စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရှုံးမရှိသော ဒဿန



ဘာသာဝင်အားလုံးအတွက် အရှုံးမရှိသော ဒဿနတစ်ခုကို ပေးချင်၏ ...။

သံသရာတစ်လျှောက်လုံးနှင့် ပတ်သက်သော ဘာသာရေးကိစ္စတွင် ကံစမ်း မဲ နှိုက်သလို ပစ္စည်းတစ်မျိုးမျိုးပေါက်ချင်ပေါက်၊မပေါက်ချင် ဗလာဟု ပေါ့ပေါ့ တန်တန်သဘော မထားသင့်ချေ။ကံစမ်းမဲမှာ ဗလာဖြစ်သွား၍ မိမိအတွက် ဘာမှ မထိခိုက်သော်လည်း ဘာသာရေးမှာ ဗလာဖြစ်သွားလျှင်ကား မိမိ အတွက် တစ်သံသရာလုံး နစ်မွန်းရမည် ဖြစ်၏ ...။

ကျွန်ုပ်တို့ ဂေါတမမြတ်စွာဘုရားကား ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပင် ပြောကြား၏ ...။

သတ္တ၀ါတွေကို ကောင်းတဲ့နေရာ ရောက်အောင် ငါဘုရား မကယ်တင်နိုင်၊ ငါဘုရားသည် လမ်းမှန်ကို ညွှန်ပြရုံသာရှိသည် ........

ယာဒိသံဝပ္ပ တေဗီဇံ
တာဒိသံ ဟရတေဖလံ
ကလျာဏကာရီကလျာဏံ
ပါပကာရီစ ပါပကံ ...။

ချိုသောမျိုးစေ့ကို စိုက်ပျိုးလျှင် ချိုသောအသီးကို ဆောင်ရမည်(စားရမည်)။
ခါသောမျိုးစေ့ကို စိုက်ပျိုးလျှင် ခါးသောအသီးကို ဆောင်ရမည်(စားရမည်)။

ထို့အတူ -

ကောင်းသောအမှုကို ပြုလုပ်လေ့ရှိသော သူသည် ကောင်းသောအကျိုးကို ခံစားရမည် ...။
မကောင်းသောအမှုကို ပြုလုပ်လေ့ရှိသော သူသည် မကောင်းသောအကျိုးကို ခံစားရမည် ...။

ဤကား -ဗုဒ္ဓ၏ ပွင့်လင်းပြတ်သားသော ဟောကြားချက်ဖြစ်၏ ...။

ဗုဒ္ဓ၏ ဟောကြားချက်ကား လိုက်နာသူအတွက် အရှုံးမရှိသောဒဿနတစ်ခု ပင်ဖြစ်၏ ...။

ဒါန၊သီလ၊ဘာဝနာ ဟူသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ထားသူသည် တမလွန်ဘ၀သို့ ရောက်သောအခါတွင် ကယ်ဆယ်သောဘုရားတကယ် ရှိသည်ဆိုလျှင်လည်း ကောင်းတာများကို ပြုလုပ်ထားသူဖြစ်သောကြောင့် ရှေ့ဆုံးက အကယ်ဆယ်ခံရမည်သာ ဖြစ်၏ ...။

ကယ်ဆယ်သောဘုရား မရှိဘူးဆိုပါကလည်း မိမိပြုထားသော ကုသိုလ်ကောင်းမှုများက မိမိကိုပြန်လည် စောင့်ရှောက်မည်ဖြစ်သောကြောင့် အားငယ်စရာမရှိပေ ...။

နောင်တမလွန်ဘ၀ကျမှ ကယ်ဆယ်မည့်ဘုရားကို အားကိုးပြီး ကုသိုလ်ကောင်းမှု မပြုလုပ်ခဲ့သောသူသည် တမလွန်ဘ၀ရောက်လျှင် မိမိယူဆခဲ့သလို ဘုရားရှင်က လာမကယ်လျှင်ကား မိမိသာနစ်မွန်းတော့ မည်ဖြစ်၏ ...။

သေပြီးနောက်မှ မိမိဘာသာနှင့်ဆိုင်ရာ ဘုရားက ကယ်ဆယ်မည်ဆိုသည်မှာ မသေချာမရေရာသောနည်းလမ်းသာ ဖြစ်၏ ...။

ကမ္ဘာပေါ်ရှိ လူဦးရေသန်းပေါင်းခြောက်ထောင်ကျော်တွင် သေပြီးနောက်မှ ဘုရားက ကယ်တင်မှုကို လက်တွေ့ကြုံဖူးသူ တစ်ယောက်မှ မရှိချေ ...။စာတွေ့ဖြင့်သော လည်ကောင်း၊တစ်ဆင့်ကြားဖြင့်သော် လည်းကောင်း၊ ဟောပြောနေကြရခြင်းဖြစ်သည် ...။

ထိုဟောပြောနေသူများ ကိုယ်တိုင်လည်း ဘုရားက ကယ်/မကယ် ဆိုသည် ကို သေပြီးနောက်မှ သေချာပေါက်သိကြမည် ဖြစ်၏...။

ထိုကြောင့် ဒါန၊သီလ၊ဘာဝနာဟူသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်မ ထားလျှင် သေသောအခါ ဘုရားကကယ်လျှင် တော်ပါသေး၏ ...။မကယ်လျှင်ကား မိမိသာ ဒုက္ခရောက်ရမည် ဖြစ်၏ ...။

ဒါန၊သီလ၊ဘာဝနာဟူသော ကုသိုလ်တရားများကို ပြုလုပ်ထားလျှင်ကား ဘုရားက ကယ်တင်လျှင်လည်း သူတော်ကောင်းတရားများကို ပြုလုပ်ထား သူဖြစ်၍ တခြားသူများထက်ပို၍ ကယ်တင်ခြင်းကို ခံယူရမည်ဖြစ်၏...။

ဘုရားက ကယ်တင်မှုမပြုလျှင်လည်း မိမိပြုထားသော ကုသိုလ်ကောင်းမှုများ က မိမိကိုကယ်တင်စောင့်ရှောက်မည် ဖြစ်၏ ...။

ထိုကြောင့် မိမိအတွက် အရှုံးမရှိသောနည်းလမ်းကား ဒါန သီလ ဘာဝနာ ဟူသော ကုသိုလ်တရားများကို ကြိုတင်ပြုလုပ်ထားခြင်းပင် ဖြစ်၏ ...။


***ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်-ရွေပြည်သာ) ၏ တကယ်ဗုဒ္ဓ ဘာသာ နှင့် သစ္စာလေးပါးတရားတော် စာအုပ်မှ ကောက်နုတ်ဖော်ပြ ပါသည်။***

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~


ဒီနေရာမှ ကူယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...