စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"ပြည့်တန်ဆာမနှင့် ၀ိပဿနာ"



လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က တကယ်ဖြစ်ခဲ့တဲ့ ဇတ်လေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။

         ကာလအနေနဲ့ပြောရင် မြတ်စွာဘုရား ပွင့်တော်မူနေတဲ့ကာလပါ။ ပြည်က ဝေသာလီပြည်မှာပါ။ အဲဒီကာလ အဲဒီဝေသာလီ ပြည်မှာပဲ မ၀ိမလာလို့ အမည်ရတဲ့ အမျိုးသမီးလေး တစ်ယောက် ရှိခဲ့ဖူးပါတယ်။ ၀ိမလာရဲ့ အဓိပ္ပါယ်က အညစ်အကြေးအကြေး ကင်းစင်သူ၊ သန့်ရှင်းစင်ကြယ်သူပါ။ ဒါက တင်စားတဲ့ ရုဠီနာမည်ပါ။ တကယ့်အရှိ အနွတ္တအမည်မဟုတ်ပါဘူး။

        ၀ိမလာဟာ ဝေသာလီပြည်မှာ အလှဆုံးစာရင်းဝင်တစ်ယောက်ပါ။ သူရဲ့ထူးခြားချက်ကတော့ အမေဖြစ်သူက ပြည့်တန်ဆာမ တစ်ယောက်ဖြစ်တဲ့ အတွက် သူလည်း အရွယ်ရောက်လာတဲ့အခါ မိခင်ရဲ့အလုပ်ကို ဆပ်လုပ်ရပါတယ်။

         ဝေသာလီပြည်သားတွေရဲ့ ပါးစပ်ဖျားမှာလည်း ”၀ိမလာ ၀ိမလာ” ဆိုပြီး ရေပန်းစားနေပါတယ်။ ၀ိမလာရဲ့ဆီကို သူဌေးသူကြွယ်တွေလောက်ပဲ သွားနိုင်ပါတယ်။ ကျန်တဲ့ သာမန်လူတွေတော့ မသွားနိုင်ပါဘူး။ ၀ိမလာ ကိုယ်တိုင်ကလည်း သူ့ရဲ့အလှ သူရဲ့အောင်မြင်ကျော်ကြားမှုအပေါ် သိပ်ပြီး ဂုဏ်ယူပါတယ်။

        ဒီလိုနဲ့ တစ်နေ့မှာတော့ အရှင်မဟာမောဂ္ဂလာန်ဟာ ဝေသာလီပြည်ထဲကို ဆွမ်းခံကြွလာပါတယ်။ ကြွလာရင်း ၀ိမလာရဲ့ အိမ်ရှေ့ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ၀ိမလာက အိမ်ထဲကနေ အပြင်ကို ထွက်အကြည့်နဲ့ ဆုံသွားပါတယ်။ ၀ိမလာက အရှင်မဟာမောဂ္ဂလာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ရင်ခုန်သွားပါသတဲ့။ ပြီးတော့ ချစ်တဲ့စိတ်လည်း ဖြစ်သွားပါသတဲ့။

         တစ်စုံတစ်ယောက်ကိုချစ်မိရင် အဲဒီသူဆီက အချစ်ကိုလည်း ပြန်လိုချင်တာ ဓမ္မတာပါ။ ၀ိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီက အချစ်ကိုရဖို့အတွက် အပြင်းအထန် စဉ်းစားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ သူရဲ့ထူးခြားတဲ့အလှကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် အိမ်မှာရှိတဲ့ အ၀တ်တွေထဲက ကောင်းပေ့ဆိုတဲ့ အ၀တ်တစ်စုံကို ထုတ်ဝတ်လိုက်ပါတယ်။ တန်ဖိုးအကြီးဆုံး လက်ကောက်တို့၊ ဆွဲကြိုးတို့ကိုလည်း ၀တ်ဆင် လိုက်ပါတယ်။ အကောင်းဆုံး နံ့သာဆီတွေကိုလည်း လိမ်းလိုက်ပါတယ်။ အရင်ပြင်နေကျနေ့တွေထက် ပိုပြင်လိုက်ပါတယ်။ ပြီးတော့ ကိုယ်လုံးပေါ် မှန်ရှေ့ကို ရပ်လိုက်ပါတယ်။ မှန်ထဲကြည့်ပြီး သူရဲ့အလှနဲ့ သူရဲ့ပြင်ဆင်ခြယ်သထားမှုအပေါ်လည်း စိတ်ချသွားပါတယ်။

        စိတ်တိုင်းကျပြင်ပြီးပြီိဆိုမှ အဖော်သီးခြားမခေါ်တော့ဘဲ အရှင်မဟာမောဂ္ဂလာန်ရှိရာကျောင်းကို တစ်ယောက်တည်းပဲ ထွက်ခဲ့ပါတယ်။ အရှင်မဟာ မောဂ္ဂလာန်ဆီရောက်တော့ ရှိခိုးဦးချလိုက်ပါတယ်။ အရှင်မဟာမောဂ္ဂလာန်ကို အနီးကပ်တွေ့လိုက်ရတော့ ရင်က ပိုပြီးခုန်သွားပြန်ပါတယ်။

