စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွေးချယ်ရာ လမ်းကြောင်းမှာ ယုံကြည်မှု ရှိပါ





အောင်ခမ်း ( Smart.com.mm )

ရွေးချယ်ရာ လမ်းကြောင်းမှာ ယုံကြည်မှုရှိပါလို့ပေးလိုက်တဲ့ ခေါင်းစဉ်က အရမ်းကြီးလွန်းအားကြီးတယ်။ လိုရင်း ကိုတော့ အရှင်းဆုံး ပြောပြ၊ ရှင်းပြ ပါမယ်။ လက်ရှိမှာပေါ့။ အိုင်တီ လုပ်ငန်းရယ်လို့ မဟုတ်ပဲ သက်ဆိုင်ရာ နယ်ပယ် အသီး သီး အသက်မွေး ဝမ်းကျောင်း ပညာရပ်ပေါ် လျှောက်လမ်း လာကြတဲ့ အခါ ယုံကြည်မှု ဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရပါတယ်။ ဘယ်လို ပြဿနာတွေလဲ ဆိုတော့

ငါလုပ်နေတာ ဟုတ်ကော ဟုတ်ရဲ့လား၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား အစရှိသဖြင့် သံသယပေါင်း များစွာပေါ့။

စာရေးသူ သူငယ်ချင်းတစ်ယောက်ဆိုရင် Web design ကိုလေ့လာ တယ်။ နောက်တော့ Web Design ထက် Developing ပညာရပ်က ပိုအလုပ်ရလွယ်၊ ပိုက်ဆံရလွယ်တယ်ဆိုပြီးတော့ PHP Programming ဘက်ကို ရွေးလိုက်တယ်။ နောက်တော့ PHP လုပ်နေရင်းကတော့ မိုဘိုင်း App ဘက်ကို စိတ်ပါလို့ဆိုပြီး PHP လမ်းပေါ် ၁ နှစ်လောက်လျှောက်ပြီး Java ဘက်ကိုရွေးလိုက်တယ်။ နောက်တော့ အားလုံး အနှစ်ချုပ်လိုက်တဲ့အခါ သူ တတ်တဲ့ Programming ပညာရပ်က ဘယ် Language ကိုမှ ကျွမ်းကျွမ်းကျင် ကျင်မဟုတ်တော့ပဲ Generalist တစ်ဦး ဖြစ်လာ ပါတယ်။ Web Design ဆိုလည်း မဆွဲတာကြာတော့ Tool အသုံးပြုမှု အရင်ကလို မမြန်တော့ ပါဘူးတဲ့။ ဒီတော့ သူ အင်တာဗျူးသွားတဲ့အခါ တွေ့ရ တဲ့အခက် အခဲ က ဘယ်ဟာကိုမှ ကောင်းကောင်း မသိတော့ အလုပ်မရပဲ ဖြစ်ရပါတယ်။ အလုပ်ရပြန်တော့လဲ လခ ၁သိန်း ဝန်းကျင်လောက်မှာပဲ သံသရာ လည်ရတဲ့ အထိ ဖြစ်သွားရပါတယ်။

အဲ့ဒီမှာ ပြဿနာ အရင်းအမြစ်ကို သွားတွေ့တယ်။ သူဟာ သူယုံကြည် တဲ့လမ်း ကို သေချာ မလျှောက်လို့ပါပဲ။ Web Design ဆရာကြီးတွေ Template ဆွဲပြီး မီလျံနာ ဖြစ်နေတာကိုလည်း သူအားကျဖူးတယ်။ ဇူကာဘတ်လို PHP သမားကိုလည်း အားကျတယ်။ နောက်တော့ မိုဘိုင်းရေစီးကြောင်း နောက်ကို လိုက်တယ်။ နောက်တော့ သူ့မှာ တွယ်စရာ သစ်ပင်ကောင်းကောင်း မရှိတော့ပဲ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်သွားရပါတယ်။

