စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျရှုံးတာကိုမကြောက်ပါနဲ့





ဘဝဆိုတာက “ဖြစ်၊ တည်၊ ပျက်” ဆိုတဲ့ တရားသဘောမှာ ရိုးရိုးစင်းစင်းနဲ့ လည်ပတ်နေတာပါ။ ဒါပေမယ့် ဒီဘဝထဲမှာ ရှင်သန်ဖို့အတွက်ကြတော့ အလွန့်အလွန် ကြီးမားလှတဲ့ မဟာအခက်အခဲကြီးပါပေ။ ဘဝအခက်အခဲဟာ ဘယ်လိုလူကိုမှ မျက်နှာသာ မပေးတတ်ပါ။ ဒါကြောင့် ဘဝမှာ “ပန်းမွေ့ရာနဲ့ ရွှေကော်ဇော”ဆိုတဲ့စကားက နားကြားလို့ချိုသလောက် လက်တွေ့လုပ်ဖို့က မလွယ်ရေးချာမလွယ်ပါ။

ကျရှုံးမှုဆိုတာကလည်း လူသားတွေရဲ့ နှလုံးသားကို အကြောက်တရားတွေနဲ့ ခေါင်းမဖေါ်နိုင်အောင် တိုက်ခိုက်နေတဲ့ သဘောရှိပါတယ်။ အခက်အခဲတွေ အပုံပုံ အထပ်ထပ်နဲ့ ရှင်သန်မှုကိုတောင် သေအောင်သတ်နိုင်တဲ့ အဆိပ်တစ်ခွက်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ကျရှုံးမှုတိုင်းဟာ အရှုံးမပေးဘဲ ဇွဲသန်ထက်ထက်နဲ့ လုံးလရှိရှိ ရင်ဆိုင်တတ်တဲ့ လူသားတို့အတွက် နောက်ဆုံးမှာ အောင်မြင်မှုကို ပြန်ပေးတတ်တဲ့ အရာသာဖြစ်ပါတယ်။

ဒီနေရာမှာ အကောင်းဆုံး သာဓကတစ်ခုကတော့ ကမ္ဘာကျော်တီထွင် ပါရဂူ သောမတ်အယ်ဒီဆင်ကိုသာကြည့်ပါ။ မီးသီးတီထွင်စဉ်အခါတုန်းက ကြိုးစားတိုင်း ကျရှုံးမှုနဲ့သာ သူ့မှာ ကြုံနေခဲ့ရတယ်။ ဒါပေမယ့် ကျရှုံးတိုင်း အဲဒီကနေ အဖြေရှာပြီး ထပ်ကြိုးစားတယ်။ ကျရှုံးမှုကိုမကြောက်ဘဲ အကြိမ်ကြိမ်အထပ်ထပ် ကြိုးစားရင်း သူပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ “ဘယ်တော့မှ ငါဟာ ကျရှုံးမှုနဲ့နေမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မထိရောက်တဲ့ နည်းလမ်းတစ်သောင်းကို ငါတွေ့ပြီးပြီဖြစ်လို့ပဲ”တဲ့(I have not failed. I've just found 10,000 ways that won't work.)။ နောက်ဆုံးမှာ သူအောင်မြင်ခဲ့လို့ ညဘက်မီးအလင်းရောင်ကို ကျနော်တို့ ခလုပ်နှိပ်ရုံနဲ့ ရရှိခဲ့တာပေါ့။

ကျရှုံးမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်သဘောကျနှစ်ခြိုက်မိတဲ့ အခြားပညာရှင်တွေရဲ့ အမြင်လေးတွေကိုလည်း ကိုးကားဖေါ်ပြလိုပါတယ်။

၁။ ဘဝအိပ်မက်တွေကို အကောင်အထည် မဖေါ်နိုင်အောင် တားဆီးနေတဲ့အရာက အခြားမဟုတ်ဘူး။ ကျရှုံးမှာကြောက်တဲ့စိတ်သာဖြစ်တယ်။
(There is only one thing that makes a dream impossible to achieve: the fear of failure.
- Paulo Coelho)

၂။ မနေ့က သင်ကျရှုံးခဲ့ရင် ဒီနေ့ပြန်ထပါ။
(If you fell down yesterday, stand up today.”
- H.G. Wells)

၃။ဘဝမှာ ကျရှုံးမှုနဲ့ တခါကြုံလိုက်တာဟာ အရာရာမှာ တစ်သက်လုံး သင်ရှုံးပြီးလို့ မမှတ်ယူပါနဲ့။
(Just because you fail once doesn't mean you're gonna fail at everything.”
― Marilyn Monroe)

၎။ ကျရှုံးမှုမှာ လက်မြှောက်အရှုံးပေး မနေပါနဲ့။ သင်္ခန်းစာယူပြီး ပြန်စပါ။
(Do not be embarrassed by your failures, learn from them and start again.
-Richard Branson)

