စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အကင်တွေက ကင်ဆာဖြစ်စေနိုင်သလား


အကင်တွေက တကယ်ကို အရသာရှိလှပါတယ်။ အရသာရှိသလောက် ကျန်းမာရေးကိုလည်း အန္တရာယ် ဖြစ်စေပါတယ်။ အနီရောင်ရှိတဲ့ အသားတွေ၊ ကြက်၊ ငှက်တွေနဲ့ ငါးတွေကို ကင်လိုက်တဲ့အခါ ထွက်လာတဲ့ ဓာတ်ပေါင်းပစ္စည်း Heterocyclic Amines ဟာ ကင်ဆာဖြစ်စေတဲ့ Carcinogen ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသားတွေကို မီးသွေးပေါ်တင်ကာ ကင်တဲ့အခါထွက်လာတဲ့ Polycyclic Aramatic hydrocarbon ဆိုတဲ့ ဓာတ်တစ်မျိုးဟာလည်း ကင်ဆာကို ဖြစ်စေပါတယ်။ ဒီဓာတ်နှစ်မျိုးစလုံးက
ကျန်းမာရေးအတွက် မကောင်းပါဘူး။ ပထမတစ်မျိုးဖြစ်တဲ့ Heterocyclic Amines က အသားမှာပါရှိတဲ့ Creatinine အမိုနိုအက်စစ်တွေက မြင့်မားတဲ့ အပူချိန်မှာ ပြိုကွဲပြီး ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ အသား၊ ငါးတွေကို ကင်တဲ့အခါ၊ ဖုတ်တဲ့အခါမှာ ထွက်ရှိလာတတ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ အသားတွေကို ကင်ရာမှာ မီးသွေးပူတွေအပေါ် အဆီတွေကျလို့ ထွက်ရှိလာတဲ့ မီးခိုးတွေဟပ်တာကြောင့် ကင်တဲ့အသားထဲက ထွက်ရှိလာတဲ့ ဓာတ်ပဲဖြစ်ပါတယ်။ လေ့လာချက်တွေအရ အကင်တွေအစားများတဲ့ သူတွေမှာ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာစတဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေ မြင့်မားတာကို တွေ့ရပါတယ်။ ဒီကင်ဆာတွေဖြစ်စေတဲ့ တခြားအချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ အသက်အရွယ် အိုမင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အကင်တွေက ကျန်းမာရေးအတွက် မကောင်းပေမယ့် အရသာ ကောင်းလွန်းလှတာကြောင့် လုံးဝရှောင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အကင်ကင်နည်းကို ဝေမျှပေးလိုက်ပါတယ်။ American Institute for Cancer Research ရဲ့ အကြံပြုချက်တွေပါ။

Polycyclic Aromatic Hydrocarbon တွေဟာ မီးသွေးပူတွေပေါ် အသားရဲ့အဆီတွေကျလို့ ထွက်ရှိလာတဲ့ မီးခိုးကြောင့် ဖြစ်ပေါ်လာရတဲ့ ဓာတ်တွေပါ။ ဒါကြောင့် မီးသွေးမသုံးဘဲ ဂက်စ်နဲ့ကင်ရတဲ့ အကင်စက်မှာသာ ကင်ပေးပါ။ ဒီဓာတ်နှစ်မျိုးစလုံးဟာ အသားတွေကို အပူရှိန်ပြင်းပြင်းနဲ့ ကင်ရာမှာ ထွက်ရှိလာတတ်ပါတယ်။ အကင်စက်မှာ အပူရှိန်ပြင်းပြင်းနဲ့ မကင်ရလေအောင် အသားတွေကို မကင်ခင်မှာ မိုက်ကရိုဝေ့ဖ် မီးဖိုထဲထည့်ပြီး အပူပေးထားသင့်ပါတယ်။ အကင်ကင်ရာမှာ စပ်ထားတဲ့အချဉ်ရည် သုတ်ပေးခြင်းကလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချဉ်ရည်တွေက အသားတွေ မီးမကျွမ်းအောင် ကာကွယ်ပေးလို့ပါ။ အချဉ်ရည် စပ်ရာမှာ အရသာခပ်စပ်စပ် ဒါမှမဟုတ် ရှလကာရည်တို့ သံပရာရည်တို့လို အက်စစ်အခြေခံတဲ့ အချဉ်အရသာ များများစပ်ပေးသင့်ပါတယ်။