ဒီတော့ မိမိလျှောက်လမ်းနေတဲ့ လမ်းအပေါ် ယုံကြည်ချက်ထားမှုက အရေးကြီးဆုံး လိုအပ်နေတဲ့ အရာ တစ်ခုပါပဲ။ အိုင်တီ လုပ်ငန်းရယ်ကိုမှ မဆိုလိုပါဘူး။ အခြား ပညာရပ်တွေမှာလည်း ဒီလိုပါပဲ။ ကိုယ်တကယ် လုပ်ချင်၊ တတ်နေတာက ပညာတစ်ခြား။ အဆင်ပြေရာနိုးနိုး တစ်ခုပြီး တစ်ခု ပြောင်းတော့ နောက်ဆုံး ကိုယ်ဟာ ဘယ်အရာကိုမှ Specialize မလုပ်နိုင်တဲ အထွေထွေသမားတစ်ဦး ဖြစ်သွားရပါတော့တယ်။ လုပ်ငန်းတစ်ခုမှ ဘက်စုံတော်သူဆိုတာကလည်း လိုအပ်တယ်ဆိုပေမယ့် သူဘက်စုံတော်တယ်ဆိုတာ တစ်ခုခုမှ Expert Level အထိ သွားထားနိုင်သူများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဟိုမှာလည်း Beginner, ဒီမှာလည်း Beginner ဆိုရင် အားလုံး ပေါင်းလိုက်တဲ့အခါ Beginner အဆင့်ကနေ မတတ်တော့ပါဘူး။ ဒါကို လူငယ်ထု အားလုံး အထူး သတိထားစေချင်ပါတယ်။

ကိုယ်က အသက်ငယ်သေးတယ်ဆိုပေမယ့် ငယ်ဂုဏ်ကိုအကြောင်းပြုပြီး ဟိုခုန်ဒီခုန် ဆက်လုပ်နေသေးရင် အနာဂတ်ဆိုတာ မသေချာတော့ပါဘူး။ ဒီတော့ ကိုယ်ဟာ ခုကတည်းက သေချာ နားခိုမယ့် အပင် တစ်ပင် ကို ရွေးချယ် ရမယ်။

ဒီအတွက် ရေတိုကိုမကြည့်ရ။ ရေရှည်ကိုကြည့်ရပါမယ်။ မြန်မာပြည်မှာ အားလုံး ဖြတ်သန်းဖူးခဲ့သလို ၁ နှစ်၊ ၂ နှစ်အတွင်းကို အိုင်တီ လုပ်ငန်းများက သိသိသာသာကို ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။ အလားတူပါပဲ။ အခြားသော လုပ်ငန်း နယ်ပယ် အသီးသီးကလည်း သူ့ကဏ္ဍနဲ့သူ အရှိန်နဲ့မဟုတ်တောင် သူ့အတိုင်းအတာနဲ့သူ တိုးတက် လာတာကို အားလုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီတော့ အရင်က မဖြစ်နိုင်ပါဘူးလို့ ထင်ထားတဲ့ လုပ်ငန်းတွေ၊ အလုပ်အကိုင်တွေ၊ ရာထူးတွေ၊ လစာတွေလည်း မြင်တွေ့ရတာ အားလုံး မျက်မြင်ပါပဲ။ ဒီတော့ ရေရှည်ကို ကြည့်နိုင်ဖို့ဆိုတာ ပြည့်ဝတဲ့ ဗဟုသုတ ရှိထားဖို့ လိုအပ်ပါတယ်။ ဒီအတွက် စာတွေ များများ ဖတ်ရမယ်။ ပတ်ဝန်းကျင် သတင်းအချက်အလက်ကို အမြဲတမ်း ထိတွေ့နားဆင်ရမယ်။ အခွင့်အလမ်းကောင်းတွေကို အမြဲတမ်း ရှာဖွေဆည်းပူးနေဖို့ လိုအပ် ပါတယ်။ ဒါကြောင့် ကိစ္စတစ်ခု၊ အရာတစ်ခုကို ရည်မှန်းချက် လုပ်ပြီဆိုရင် ရေရှည်အတွက်စဉ်းစားပြီး ယုံကြည်ချက်အပြည်နဲ့ လုပ်ရင် အိပ်မက် ဆိုတာ တကယ်ဖြစ်လာနိုင်ပါကြောင်း ကြိမ်းသေပြောကြားရင် နိဂုံးချုပ်အပ် ပါတယ်။

Smart Pro Journal
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...