စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှုတ်ထွက်ကြမ်းသော အမ္ဗပါလိ၏ ဘ၀ကံကြမ္မာ


                          
အမ္ဗပါလိသည် ဝေသာလီပြည်၌အလှဂုဏ်တို့ဖြင့်ထင်ရှားကျော်ကြားသော ပြည့်တန်
ဆာမတစ်ဦး ဖြစ်ခဲ့သည်။ သူမသည်သိခီဘုရားရှင်လက်ထက်၌ ရဟန်းမပြုခဲ့ပြီး မိခင်ဝမ်း၌ပဋိသန္ဓေနေရသည်ကိုစက်ဆုပ်သဖြင့်ဥပပတ်ပဋိသန္ဓေနေရန်ဆုတောင်း
ခဲ့သောကုသိုလ်ကြောင့် ယခုဂေါတမဘုရားရှင်လက်ထက်ဝယ် ဝေသာလီပြည် မင်းဥယျာဉ်အတွင်းရှိ သရက်ပင်ဂွကြား၌ ဥပပါတ်ပဋိသန္ဓေ ( ခန္ဓာကိုယ်အထင်
အရှားဖြင့်) လူဖြစ်လာသူဖြစ်သည်။


သူမသည် ဖုဿဘုရားရှင်လက်ထက်က ဘုရားရှင်၏နှမတော်ခဲ့သူဖြစ်ပြီး ရုပ်အဆင်းလှပစေရန်ဆုတောင်းခဲ့သောကြောင့် ယခုဘ၀တွင်တုနှိုင်းမမှီအလှရှင်ဖြစ်ခဲ့ရသည်။သရက်ပင်ဂွကြားတွင်လူဖြစ်ခဲ့ရသော
ကြောင့်အမ္ဗပါလိဟု အမည်တွင်ခဲ့သည်။ အမ္ဗပါလိ၏အလှသည် အလွန်ကြည့်မ၀ ရှုမ၀ဖြစ်ခဲ့ရ၍ ဝေသာလီရှိ လိစ္ဆ၀ီမင်းသားတို့ သူရထိုက်သည်ငါရထိုက်သည် အငြင်းအခုံဖြစ်ကြလေသည်။ ထိုအခါဝေသာလီခေါင်းဆောင်တို့က ထိုငြင်းခုံခိုက်ရန်ငြိမ်းမှုအေးစေရန် အမ္ဗပါလိသည် မင်းသားအားလုံးတို့နှင့်ဆိုင်စေဟု အမိန့်ချကာ အများဆိုင်ပြည်တန်ဆာမ ပြုလုပ်စေသည်။ 


သူမနှင့်တစ်ခါသွားပျော်ပါးလိုပါက အသပြာငါးဆယ်ပေး၍ သွားလာရန်လည်း သတ်မှတ်ထားသည်။အမ္ဗပါလိသည်ရာဇဂြိုလ်ပြည် ဘုရင်ဗိမ္ဗိသာရမင်းသားနှင့် တိတ်တိတ်ပုန်းချစ်ကြိုက်ခဲ့၍ သားတော်တစ်ယောက်မွေးဖွားခဲ့သည်။ ထိုသားတော်လည်း နောင်အခါ ဘုရားသာသနာ၌ ၀ိမလကောဏ္ဍညမထေရ်ဟု ထင်ရှားခဲ့သည်။အမ္ဗပါလိသည် ပြည်တန်ဆာအဖြစ်နေလာခဲ့ရာမှ အသက်အရွယ်အိုမင်းလာသော်ဘုရားရှင်နှင့်ဖူးတွေ့ရပြီးဘုရားရှင်ကိုဆွမ်းကျွေးကာ
တရားနာခဲ့သည်။မိမိဥယျာဉ်၌လည်းကျောင်းဆောက်၍ ဘုရားအမှူးရှိသော သံဃာကိုလှူဒါန်းသည်။ 


မိမိ၏သားတော်အရှင်ကောဏ္ဍညမထေရ်ထံမှ တရားနာပြီး ရဟန်းမ ပြုခဲ့သည်။သူမသည်အိုမင်းလာသော မိမိခန္ဓာကိုယ်ကိုယှဉ်ကြည့်၍ ၀ိပဿနာတရားအားထုတ်ရာမကြာခင်ဆဠာဘိညာပဋိသမ္ဘိဒါပတ္တရဟန္တာမ ဖြစ်ရလေသည်။သူမသည်ရဟန္တာမဖြစ်ပြီးနောက်မိမိဘ၀ပြည့်တန်ဆာမ ဖြစ်ရသည့်အကုသိုလ်
အပြစ်ကို ပြန်လည်မိန့်ကြားခဲ့သည်။သိခီဘုရားရှင်လက်ထက်ကဖြစ်သည်။ အမျိုးကောင်းသမီးတစ်ဦးသည် သာသနာ့ဘောင်ဝင်ရောက်ကာ ရဟန်းမပြုခဲ့သည်။ 


ထိုရဟန်းမသည်တစ်နေ့တွင် အဖော်ရဟန်းမများနှင့်အတူ စေတီကိုရှိခိုး၍ လက်ယာရစ်လှည့်လည်ပူဇော်စဉ်ရှေ့ဆုံးမှသွားနှင့်သောရဟန္တာထေရီမတစ်ပါးသည်
နှာချေသဖြင့် နှာရေပေါက်သည်စေတီရင်ပြင်ပေါ်၌ အမှတ်တမဲ့ကျသွားလေသည်။
ထိုနှာရေပေါက်ကိုမြင်လျှင် ရဟန်းမသည် ဒေါသဖြစ်လျှက် ``ဘယ်ကပြည်တန်ဆာမ ဒီမှာတံတွေးထွေးခဲ့ပါသလဲ``ဟုဆဲရေးတိုင်းထွာခဲ့သည်။ 



ဤနှုတ်ထွက်ကြမ်းသောစကားကြောင့်သူမသည်ငရဲ၌နှစ်ပေါင်းများစွာကျင်လည်ခဲ့ရပြီး ငရဲမှလွတ်ပြီးနောက်ဘ၀ပေါင်းတစ်သောင်းတိုင်တိုင် ပြည့်တန်ဆာမ ဖြစ်ခဲ့ရသည်။
ယခုနောက်ဆုံးဘ၀၀ယ်ထိုအကုသိုလ်ကံဝဋ်ကျွေးကလိုက်လာပြီး ပြည့်တန်ဆာမဖြစ်ခဲ့
ရပြန်သည်။ဆဠဘိညာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာမလောင်ကြီးပင်လျှင်တစ်ချက်မှားသော ၀စီနှုတ်ထွက်စကားကြောင့် ဤမျှဆိုးဝါးသော ပြည့်တန်ဆာမဘ၀သို့ ရောက်ခဲ့ရသည်။
နှုတ်ထွက်ဝစီကြမ်း ဘေးဘျမ်းများသည်ကို သတ်ပြုကြပါလော့။

တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယ၊ ဘီအေ )
( တစ်စက္ကန့်ဒေါသစကား ပေးဆပ်ရသည်ကအလွန်များစာအုပ်မှ )

https://www.facebook.com/photo.php?fbid=516566965107806&set=a.351047714993066.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...