စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရောင်းချခြင်း နဲ့ ချိန်းတွေ့ခြင်း (Sales and Dating)





လုပ်ငန်းတစ်ခု အောင်မြင်ခြင်းဆိုတာထိုလုပ်ငန်းရဲ့ထုတ်ကုန်ကို ရောင်းချပေးနေတဲ့ ၀န်ထမ်းများနဲ့အများကြီးသက်ဆိုင်နေပါတယ်။ အခုခေတ်မှာတော့ ထိုSales၀န်ထမ်းများရဲ့ အရေးပါးမှုက ကြီးမားလာပါပြီ။

Sales ၀န်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာလည်း ထင်သလောက်လွယ်ကူတဲ့ အရာမျိုးတော့မဟုတ်ပါဘူး။
Salesဆိုတဲ့ရောင်းချခြင်းနဲ့ Datingဆိုတဲ့ချိန်းတွေ့ခြင်းဆိုတဲ့ အရာ(၂)ခုမှာ တိုက်ဆိုင်မှုတွေရှိနေတာကို သင်သိပါသလား? ဒီဆောင်းပါးလေးမှာတော့ Sales နဲ့ Dating ရဲ့တူညီတဲ့သဘောတရားအချို့ကိုဖော်ပြပေးသွားမှာ
ဖြစ်ပါတယ်။

(၁)ချဉ်းကပ်ခြင်း

Datingပဲဖြစ်ဖြစ် Salesပဲဖြစ်ဖြစ်ဖြစ် ချဉ်းကပ်ပုံကအရမ်းကိုအရေးပါပါတယ်။ ပထမဆုံးမြင်မြင်ချင်းကတည်းကသင့်ကိုယုံကြည်ချင်စိတ်ပေါက်အောင် ၀တ်ဆင်တတ်ရပါမယ်။ First impression ဆိုတာအမြဲတမ်းအရေးကြီးပါတယ်
ပထမဆုံးတွေ့ကတည်းကလူတွေဟာတစ်ယောက်နဲ့တစ်ယောက်အမြဲအကြမ်းဖျင်းခန့်မှန်းဆုံးဖြတ်လေ့ရှိပါတယ်။သင့်ရဲ့ကိုယ်အမူအရာ နှုတ်အမူအရာများအားလုံးဟာ ပထမဆုံးတွေ့ဆုံခြင်းတိုင်းမှာ အရေးပါပါတယ်။ ပြုံးပြခြင်း၊
မျက်လုံးခြင်းဆုံကြည့်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ယဉ်ကျေးသောကိုယ်အမူအရာများဖြင့် ချဉ်းကပ်ခြင်းဟာ သင့်ရဲ့
First impression အတွက်အရေးကြီးပါတယ်။ သင်နဲ့တွေ့နေတဲ့ကောင်မလေး သို့မဟုတ် သင်နဲ့တွေ့နေတဲ့ သင့်ရဲ့အနာဂတ်ဖောက်သည် ဟာသင့်လိုလူမျိုးတွေမှာ ရှေ့မှာတွေ့ကောင်းတွေ့ပြီးနေလောက်ပါပြီ။ ဒီတော့ သင်ကအရင်လူတွေထက်ထူးခြားအောင်တော့လုပ်ဖို့လိုပြီပေါ့။ သူတို့စိတ်ထဲမှာ သင့်ကိုမှတ်မိနေအောင်လုပ်နိုင်တာကိုက Sales၀န်ထမ်းကောင်းတွေရဲ့
ထူးခြားတဲ့ ၀ိသေသတစ်ခုပါ။

(၂)အပေါက်အလမ်းတည့်ခြင်း

သင်နဲ့တွေ့နေတဲ့သူရဲ့ ယုံကြည်မှုဆိုတာ သူနဲ့သင်အပေါက်အလမ်းတည့်စွာစကားပြောဖြစ်မှ ဖြစ်မှာပါ။ ကောင်မလေးက
ဂျူးစာအုပ်တွေကိုအရမ်းကြိုက်တဲ့သူတစ်ယောက်ဖြစ်နေချိန်မှာ သင်ကဂျူးဆိုတာ လူမျိုးစုတစ်ခုလား ဆိုတဲ့မေးခွန်းမျိုးမေးမိလို့ကတော့အပေါက်အလမ်း တည့်တော့မှာမဟုတ်ပါဘူး။ ဒီတော့ လူနှစ်ယောက်ဘယ်လိုအချိန်မှာ အပေါက်အလမ်းတည့်လေ့ရှိသလဲ စဉ်းစားဖို့လိုပြီပေါ့။ 
 
