ်လို့ ဆရာမကို သေချာပြောပေါ့ သမီးရယ် ဖေဖေပြန်မလာသေးတော့ မေမေ့လက်ထဲမှာလည်း ပိုက်ဆံမရှိတာ သမီးသိသားနဲ့..”
ခေါင်းငြိတ်ပြကာ ကျောင်းသို့ လှမ်းလာခဲ့သော်လည်း ခြေတို့က လေးလွန်းလှသည်။ ဆရာမ၏ တီးတိုးအပြစ်တင်သံကိုလည်း မကြားချင်သလို ကျောင်းခန်းထဲလည်း ကျောင်းစာအုပ်ဖိုးမပေးနိုင်သည့်အတါက် မျက်နှာမငယ်လိုပါ။
အို..ဖေဖေပြန်လာရင် ပေးနိုင်မှာပဲဟာ။ စိတ်တို့ တင်းရင်း ကျောင်းခန်းထဲသို့ ခြေချလိုက်သည်။
“သမီး စုစု စာအုပ်ဖိုးပါလာလား”
စားပွဲခုံမှာထိုင်ကာစာရင်းတွက်နေသည့် အတန်းပိုင်ဆရာမက သူမ အား မေးလိုက်ခြင်းပင်။ ရုတ်တရက် သိမ်ငယ်စွာ ခေါင်းခါလိုက်မိရင်း အတန်းထဲ မျက်လုံးဝေ့ကြည့်မိတော့ အတန်းဖေါ်တို့၏ ကျဉ်းမြောင်းသော မျက်လုံးများစွာ..။ ထိုအချိန်တွင်ပင် နောက်ဆက်တွဲကြားရသည်က အတန်းပိုင်ဆရာာမ၏ စိတ်ပျက်သည့်ဟန်နှင့် ပြုမှုလိုက်သည့် ကျွတ်..ဆိုသည့်အသံ။ မနက်ခင်းတုန်းကလည်း အိမ်နီးနားချင်းတချို့၏ ငြူစူသံကို ကြားခဲ့ရပြီးချေပြီ။ မေမေ ချေးထားသည့်ပိုက်ဆံတွေ မဆပ်သေး၍ ဆိုလားပဲ။
ဖေဖေရယ် နေပြည်တော်ကနေ မြန်မြန်ပြန်လာပါတော့…။ နေပြည်တော်ဝယ် အုတ်၊သဲကျောက် လုပ်သားအဖြစ်သွားနေသူ ဖေဖေ သိစေချင်စမ်းလှပါသည်လေ။
….
အို မြင်လိုက်ရသည့် မြင်ကွင်းကြောင့် စိတ်တို့ လှုပ်ရှားသွားသည်။ အိမ်ရှင်မိသားစု၏ ကလေးငယ်လေး လက်မှ ချောင်ကာ ကျွတ်ထွက်ဟန်ထင့် လက်စွပ်အသေးစားလေး။ ကြမ်းပြင်ထက်ကျနေသည်မှာ တိုက်တိုက်ဆိုင်ဆိုင် သူမ ခြေထောက်အနားဝယ်။ သည်လက်စွပ်လေး မည်မျှတန်မည်လဲ သူမ မသိပါ။ သေချာသည်ကတော့ စာအုပ်ဖိုးပေးနိုင်မည်မှာသေချာသလို မေမေ့အကြွေးတို့ ပေးနိုင်မည်မှာ သေချာလှပါသည်။
မလုပ်သင့်ဘူး။ ငါးတန်းကျောင်းသူ ဦးဏှောက်နှင့် တားမြစ်လိုက်သည်။ သို့သော် ကျောင်းဆင်းချိန် ဆရာမ မှာလိုက်သောစကားက ထိုတားမြစ်ချက်အား ရိုက်ချိုးလိုက်သည်။
“စုစု သမီး နက်ဖြန်မနက် ကျောင်းစာအုပ်ဖိုး သေချာယူခဲ့နော် ဒါမှမဟုတ်ရင်တော့ မိဘကို ကျောင်းခေါ်ပြီး တောင်းရလိမ့်မယ်”
မျက်နှာထား တည်တည်နှင့် ဆရာမမျက်နှာအား သူမ မကြည့်ရဲပဲ လက်ကလေးပိုက်ခေါင်းငုံ့ထွက်လာခဲ့ရသည်ပင်။ မျက်လုံးစုံမှိတ်ကာ ခြေထောက်ကို အနည်းငယ်ရွှေ့ရင်း လက်စွပ်လေးအား ဖုံးလိုက်သည်။ ထို့နောက်…။
နောက်နောင် သည်အိမ်မှာ တီဗွီလာကြည့်ဖြစ်မည် မထင်တော့ပါလေ။ သူမ တို့ ရပ်ကွက်ထဲဝယ် သည်တစ်အိမ်ပဲ တီဗွီရှိပြီး စိတ်ထားကောင်းလှစွာ ကလေးငယ်များအား ညစဉ် ဇာတ်လမ်းပြပေးသည်လေ။ စိတ်တို့ မလုံခြုံစွာ ထရပ်ရင်း အိမ်ပြန်ဖို့ပြင်ဆင်လိုက်သည်။ ခြေထောက်အောက်မှ ဖုံးယူထားသော လက်စွပ်လေးအားလည်း ဘောင်းဘီ အိပ်ကပ်ထဲထည့်ရင်း…။
“ဗိုက်အောင့်လို့ သမီးပြန်တော့မယ်”
မလံမလဲပြောသည့် သူမ ၏ စကားကို အိမ်ရှင်အန်တီကြီးမှ ပြုံးရွှင်စွာခေါင်းငြိတ်ပြတော့ သူမ ရင်ထဲ ရှက်ရွံ့ခြင်းတို့က နေရာယူချေသည်။ သို့သော်….လက်စွပ်လေးကတော့ သူမ၏ ဘောင်းဘီ အိပ်ကပ်ထဲသို့ ပါလာချေလေပြီ။
…..
