စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗိုလ်ချုပ်ဓါတ်ပုံ အသုံးပြုမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်


 
 Thursday, April 11, 2013

နိုင်ငံတစ်နိုင်ငံမှာ အထွဋ်အထိပ်ဟာ နိုင်ငံတော်အလံ ဖြစ်ပါတယ်။ နိုင်ငံတော်အလံကို ဘယ်လို အသုံးပြုရမယ်။ မဆီမလျော် အသုံးပြုရင် ဘယ်လိုအရေးယူရမယ် စတာတွေနဲ့ ပတ်သက်လို့ နိုင်ငံငံတော်အလံ ဥပဒေဆိုတာ ရှိပါတယ်။ တည်ဆဲဥပဒေ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ(၃)ရပ်ကို စောင့်ထိန်းကာကွယ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်အလံဟာ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှုကို ကိုယ်စားပြုပါတယ်။

အလားတူပါပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ရုံးခန်းမှာ သမ္မတအဆက်ဆက် ဓါတ်ပုံတွေ ချိတ်ဆွဲထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို "အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း" ဆိုပြီး နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် နှုတ်က ထုတ်ဖော် ပြောကြား ကမ္ဗည်းရေး ထိုးခိုင်းပြီး သမ္မတတွေကြားထဲ အလယ်ဗဟိုမှာ ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ မှတ်တမ်းဓါတ်ပုံမှာ အဲဒီ ဗိုလ်ချုပ်ဓါတ်ပုံကို တွေ့မြင်နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီနိုင်ငံရဲ့ အထွဋ်အမြတ်ထားရတဲ့ အမျိုးသားခေါင်းဆောင်ကြီးပါ။ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ သင်္ကေတ၊ အမှတ်အသား၊ မိန့်ခွန်းတွေဟာလည်း နိုင်ငံတော်အလံလို ဥပဒေနဲ့ တိတိကျကျ ပြဌာန်းထားခြင်း မရှိသော်လည်းပဲ နိုင်ငံသားတွေ အလိုအလျောက်ခံယူရမယ့် လူမှုပဋိဥာဉ် Social Contract လို့ ပြောနိုင်သလို တစ်နည်းအားဖြင့် အမျိုးသားရေး ပဋိဥာဉ် National Contract တစ်ခု ဖြစ်ပါတယ်။ (ဒါဟာ နှုတ်ကထုတ်ဖော်ပြောကြားဖို့လည်း မလိုအပ်ပါဘူး)

ဗိုလ်ချုပ်ဓါတ်ပုံနဲ့ပတ်သက်လို့ ဖဆပလ(၂)ခြမ်းကွဲတော့ ဖဆပလပိုင် ပစ္စည်းတွေ ခွဲဝေ ယူကြရပါတယ်။ ဖဆပလကို စတင် တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ဓါတ်ပုံကို ဘယ်အဖွဲ့က ယူသင့်သလဲ ဆိုတဲ့အထိ အကြီးအကျယ် အငြင်းပွားခဲ့ ကြဘူးပါတယ်။ ဆိုလိုတာက ဖဆပလကို ခွဲဝေဆက်ခံကြရာမှာ ဗိုလ်ချုပ်ဓါတ်ပုံကို သန့်ရှင်းနဲ့ တည်မြဲ ဘယ်သူရသင့်သလဲ ဆိုတာကို ငြင်းခုံကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်မှုကို ကိုယ်စားပြုပါတယ်။ အမျိုးသားရေးကို ကိုယ်စားပြုပါတယ်။

ဒါဟာ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်နဲ့ နိုင်ငံတော်အလံအပေါ် ထားရှိတဲ့ သဘောထား ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေတယ်၊ ခံယူချက် ကွဲလွဲနေတာတွေ ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ အားလုံး လက်ခံထားပြီး ဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်ရှည်သည်းခံပြီး စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ပေါ်ထွက်လာဖို့ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်လည်း တဖွဖွ ပြောကြားနေတာ တွေ့နိုင်ပါတယ်။

ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ အသွင်ကူးပြောင်းရေးကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ၊ အငြင်းပွားမှုတွေကို We are One Myanmar ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံရေးခန္တီတရားနဲ့ ညှိနှိုင်းဖြေရှင်းသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ လိုက်နာရမယ့် ပဋိဥာဉ်တွေကို ထိပါးခြင်း၊ ဖောက်ဖျက်ခြင်း မပြုလုပ်မိဖို့ အထူးပဲ အရေးကြီးတယ်လို့ ခံယူပါတယ်။

နိုင်ငံသားမှန်ရင် နိုင်ငံသားတိုင်း ထားရှိရမယ့် နိုင်ငံသားစိတ်ဓါတ်၊ နိုင်ငံသားတာဝန်၊ နိုင်ငံသားဝတ္တရားတွေကို အလေးအနက်ခံယူဖို့ လိုအပ်သလို နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ရရှိခံစားနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသားအခွင့်အရေူးဆိုတာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အတိအကျ ပြဌာန်းထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ (အနောက်နိုင်ငံတွေကတော့ အခြေခံလူ့အခွင့်အရေးလို့ ပြောကြပါတယ်) ဖြစ်ပြီးတော့ ဒီအခွင့်အရေးတွေကို တန်းတူရည်တူ ရရှိကြရမှာ ဖြစ်ပါတယ်။

အခွင့်အရေးနဲ့ တာဝန်သိ၊ တာဝန်ကျေပွန်မှုဆိုတာ ဒွန်တွဲနေတာ ဖြစ်တဲ့အတွက် နိုင်ငံသားအခွင့်အရေး ရရှိလိုသူတိုင်းဟာ နိုင်ငံသားတိုင်း စောင့်ထိန်းရမယ့် တာဝန်၊ ကျေပွန်ရမယ့် ဝတ္တရားတွေ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကာလတွေ၊ ပဋိပက္ခအလွန်ကာလတွေမှာ သတိထားကြဖို့ လိုပါတယ်။

ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံသားဖြစ်တည်မှုကို အလေးအမြတ်ထားတယ် ဆိုရင် နိုင်ငံသားတိုင်း စောင့်ထိန်းရမယ့် နိုင်ငံသားစိတ်ဓါတ် ရှိဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် နိုင်ငံသားမှန်ရင် နိုင်ငံသား စိတ်ဓါတ်ရှိဖို့ပဲ အရေးကြီးပါတယ်။ ဒီလောက်ပဲ ပြောပါရစေ။


မှူးဇော် Facebook မှ

http://www.facebook.com/photo.php?fbid=402777063153464&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...