စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူငယ်၊ သင်္ကြန်၊ အရက်



သင်္ကြန်မှာ အရက်သောက်ခွင့်မပြုသင့်ဘူးလို့ဆိုတဲ့ ကျော်သူ

ဦးကျော်သူ လူငယ်ဘ၀တုန်းက အရက်သောက်ခဲ့ဖူးတယ်လို့ ပြောထားတော့ ဘယ်အရွယ်လောက်မှာ အရက်သောက်ဖြစ်ခဲ့တာပါလဲ။

ကျွန်တော် (၁၀)တန်းဖြေအပြီးမှာ ကျွန်တော့်ဖခင်ရဲ့ရုပ်ရှင်ကုမ္ပဏီနဲ့ အတူ တောင်ကြီးရိုက်ကွင်းကိုလိုက်သွားတယ်။ အဲဒီမှာ ရုပ်ရှင်လောကကပဲ၊ ထမင်းစားတဲ့အချိန်မှာ အဖေတို့နဲ့မစားဘဲ သူတို့နဲ့ စားဖြစ်တယ်။ အဲဒီမှာ မောင်မောင်၊ ဒီဟာလေးသောက်ကြည့်ပါလား။ မသောက်ချင်ပါဘူး။ ဘာကြီးလဲလို့မေးတော့ ထမင်းစားကောင်းတယ်လို့ပြောတယ်။ အဲဒီကနေစပြီး သောက်ဖြစ်ခဲ့တယ်။ တက္ကသိုလ်ရောက်တော့လည်း သူငယ်ချင်းတွေနဲ့ သင်္ကြန်မှာ အရက်သောက်ဖြစ်ခဲ့တယ်။ အဓိကကတော့ အပေါင်းအသင်းကြောင့် ဒီအရက်ကိုသောက်မိတယ်။ အပေါင်းအသင်းကြောင့် မူးယစ်ဆေးဝါးကို သုံးမိတယ်။


 ဒါကို မကောင်းဘူးဆိုတာကိုသိပေမယ့် အဆုံးစွန်အထိ လုပ်မိခဲ့တယ်။ ရုပ်ရှင်လောကထဲကိုရောက်တော့ မသောက်ရမနေနိုင်တွေ ဖြစ်လာတယ်။ အဲဒီတော့ ကိုယ့်အလုပ်မှာ ထိခိုက်မှုတွေဖြစ်လာတယ်။ ကိုယ့်ကြောင့် အခြားလူတွေပါ ထိခိုက်လာတယ်။ နောက်တော့ ပတ်ဝန်းကျင်က လူတွေရဲ့ နှာခေါင်းရှုံ့ခြင်းကို ခံရတယ်။ ကျော်သူလား၊ ဒီအချိန်ဆို မူးနေပြီပေါ့ဆိုပြီး ပြောလာကြတယ်။ အဲဒီလို သင်ခန်းစာတွေရလာတဲ့ အချိန်မှာ သံဃာအရေးအခင်းဖြစ်တော့လည်း ကိုယ့်ဘာသာကိုယ် ဘယ်လောက်ပဲ သံဃာတော်တွေအပေါ် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကြည်ညိုလို့ဆွမ်းကပ်တာကို ဒီကောင် မူးလို့ ကပ်တာပဲလို့ ပြောကြတယ်။
အဲဒီကစပြီး ဆရာတော်တွေရဲ့ ဆုံးမစကားကို နားထောင်ပြီး အရက်ကို မသောက်တော့ဘူး။

အရက်ကြောင့် ဦးကျော်သူရဲ့ဘ၀မှာ ဘယ်လိုထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့ခဲ့ရဖူးပါသလဲ။
ထိခိုက်နစ်နာမှုတွေကတော့ အများကြီးပဲ။ ကိုယ်က ဒီအရက်ကိုပဲ စွဲလမ်းနေတော့ လုပ်ငန်းခွင်မှာ ထိခိုက်တယ်။ မိဘတွေလည်း ကိုယ့်ကြောင့် မျက်နှာပျက်ရတယ်။ ကိုယ့်အိမ်ထောင်ရေးလည်း ကသောင်းကနင်းတွေဖြစ် တယ်။ သေမင်းကမခေါ်သေးလို့ ဒီအလုပ်တွေကို ပြန်လုပ်နိုင်တာ။ 


တစ်ခေါက်ဖြစ်ဖူးတယ်။ ချောင်းသာမှာ အရက်သောက်ပြီး မူးယစ်ဆေးတွေနဲ့ရောသွားတာ လုံးဝမသိဘဲ လဲသွားတယ်။ အဲဒီမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေက ကိုယ့်ကိုကြည့်တော့ နှလုံး ကလည်းမခုန်တော့ဘူး။ လျှာကလည်းခေါက်နေပြီ။ ဒါကို သူတို့သိသလောက် တတ်သလောက်နဲ့ နှလုံးခုန်အောင်လုပ်တယ်။ လျှာကို ဇွန်းနဲ့ကလန့်တယ်။ အဲဒီမှာ ဒွေးက သူ့ကားနဲ့အသက်ကယ်ဆေး လိုက်ရှာပေးတယ်။ ဆေးတွေ့တော့လည်း ဆရာဝန်ကမရှိဘူး။ နာစ်မပဲရှိတယ်။ နာစ်မကပဲ အသက်ကယ်ဆေးထိုးပေးပြီး နာစ့်မကြီးရဲ့ မောင် အားကစားသမားက Mouth to Mouth အသက်ရှူအောင် ပြန်လုပ်ပြီးမှ ဇက်ယာဉ်နဲ့ကူးပြီး ပုသိမ်ဆေးရုံကို သွားတယ်။ 

ပုသိမ်မြို့ပေါ်ရောက်တော့မှ နှလုံးက နည်းနည်းပြန်ခုန်လာ တယ်။ ဒါတွေက သင်ခန်းစာတွေပဲ။ အဲဒီမှာ အောက်စီဂျင်ပေးထားတာ။ မနက်ကျမှ သတိရတယ်။ သတိရတော့ လူတစ်ကိုယ်လုံးမှာ ပိုက်တွေချည်းပဲ။ အောက်စီဂျင်မက်(စ်)က အဲဒီခေတ်တုန်းက ရာဘာနဲ့လုပ်တာ။ ရာဘာနဲ့ကိုယ့်အသားအရေနဲ့ မတည့်တော့
နှာခေါင်းပျက်သွားတယ်။ ဒါတွေက ဘ၀နဲ့ရင်းပြီး မကောင်းဘူးဆိုတာ သိလာရတယ်။

Eternal Light Magazine
April 2013

http://www.facebook.com/photo.php?fbid=399740033457167&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...