“မေမေ သမီး ဒါလေးကောက်ရတယ်”
သူမ ပြသည့် လက်စွပ်လေးအားကြည့်ရင်း မေမေ မျက်မှောင်ကျုံ့လိုက်သည်။
“ဟယ် ဒါ ကိုသန်းဝင်းတို့ သားလေးလက်စွပ်မဟုတ်လား ပြန်သွားပေးရမယ် သမီးရဲ့ လာလာ”
ပြောပြောဆိုဆိုနှင့် တီဗွီကြည့်သည့်အိမ်ဘက် ထွက်သွားသော မေမေ့နောက် သူမ မလိုက်ရဲပါချေ။ မေမေတောင် ပင်ပန်းနေပါလျက်နဲ့ ဒီလက်စွပ်လေး ရောင်းပြီးသုံးမည် ဆိုသည့်ဆန္ဒမရှိချေ။ သူမ သူမကတော့…။
ဟော မေမေ ပြန်လာချေပြီ။
“သမီးရေ သူတို့က သမီးကို ကျေးဇူးတင်လို့တဲ့ မုန့်ဖိုးငါးထောင်ပေးလိုက်တယ် သမီးလေး စာအုပ်ဖိုး ပေးလို့ရပြီ”
ပျော်ရွှင်စွာ ပြောနေသည့် မေမေ့အသံအောက် သူမ စကားတို့ ဆွံ့အစွာ။ သူမ ….သူမ စာရိတ္တပျက်ယွင်းခဲ့ကြောင်း မေမေသိလျှင် မည်မျှ ရှက်လိမ့်မည်လဲ။
နောက်နောင်… ဘာအကြောင်းပြချက်နှင့်မျှ စာရိတ္တတို့ ပျက်ယွင်းရန် သူမ ခွင့်မပြုတော့ဟု သံဒိဌာန် ချလိုက်မိသည်။
…………………………………………………………………………………….
ဟော.. အိမ်တောင် ပြန်ရောက်တော့မှာပဲ။ နောက် သုံးမှတ်တိုင်လောက်ဆို ရောက်တော့ပေမည်။
သူမ တို့ မိသားစုသည်လည်း တချိန်ကတော့ ကျူးတဲလေးဝယ် နေခဲ့ရသည်ပဲ။ သူမ သည်လည်း ခြင်ကိုက်ခံ၍ မွေးဖွါးခဲ့သော ကလေးငယ်တစ်ဦးဖြစ်ပြန်သေးသည်။
ငါ့သံဒိဌာန် ငါပြန်တည်နိုင်ရဲ့လား။ ကိုယ့်ကိုယ်ကို သေချာစဉ်းစားမိတော့ မချိပြုံးနှင့်သာ နှစ်သိမ့်မိသည်။ အိမ်ခြံမြေပွဲစားတစ်ဦးအနေနှင့် မခိုးမဝှက်သော်ငြား အလိမ်အညာစကားလုံးတွေက နေ့စဉ် ရာနှင့်ချီ ပြောနေရသည်မှတ်လား။
ကံကောင်းသည့်အရာတစ်ခုက သည်အချိန်ဝယ် မိဘနှစ်ပါးအား အလုပ်အကျွေးပြုနေနိုင်ပြီး တက်နိုင်သလောက် မုသာဝါဒ နည်းအောင် ထိန်းနေသေးသည်လေ။ နောက်နောင် ဘဝများမှာဖြင့် ကံငါးပါးလုံးလုံခြုံစွာနှင့် မိဘနှစ်ပါးအား အလုပ်အကျွေးပြုချင်စမ်းပါဘိ။ ခုတော့ ဘုရားရှိခိုးပြီး လေးပါးသီလသာ ယူနေရသည့်ဘဝ ပွဲစားဘဝမှ အခြားကံငါးပါးလုံခြုံရာ လုပ်ငန်းလေးတစ်ခု ရှိချင်စမ်းပါဘိ။ တချိန်ချိန်တော့ သည်ဆုတောင်းလေး ပြည့်မည် ထင်ပါသည်လေ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရည်ဝေ
၂၉ ဒီဇင်ဘာ ၂၀၁၁
sm17206.blogspot.com

No comments:
Post a Comment