စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







" တူ " ဘယ်တုန်းက စသုံးသလဲ ဘယ်လိုသုံးသင့်သလဲ


Print Friendly and PDF


တရုတ်လို kuaizi ' ဂွိုင်ကျိ ' လို့ခေါ်တယ်။ အဓိပ္ပာယ်ကတော့ ' ခပ်သွက်သွက်ကလေး ' သို့မဟုတ် ' သွက်လက်တဲ့ပစ္စည်း ' လို့ ဆိုနိုင်တယ်။ အင်္ဂလိပ်လို chopsticks လို့ ခေါ်တဲ့ တူနှစ်ချောင်းနဲ့ အစားစားတဲ့ အစဉ်အလာဟာ အာရှယဉ်ကျေးမှုရဲ့ သင်္ကေတ တစ်ခုလိုဖြစ်နေတယ်။ အောက်စ်ဖို့ အဘိဓာန်မှာတော့ chopsticks ဆိုတဲ့ ဝေါဟာရဟာ ၁၇ ရာစုကတည်းက စပေါ်လာတယ်။ chop shop ဆိုတဲ့ သဘောက မြန်မြန်သွက်သွက်လို့ အဓိပ္ပာယ် ရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်နဲ့ချီ ကတည်းက သုံးစွဲလာကြတာ ဒီကနေ့အထိပါပဲ။ အစားအသောက်ကို ဆွဲညှပ်ယူလို့ရတယ်။ ဖြတ်လို့ရတယ် ကော်လို့လည်း ရတယ်။ ကြိုက်သလို သုံးနိုင်တယ်။ ဒါပေးမယ့် လက်ချောင်းလေးတွေ ကျွမ်းကျင်ဖို့ လိုတယ်။

အနောက်တိုင်း ယဉ်ကျေးမှုမှာ ခက်ရင်းခွနဲ့ ပတ်သက်ပြီး ကွဲကွဲပြားပြား နားလည်ဖို့လိုသလို တူနဲ့ကိုင်တွယ် စားသောက်ရာမှာလည်း ကျွမ်းကျင်မှု ရှိဖို့လိုတယ်။ တူကိုင်ကျွမ်းကျင်မှုပေါ် မူတည်ပြီး လူမှုရေး အဆင့်အတန်း အကဲခတ်နိုင်တယ်။ တူကို တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက သုံးစွဲလာကြတယ်လို့ လေ့လာသိရတယ်။ ရှေးဟောင်း တရုတ်တွေက အိုးကြီးတွေနဲ့ ချက်ထားတဲ့ အစားအစာတွေ ယူစားဖို့ သစ်သားတွေနဲ့ ပြုလုပ်ထားတဲ့ ခပ်စရာတွေ သုံးကြတယ်။ လူဦးရေများလာတော့ စားစရာရှားလာတယ်။ အိုးကြီးချက်ကနေ အိုးလေးချက်ဖြစ်သွားပြီး အစားအသောက်တွေ ခွက်နဲ့ခပ်ယူစားရတယ်။ အစားအစာ နည်းပါးသွားလို့ ထမင်းဆိုင်မှာ ခုတ်ထစ်စရာ ဓားမရှိတော့ဘူး။
အဲဒီနောက် ကွန်ဖြူးရှပ်ပေါ်လာတယ်။ (ကွန်ဖြူးရှပ်က သတ်သတ်လွတ် သမားလို့ ဆိုပါတယ်) သူက အကြမ်းမဖက်တဲ့ လမ်းစဉ်သမားဖြစ်တော့ ထမင်းစားတိုင်းမှာ ဓားသုံးတာ အလွန်ရိုင်းတယ်လို့ ယူဆတယ်။ ဒီနေရာမှာ တရုတ်တွေ တူကို စားသောက်တဲ့ ကိရိယာအဖြစ် ရွေးချယ်လာကြတယ်။ မှတ်တမ်းတင်ထားတဲ့ သမိုင်းအရ တရုတ်မှာ ပထမဦးဆုံး တူကိုစသုံးတာ ဘီစီ ၁၆၀၀ နဲ့ ၁၁၀၀ ကြား အုပ်စိုးခဲ့တဲ့ Shang မင်းဆက်က နောက်ဆုံးဘုရင် လက်ထက်မှာ ဖြစ်ပြီး ဆင်စွယ်နဲ့ လုပ်တဲ့တူတွေ သုံးခဲ့တယ်လို့ ဆိုပါတယ်။ ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၅၀၀ မှာတော့ တူသုံးတဲ့ အလေ့အထဟာ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အထိ ပြန့်နှံ့သွားတယ်။ ဝါးတစ်ချောင်းထဲ ထိပ်ကဆက်ပြီး ခွဲထားတယ်။


ပထမတော့ ဒီလိုတူတွေကို ဂျပန်က အမြတ်တနိုးထားပြီး ဘာသာရေး အခမ်းအနားတွေမှာ သုံးတယ်။ နောက်ပိုင်းကျမှ တရုတ်တူလို တစ်ချောင်းစီ သပ်သပ် တွဲသုံးလာကြတယ်။ စောစောပိုင်းမှာ တူကို သစ်သား၊ ဝါးတွေနဲ့ လုပ်ကြတယ်။ ဝါးက ဈေးချိုတယ်။ အပူဒဏ်ခံနိုင်လို့ ဝါးအသုံးများတယ်။ အနံ့၊ အရသာလည်း မရှိတော့ အစားအသောက် ကိုင်တွယ်ရာမှာ ကောင်းတယ်။ နောက်ပိုင်းကျတော့ တူကို အရိုး၊ စန္ဒကူးပင်၊ ကျွန်း၊ ထင်းရှုးသားတွေနဲ့ လုပ်ကြတယ်။ ပိုက်ဆံရှိတဲ့ သူတွေကတော့ ကျောက်စိမ်း၊ ရွှေ၊ ငွေ၊ ကြေးနီ၊ ဆင်စွယ်သားတွေနဲ့ လုပ်တယ်။ တရုတ်အင်ပါယာ မင်းဆက်နန်းတော်မှာတော့ ငွေသတ္တုနဲ့ လုပ်တဲ့တူ သုံးတယ်။ အဆိပ်ပါတဲ့ အစားနဲ့ထိတွေ့ရင် အမည်းရောင် ပြောင်းသွားတယ်လို့ ဆိုပါတယ်။


