စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သောကတွေ စိုးရိမ်မှု ပူပန်မှု နည်းအောင် ဘယ်လိုနေသွားကြမလဲ ?



ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အပြောင်းအလဲတွေ အင်မတန် မြန်နေတဲ့ ခေတ်ကြီး မှာ စိတ်တည်ငြိမ်အောင် အေးချမ်းအောင် တစ်နည်းနည်းနဲ့ မလုပ်ဘဲနဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒီဒဏ်ကို ဒီိစိတ်ဟာ ခံနိုင်မှာ မဟုတ်တော့ဘူး ...။

သောကတွေ များလာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာမျိုး ဖြစ်သွားနိုင် တယ် ...။

တစ်နေ့နေ့တော့ ဒီစိတ်ဟာ ချုံးချုံးကျသွားနိုင်တယ် .........

ပြင်ပလောကကြီးကို ကိုယ်လိုချင်သလိုဖြစ်အောင် ပြောင်းလဲယူဖို့ မရနိုင် ပါဘူး ...။

အင်မတန်ကြိုးစားရင် နည်းနည်းလောက်များ ရမလား ......??? မပြောတတ်ဘူး......

သို့သော် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ သတိလေးနဲ့ ဥာဏ်လေးနဲ့ ကြည့် ပြီး ပြုပြင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း စိတ်တည်ငြိမ်မှု စိတ်အေးချမ်းမှု ရင့်ကျက်မှုဟာ ပိုပြီးတော့ ရလာနိုင်မှာ အမှန်ပဲ .........။

အင်မတန်ရှုပ်ထွေးပြီးတော့ ပရမ်းပတာဖြစ်နေတဲ့ ခေတ်ကာလကြီးထဲမှာပဲ စိတ်ကြည်လင်မှု အေးချမ်းမှု ရှိအောင် ဘယ်လို နေသွားကြမလဲ ???

မသေချာတဲ့ မရေရာတဲ့ အလုပ်တွေ လုပ်နေကြရင်းနဲ့ကိုပဲ စိုးရိမ်မှု ပူပန်မှု နည်းအောင် ဘယ်လိုနေသွားကြမလဲ ???

ဒါဟာ နည်းလမ်းရှာမှ ဖြစ်မယ်နော် .........

ကိုယ့်စိတ်ထဲမှာ သောကများနေရင် စာရွက်တစ်ရွက် ယူပြီးတော့ ငါ ဘယ် ကိစ္စတွေနဲ့ သောကများတယ်ဆိုတာကို နံပါတ် ၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁၀ ... ထိုးပြီးတော့ ရေးချကြည့်စမ်းပါ ......

ရေးချပြီးတော့ ပြန်စဉ်းစားကြည့်စမ်းပါ .......

ဒီကိစ္စတွေအတွက်နဲ့ ငါစိတ်ဆင်းရဲနေခဲ့တာ ဘယ်လောက်ကြာပြီလဲ ??? ပူနေတာ ဘယ်လောက်ကြာပြီလဲ ??? ဒီကိစ္စကို အဆင်ပြေအောင် ငါ ဘယ်လိုနည်းနဲ့ လုပ်ရင် ရမလဲ ??? ဘယ်သူနဲ့ တိုင်ပင်ရင်ရမလဲ ??? ဘယ်လိုပြောလိုက်ရင် အဆင်ပြေသွားမလဲ ???

နည်းလမ်းရှာလိုက်ပါ .......

ထပ်ခါတလဲလဲ မပြီးနိုင်အောင် တွေးနေတာက ပိုပြီးတော့ အင်အားကို ကုန်ခန်းသွားစေတယ်နော် ........

နေစဉ်နဲ့အမျှ ဒေါမနဿ လို့ခေါ်တဲ့ မကျေနပ်မှုတွေ တစ်နေ့ကို အကြိမ်ပေါင်း များစွာ ဖြစ်နေမယ်ဆိုရင် ဒီဒေါမနဿကြောင့် ဖြစ်ပေါ်လာတဲ့ ကြမ်းတမ်းတဲ့ ပူလောင်တဲ့ စိတ္တဇရုပ်တွေကြောင့် ခန္ဓာကိုယ် ပျက်စီးမှုနှုန်း ဟာ များလာတယ် ......။

အဲဒါ မကြောက်ဘူးလား ? ကြောက်စရာ မကောင်းဘူးလား ?

သောကဖြစ်စရာတွေရှိနေပေမဲ့ လုပ်သင့်တာတွေကို ဆက်ပြီးလုပ်နိုင်အောင် ဘယ်လို သဘောထားရမယ် .....

ကိုယ့်ရဲ့အင်အားတွေ ကိုယ်ရဲ့ စိတ်တည်ငြိမ်မှုတွေ ကိုယ့်ဘ၀ ရဲ့အဓိပ္ပါယ်တွေ ပျောက်မသွားအောင် ဘယ်လို နေရမယ် စိတ်ဓါတ်မကျဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျမသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ကို လေးလေးနက်နက် သိထားရမယ် .... လေ့လာရမယ် .....။

မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားနိုင် တဲ့သူမှသာ ဘ၀ကို အဆင်ပြေပြေ နေနိုင်မယ် .....။

ဘ၀ဆိုတာ ကိုယ့်ရဲ့ ဥာဏ်ပညာ လုံ့လ၀ီရိယ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိတယ် ဆိုတာကို စမ်းတဲ့ စာမေးပွဲပဲလို့ သဘောထားပြီးတော့ ကိုယ့်အစွမ်းအစတွေကို အမြဲတမ်း မြှင့်တင်ရင်း နေသွားရမယ် ...။

ရှေ့လျှောက် ကိုယ့်ဘ၀ကို အဆင်ပြေပြေ နေသွားချင်တယ်ဆိုရင် စိတ်ငြိမ်း ချမ်းမှုကို မပျက်အောင် ထိန်းပြီးနေနိုင်တဲ့ အရည်အချင်းရှိမှ ဖြစ်မယ် ...။

လိုချင်တာ ရတာ မရတာနဲ့ ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားမှုသိပ်မဖြစ်ပဲ လုပ်စရာရှိတာကို ဆက်လုပ်နိုင်တဲ့သူ စိတ်မပျက်တဲ့သူက ရေရှည်မှာ လိုချင်တာ ပိုရပါတယ် .....။

(ဆရာတော် ဦးဇောတိက - မဟာမြိုင်တောရ)


~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~
By: နှလုံးသား၏ ဓမ္မသံစဉ်


http://www.facebook.com/photo.php?fbid=404973492933821&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...