စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထမင်းချိုးကို ကပ်လှူသူ။


 
 ရှေးလူဖြစ်စဉ် ဆွေမျိုးပျက်စီး အထီးကျန်သော သူဆင်းရဲမဖြစ်ကာ သူတပါးအိမ်အဖီကို အမှီပြုနေရသူ ဖြစ်ပါလျက် အသျှင်မဟာကဿပအား ထမင်းချိုးကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီးအကြောင်း ဖြစ်၏။

(စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသော သူတစ်ပါးအိမ် အဖီကို မှီ၍ နေရသော မိန်းမသည် . .
ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော အရှင်ဘုရားအား ကြည်ညိုစိတ်ရှိသည်ဖြစ်၍
ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ။
ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရလေသနည်း (ဟု သိကြားမင်းကမေး၏)။

(စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသော သူတစ်ပါးအိမ် အဖီကို မှီ၍ နေရသော မိန်းမသည် . .
ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေကာ ရပ်တည်သော ငါ့အား ကြည်ညိုစိတ်ရှိသည်ဖြစ်၍
ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူး၏။
ထိုမိန်းမသည်လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ်စုတေ
သောအခါ တန်ခိုးကြီးသော နတ်တို့ရှိရာ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော် စံပျော်နေရ၏ဟု (အသျှင်မဟာကဿပ မိန့်တော်မူ၏)။

အသျှင်မဟာကဿပ၌ ကောင်းစွာ တည်စေသော . .
အထီးကျန်သော မိန်းမ၏ အလှူသည် အံ့ဖွယ်ရှိပေစွ။ သူတစ်ပါးတို့အိမ်မှ ဆောင်လာသော ထမင်းချိုးဟူသော လှူဖွယ်ဝတ္ထုဖြင့် ပေးလှူအပ်သော အလှူသည် ပြည့်စုံပေစွတကား။

အချင်းတို့ - အင်္ဂါကြီးငယ် အလုံးစုံကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမ သည်စကြာမင်း၏ မိဖုရားဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိပေ။

ရွှေစင်နိက္ခတစ်သိန်း, မြင်းတစ်သိန်း, အဿထိုရ်မြင်းကသော ရထားတစ်သိန်း, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း (ဤအလုံးစုံတို့သည် လည်း) ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေကုန်။

ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော, စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော, ကြီးစွာသော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော,
ရွှေကကြိုးတပ်အပ်ကုန်သော, ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်
ရှိကုန်သော, မာတင်္ဂမျိုး၌ ဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည်
ဤ သူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေ။

ဤလောက၌ အကြင်သူသည် ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏။ ထိုသူ၏ ထိုစကြာဝတေးမင်း စည်းစိမ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုးအလှူ၏ (အကျိုးကို) တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။

( စိတ္တလတာဝဂ်။ အာစာမဒါယိကာဝိမာနဝတ္ထု )

3 Treasures: Buddha, Dhamma & Sangha


ဒီနေရာမှကူးယူမျှဝေပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...