ဒါပေမဲ့ ဒီကနေ့မှာတော့ ငွေသတ္တုဟာ အာဆင်းနစ် သို့မဟုတ် ဆိုင်ရာနိုက်အဆိပ်နဲ့ ပတ်သက်ပြီး တုန့်ပြန်မှု မရှိတာတွေ့ရတယ်။ ကြက်ဥအပုပ်၊ ကြက်သွန်နီ သို့မဟုတ် ကြက်သွန်ဖြူနဲ့ ထိတွေ့ရင်တော့ အရောင်ပြောင်းတယ်။ ၁၇ ရာစုမှာ ဂျပန်က စဥ့်ရည်လုပ်တူတွေ စထွင်တယ်။ နောက်ပိုင်းမှာ ' ဝါရီဘာရှီ ' ဆိုတဲ့ တစ်ခါသုံးတူတွေ စလုပ်တယ်။ ၁၈၇၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၈၀ ခုနှစ်အရောက်မှာ တရုတ်မှာ တစ်ခါသုံးတူတွေ စထုတ်ခဲ့တယ်။ ဒီလို တစ်ခါသုံးတူတွေ ကျယ်ပြန့်လာတော့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ တက်လာတယ်။ ဂျပန်မှာ ၂၀၀၆ ခုနှစ်အတွင်း တစ်ခါသုံးတူ အစုံပေါင်း ၂၅ ဘီလီယံ သုံးစွဲခဲ့တယ်။ တရုတ်မှာလည်း တူအချွန် ၄၅ ဘီလီယံလောက် သုံးစွဲခဲ့ကြတယ်။ ဂျပန်စားသောက်ဆိုင် တချို့က တူယူလာဖို့ တိုက်တွန်းတယ်။


ကိုရီးယားတွေ ဘာကြောင့် သတ္တုနဲ့လုပ်တဲ့တူ သုံးကြသလဲ။


ကိုရီးယားတွေက တူကို စတီးနဲ့လုပ်ကြတယ်။ တစ်ဖက်ကို သွက်သွက်လေး ရှူးသွားတယ်။ လက်ကိုင်ဖက်မှာ ဆေးခြယ်ကြတယ်။ ဘာကြောင့် ဒီလို သတ္တုတူ သုံးသလဲဆိုတော့ ယေဘုယျယူဆချက် မရှိဘူး။ ၂၀ ရာစု ဂျပန်တွေ ကိုရီးယားကို သိမ်းပိုက်ထားတုန်းက သစ်သားတူတွေမှာ ဂျပန်တွေက အဆိပ်တွေလူးထား တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကိုရီးယားတွေက သတ္တုတူကို သုံးကြတယ်။ သတ္တုတူက ဆေးကြောလို့ရတယ်။ နောက်အယူအဆ ဆစ်ခုကတော့ ကိုရီးယားကို နိုင်ငံခြားသားတွေ ကျူးကျော်လာလို့ ထွက်ပြေးကြရင် အမြန် သိမ်းဆည်းရလွယ်တဲ့အတွက် သတ္တုတူကို သုံးတယ်။ သတ္တုတူတွေဟာ ရေရှည်ခံတဲ့အတွက် ဒီလိုသတ္တုတူတွေ သုံးကြတာလို့ ပြောကြတယ်။

တူသုံးစွဲရာမှာ လိုက်နာရမယ့် နည်းလမ်းတွေကတော့



တူထည့်တဲ့ခွက်မှာ အလျားလိုက်ထားရတယ်။ အသုံးမပြုတဲ့ အခါမှာလည်း ကိုယ့်ရဲ့ ဟင်းခွက်ပေါ် အလျားလိုက် ထားရတယ်။ ဟင်းခွက် သို့မဟုတ် ထမင်းခွက်ထဲကို တူစိုက်မထားရဘူး။ အမွှေးတိုင် စိုက်သလို ဖြစ်နေတယ်။ မရဏသဘော သက်ရောက်နေတယ်။ တူနဲ့ ပန်းကန်လုံးကို မခေါက်ပါနဲ့။ ရှေးဟောင်း တရုတ်ပြည်မှာတော့ သူတောင်းစားတွေ အစာတောင်းရင် ဒီလိုခေါက်တယ်။ တူနဲ့ လက်ဟန်ခြေဟန် မပြရဘူး။ မိမိတူနဲ့ တစ်ပါးသူကို အစားအသောက် မကျွေးပါနဲ့။ ကျွေးရင်လည်း ပထမဦးဆုံး မိမိပါးစပ်ထဲ အဲဒီတူနဲ့ အစာမသွင်းခင်မှာ ကျွေးသင့်တယ်။ တူမှာ ဘယ်လောက် အရသာရှိတဲ့ အစာပဲကပ်နေပါစေ တူကို လျှာနဲ့ မလျက်၊ မစုပ်ပါနဲ့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...