ကျွန်တော်တို့ လူသားတွေအားလုံးမှာ တူညီတဲ့အချက်တစ်ခုရှိပါတယ်။ အကြိုက်ချင်းတူတဲ့ အခါစကားပြောရတာပိုအဆင်ပြေပါတယ်။သူက Liverpool ပရိတ်သတ်၊ သင်က Man Uပရိတ်သတ် ဆိုရင်တော့ အပေါက်အလမ်းကတည့်ဖို့မလွယ်တော့ပါဘူး။ ဒီတော့ အပေါက်အလမ်းတည့်ဖို့ဆိုတာ သူဘာတွေကြိုက်တတ်လဲ သင်တတ်နိုင်သလောက်စုံစမ်းထားဖို့လိုပါတယ်။ ဒါကလည်း Sales၀န်ထမ်းကောင်းတစ်ယောက်ရဲ့အရည်အချင်းတစ်ခုပါပဲ။ ယနေ့ခေတ်ထဲမှာက Facebookလို Social Networkတွေကလည်း သူတို့ဘာကြိုက်တတ်တယ်ဆိုတာတွေကို ရှာဖွေလို့ရပါတယ်။ သင်ဘယ်ကနေပဲသိလာသိလာ သူကတော့ သူကြိုက်တာတွေကို သင်သိနေတဲ့အတွက် သင့်ကိုသဘောကျမှာသေချာပါတယ်

(၃)လိုအပ်ချက်များကိုထုတ်ဖော်ခြင်း

ဒီအဆင့်ကတော့ လုပ်ငန်းဘက်ကိုစပြီး ခေါင်းတည်လာတဲ့အဆင့်ပါ။ ဒီအဆင့်မှာတော့ သင်စကားအများကြီးပြောတာထက် ပါးပါးနပ်နပ်မေးခွန်း
လေးတွေမေးပြီးသူဘာလိုအပ်နေတာဆိုတာကိုများများနားထောင်ပြီး
ဖော်ထုတ်နိုင်ပါတယ်။ Datingပဲဖြစ်ဖြစ်၊ Salesပဲဖြစ်ဖြစ် သူ့ရဲ့လိုအပ်ချက်နဲ့
သင့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုက်ညီမှသာ အဆင်ပြေချောမွေ့မှာဖြစ်ပါတယ်။ သင်ဘယ်လောက်တော်ကြောင်း သို့မဟုတ် သင့်ကုန်ပစ္စည်းဘယ်လောက်
ကောင်းကြောင်းပြောနေတာထက် သူဘာကိုလိုအပ်နေလဲဆိုတာကို သိအောင်အရင်ဖော်ထုတ်ပါ။ သင့်ရဲ့မေးခွန်းတွေက ပါးနပ်လေလေ သူကသင့်ကို
ပြန်ကြိုက်မယ့်သူလား သို့မဟုတ် သင့်ပစ္စည်းကိုဝယ်မယ့်သူလား သင်အမြန်ဆုံးသိနိုင်လေပါပဲ။

(၄) လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကြောင်းဖော်ပြခြင်း

ဒီအဆင့်ကတော့ အရမ်းအရေးကြီးသွားပါပြီ။ ဒီအဆင့်မှာ သင်ဟာဘာကြောင့် ကောင်မလေးအတွက်လက်တွဲဖော်ကောင်း တစ်ယောက်ဖြစ်နိုင်ကြောင်းသို့မဟုတ် သင့်ရဲ့ကုန်ပစ္စည်းက သင့်ရဲ့အနာဂတ်ဖောက်သည်အတွက် ဘာကြောင့်သင့်တော်ကြောင်း စပြီးပြောပြရတော့မှာဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ
သင့်ရဲ့ကုန်ပစ္စည်းကြောင့် သူတို့ရဲ့လုပ်ငန်းတွေမှာ အကျိုးအမြတ်ကောင်းတွေရရှိလာမှာကိုယုံကြည်လာဖို့လိုပါတယ်။ သူ့ရဲ့လိုအပ်ချက်တွေနဲ့ သင့်ရဲ့ဖြည့်ဆည်းပေးနိုင်မှုတွေ ကိုက်ညီလေလေ အရောင်းအ၀ယ်ဖြစ်ဖို့သေချာလေလေပါပဲ။