၅။ ကျရှုံးမှုဆိုတာ အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမှားတိုင်းက ကျနော်တို့ကို သင်ယူစရာတွေ ပေးနေလို့ပဲ။
(Failure is the key to success; each mistake teaches us something.
Morihei Ueshiba)

၆။အရှုံးမှာ ပြန်မကြိုးစားတော့တာဟာ ဘဝရဲ့ တကယ့်ကျရှုံးမှုကြီးပါ။
(There is no failure except in no longer trying.”
― Elbert Hubbard)

၇။ကျရှုံးမှုတိုင်းက အောင်မြင်မှုဆီသွားတဲ့ ခြေတစ်လှမ်းသာဖြစ်တယ်။
(Every failure is a step to success.
-William Whewell)

၈။ကျရှုံးမှုဆိုတာကို ကျနော်ကတော့ ကစားပြီး အနိုင်ယူရမယ့် ကစားနည်းတစ်ခုအနေနဲ့ကလွဲပြီး အရှုံးအဖြစ် ဘယ်တုန်းကမှ မရှု့မြင်ခဲ့ပါဘူး။
(I never see failure as failure, but only as the game I must play and win.
-Tom Hopkins)

၉။မိမိအမှားနဲ့ ကျရှုံးမှုတိုင်းအတွက် ဘယ်သူကိုမှ အပြစ်မတင်ပါနဲ့။(မိမိအမှားနဲ့ ကျရှုံးမှုတိုင်းဟာ မိမိမှာသာ တာဝန်ရှိပါတယ်။)
(Do not blame anybody for your mistakes and failures.
-Bernard Baruch)

၁၀။လောကမှာ ကျရှုံးမှုသာ မရှိခဲ့ရင် အောင်မြင်မှုဆိုတာလည်း ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်ပါ။
(Without failure there is no achievement.
-John C. Maxwell)

၁၁။ဘဝရဲ့ အစစ်အမှန်ကျရှုံးမှုဆိုတာ အရှုံးကနေ ပြန်ပြီးတော့ မသင်ယူတာဘဲ ဖြစ်ပါတယ်။
The only real failure in life is one not learned from.
Anthony J. D'Angelo

ဒီကိုးကားချက်ကလေးတွေကို ကြည့်မယ်ဆိုရင် ကျနော်တို့ ရင်ဆိုင်လျှောက်လှမ်းနေရတဲ့ ဘဝခရီးရှည်မှာ ကျရှုံးတယ်ဆိုတာ ကျနော်တို့ ညံ့နေလို့မဟုတ်ဘူး။ ပြီးတော့ ဒါဟာ ကျနော်တို့နဲ့ ထိုက်တန်တဲ့ အရာလည်းမဟုတ်ပါဘူး။ ကျရှုံးမှုဆိုတာ ကျနော်တို့အတွက် အောင်မြင်မှုစမှတ်တစ်ခု (သို့) ကျနော်တို့ဟာ အောင်မြင်မှုနဲ့ ဘယ်လောက်ထိုက်တန်ဆိုတာကို ပြသပေးမယ့် အရာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် မိမိအရှုံးကို တခြားလူဆီက အလျော်လိုက်တောင်းနေမယ်ဆိုရင်တော့ ကျရှုံးမှုဟာ မိမိနဲ့ အထိုက်အတန်ဆုံးအရာပဲ ဖြစ်လိမ့်မယ်။

သူငယ်ချင်းတို့ရေ........

လဲကျတယ်ဆိုရင် မိမိဘာသာ ပြန်ထလိုက်ပါကွာ။ ဘဝမှာက ကျရှုံးမှုနဲ့ မပေးဆပ်ရဘဲ ရရှိလာတဲ့ အောင်မြင်မှုဆိုတာ မရှိနိုင်လို့ပါ။ ဒါပေမယ့် တချို့က လွယ်လွယ်နဲ့ အရှုံးပေးတတ်ကြလွန်းတယ်။ ကျရှုံးမှုမှာ တစ်ဘဝလုံး ပုံအောပြီးတော့ ဘယ်လိုအိပ်မက်တွေကိုမှ ပြန်မမက်နိုင်ကြတော့တာ ရင်နာစရာပါ။ တကယ်တော့ ဘဝမှာ ရှင်သန်ရတဲ့ အနှစ်သာရတွေထဲက တစ်ခုကတော့ မဖြောင့်မဖြူ၊ ကြမ်းတမ်းလွန်းတဲ့ အခက်အခဲတိုင်းကို ကြံ့ကြံ့ခံအံတုနိုင်တာပဲဖြစ်ပါတယ်။ ထပ်ပြောပါရစေ…..ကျရှုံးတာကို ဘယ်တော့မှ မကြောက်ပါနဲ့။

ဘဝနဲ့ဆန္ဒတသားထဲကျပါစေ…….
လင်းမြတ်(ပန်းတောင်း)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...