အသားကိုသုတ်တဲ့ အချဉ်ရည် သိပ်ပြီးရွှဲနေရင်လည်း မီးတောက် ပိုပြင်းလာတတ်တာကြောင့် အနေတော်သာ သုတ်ပေးသင့်ပါတယ်။ အသားတစ်ပေါင်ကို အချဉ်ရည်ခွက် တစ်ဝက်စာလောက်သာ သုတ်ပေးသင့်ပါတယ်။ အသားတွေမှာ အဆီနည်းပြီး အသားကျစ်တာကို ရွေးပါ။ ဒါမှ မီးတောက်ထဲ အဆီတွေမကျမှာပါ။ ကြက်သားကက်တလိပ်၊ ပုစွန်၊ ငါးနဲ့ အသားပြားတွေကို ရွေးပါ။ နံရိုး၊ ဝက်အူချောင်းနဲ့ အသားချောင်းတွေကိုတော့ မရွေးချယ်ပါနဲ့။ အဆီတွေ များလွန်းတာကြောင့်ပါ။ အသားတုံးတွေ လှီးရာမှာ ခပ်သေးသေးသာလှီးပါ။ ဒါမှ ကင်တဲ့အခါ မြန်မြန်ကျက်လွယ်မှာဖြစ်ပြီး အပူနဲ့ကြာကြာထိတွေ့မှာ မဟုတ်တော့ပါဘူး။ ကင်တဲ့အခါ စပရေးဘူးထဲ ရေထည့်ပြီး အနားမှာဆောင်ထားပါ။ မီးထတောက်တဲ့အခါ ရေနဲ့ဖြန်းပေးနိုင်အောင်လို့ပါ။ ပြီးတော့ အသား၊ ငါးတွေကို မီးဖိုပေါ် တိုက်ရိုက်မတင်ဘဲ အပေါက်တွေပါတဲ့ အလူမီနီယမ်အလွှာတွေနဲ့အတူ မီးခံသံပြားတွေပေါ် တင်ကင်ပါ။

အသားတွေကို မီးခိုး၊ မီးတောက်တွေကနေ ကာကွယ်ပေးသလို မီးတောက်တွေ၊ မီးသွေးတွေပေါ် အဆီတွေ မကျအောင်လည်း ကာကွယ်ပေးပါတယ်။ အကင်တွေစားရာမှာ တူးနေတဲ့ နေရာတွေကို မစားပါနဲ့။ တူးနေတာတွေကို ခြစ်လိုက်ပါ။ ဒီအတူးတွေက ကျန်းမာရေးအတွက် အန္တရာယ်အရှိဆုံး အရာတွေပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကင်စားနိုင်ပါတယ်။ အသားကင်ထဲမှာပါတဲ့ ဓာတ်တွေကသာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတာပါ။ ဟင်းသီးဟင်းရွက်တွေကိုတော့ စိတ်ချလက်ချ စားနိုင်ပါတယ်။ အတူးတွေကိုတာ့ မစားမိပါစေနဲ့ပေါ့နော်။ အကင်တွေစားတဲ့အခါ သံပရာရည်ကဲ့သို့ အချဉ်ရည်တစ်ခုခု တွဲသောက်သင့်ပါတယ်။ ဒါမှမဟုတ် သံပရာသီး၊ ရှောက်သီးညှစ်ပြီး စားသင့်ပါတယ်။ အချဉ်မှာပါတဲ့ အက်စစ်ဓာတ်တွေက အကင်ရဲ့ အန္တရာယ်တွေကို လျှော့ချပေးတာကြောင့်ပါ။


Nightboy Blog

http://www.facebook.com/photo.php?fbid=400101983420972&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...