(၅) အခက်အခဲများဖြတ်ကျော်ခြင်း

သူ့ရဲ့လိုအပ်ချက်တွေအပေါ် သင့်ရဲ့ဖြည့်ဆည်းနိုင်မှုတွေ ပြောပြရုံနဲ့တော့ ပွဲကတစ်ခါတစ်လေမပြီးသွားတတ်ပါဘူး။ သင်မမျှော်လင့်ထားတဲ့ မေးခွန်းမျိုးတွေ
သူကသင့်ကိုပြန်မေးတတ်ပါသေးတယ်။ ဒါကြောင့်မို့လို့ သူ့ဘာတွေသင့်ကိုပြန်မေးနိုင်မလဲဆိုတာကို အစတည်းက ကြိုတင်ပြင်ဆင်လေ့ကျင့်သင့်ပါတယ်။သင်သာသူ့နေရာမှာဆို သင်ဘာတွေမေးနိုင်လောက်မလဲ ကြိုတင်စဉ်းစားထားပါ။ ဒီအဆင့်ကျော်ရင် သင်အောင်မြင်ဖို့သေချာသလောက်ဖြစ်သွားပါပြီ။

(၆)နိဂုံးချုပ်ခြင်း

ဒီအဆင့်ထိတောင်သင်ရောက်လာပြီဆိုကတည်းကတော့ သင်ဟာခေသူမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချို့သူတွေက ဒီအဆင့်မှာ ညံ့သွားတတ်ကျပြန်ပါတယ်။ဒီအဆင့်အထိကောင်မလေး အထင်ကြီးအောင်ပြောလာပြီးမှ “ရုပ်ရှင်သွားကြည့်ကြမလား”တို့ “နောက်ကျရင်လည်းဆုံကြမယ်လေ”တို့ “ညကျရင်ဖုန်းဆက်လိုက်မယ်နော်”တို့ မပြောပဲ ပြန်လာတတ်တဲ့သူမျိုးတွေလည်း ရှိနေတတ်ပြန်ပါတယ်။ 
 
ဒီအဆင့်မှာတော့ သင်ဘာလို့အဲဒိနေရာကိုရောက်နေတဲ့အကြောင်း
မူလရည်မှန်းချက်လေးကို သူသိအောင်ပြန်ဖော်ပါ။ တကယ်လို့ သူကတစ်ခါတည်းနဲ့ယုံကြည်သွားတယ်ဆိုရင်တော့ သင်အရမ်းတော်လို့ပါ။ ဒါပေမဲ့သူကမယုံကြည်သေးဘူးဆိုရင်လည်း သင်မညံ့ပါဘူး။ လောကကြီးမှာ အရာအားလုံးတစ်ခါတည်းကြိုးစားရုံနဲ့မရတတ်ပါဘူး။ 
 
ဒီတော့ နောက်ထပ်ကြိုးစားလို့ရမယ့်အခွင့်အရေးလေးတွေရှိအောင် ထားခဲ့လို့ရပါတယ်။ ဒါပေမဲ့သင်သိထားဖို့က Dating ပဲဖြစ်ဖြစ် Salesပဲဖြစ်ဖြစ်၊ သူတစ်ကြိမ်တစ်ခါယုံကြည်ပြီးဝယ်တာထက်
သင့်ဆီကနောက်ထပ်နောက်ထပ်အမြဲလိုချင်နေတာကမှ အောင်မြင်မှုစစ်စစ်ပါ။

Dating နဲ့ Salesကအရာအားလုံးတော့ အလုံးစုံတူညီနေတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့အထက်ပါအချက်များကတော့ Datingနဲ့ Salesရဲ့ တူညီတဲ့
အချက်အလက်များဖြစ်ပါတယ်။

မိုးရှင်း (I.M.T)
ref:linkedin
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...