ပြီးတော့ အရှင်မဟာမောဂ္ဂလာန်ကို သံယောဇဉ်ရှိတဲ့အကြောင်း နှုတ်ကဖွင့်ပြောလို့မ၇တဲ့အတွက် အမူအယာလေးနဲ့ ပြပါတယ်။ အရှင်မဟာ မောဂ္ဂလန်ကတော့ ၀ိမလာရဲ့စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒီတော့ အရှင်မဟာမောဂ္ဂလာန်က အလှကိုမှီပြီး အလှနဲ့ဆွယ်နေတဲ့ ၀ိမလာကို အလှရဲ့ဆန်ကျင့်ဘက်ဖြစ်တဲ့ အသုဘတရားကို ဟောပါတယ်။

"နှမ ၀ိမလာ သင်ရဲ့ခန္ဓာကိုယ်ဟာ စက်ဆုပ်ရွံရှာဖွယ် တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ အပုပ်နံ့တွေနဲ့လည်း နံစော်နေတယ်။ သူတစ်ပါးရဲ့ ခန္ဓာကိုယ်ဟာလည်း ဒီအတိုင်းပဲ။ သင့်နှမဟာ စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခန္ဓာကိုယ် အချင်းချင်း တပ်မက်နေတယ်"

အရှင်မဟာမောဂ္ဂလာန်က ၀ိမလာရဲ့နှလုံးသားထဲအထိ ရောက်သွားအောင် ၀ိမလာသဘောပေါက်သွားအောင် အသုဘတရားကို အကျယ်ဟောပြပါတယ်။ အရှင်မဟာမောဂ္ဂလာန်က ဂါထာတွေအများကြီးနဲ့ဟောပြတာပါ။ ဒီမှာတော့ တစ်ပုဒ်ပဲ ရေးပြလိုက်ပါတယ်။

အတိတ်အတိတ်ဘ၀တွေက ပါရမီပါလာခဲ့သူလည်းဖြစ်၊ ဟောနေတဲ့သူကလည်း အရှင်မဟာမောဂ္ဂလာန်ဖြစ်ဆိုတော့ ချက်ချင်း အသိမှန်ကို ရသွားပါတယ်။ တရားထူးတော့ မရသေးပါဘူး။ ဒါကြောင့် ၀ိမလာက ” အရှင်ဘုရား တပည့်တော်မကို ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်တဲ့ ဥပါသိကာမအဖြစ် အသိအမှတ်ပြုပါဘုရား” လို့ လျှောက်လိုက်ပါတယ်။

ဝိမလာဟာ အိမ်ရောက်တော့ အရှင်မဟာမောဂ္ဂလာန် ဟောခဲ့တဲ့တရား၊ ဟောလိုက်တဲ့တရားက ခေါင်းထဲက မထွက်တော့ပါဘူး။ ဒါကြောင့် နဖူးပေါ် လက်တင်ပြီး စဉ်းစားပါတယ်။

” လူ့ဘ၀ကို ရရှိဖို့ရာလည်း သိပ်ပြီးခဲယဉ်းတယ်၊ အသက်ရှင်နေဖို့လည်း ခဲယဉ်းတယ်၊ တရားတော်ကို နားကြားခွင့် ရဖို့လည်း ခဲယဉ်းတယ်၊ မြတ်စွာဘုရား သာသနာနဲ့ တွေ့ကြုံဖို့လည်း ခဲယဉ်းတယ်။ ငါဟာ ရခဲတဲ့ခဲယဉ်းတဲံ တရားလေးပါးကို ရနေတယ်။ ရခဲခြင်းတရားလေးပါးကို ရနေခိုက်မှာ အရှင်မဟာမောဂ္ဂလာန် မျှော်လင့်တဲ့ ရစေချင်တဲ့ အရဟတ္တဖိုလ်ကို ရအောင်ရှာမှပဲ”

ဝိမလာဟာ အဲဒီလိုစဉ်းစားပြီး သူရဲ့လုပ်နေကျ ပြည့်တန်ဆာအလုပ်ကို ရပ်ပစ်လိုက်ပါတယ်။ သူ့ဆီလာနေကျ ပုဂ္ဂိုလ်တွေကတော့ တောက်တခေါက်ခေါက်နဲ့ပေါ့။

ဝိမလာကတော့ ဂရုမစိုက်ပါဘူး။ ပြီးတော့ ” ငါ ဒီအတိုင်း ထိုင်နေလို့တော့ အရဟတ္တဖိုလ်က သူ့အလိုလို ငါ့ဆီ ရောက်လာမှာမဟုတ်ဘူး။ တရားအားထုတ်မှပဲ။ တရားအားထုတ်တဲ့နေရာမှာလည်း ငါ့မှာ လောကီအတွက် ဘာမှငဲ့စရာမရှိတော့ ဘိက္ခူနီဝတ်ပြီး တရားအားထုတ်တာက အကောင်းဆုံးပဲ” ဆိုပြီး ဘိက္ခုနီမ ၀တ်လိုက်ပါတယ်။ ဆိတ်ငြိမ်တဲ့နေရာတစ်ခုမှာသွားပြီး တရားအားထုတ်လိုက်တာ အရဟတ္တဖိုလ် ရသွားပါတော့တယ်။ ဒီတော့ တကယ့်ကိလေသာအညစ်အကြေး ကင်းစင်သူ ၀ိမလာ ဖြစ်သွားတော့တာပါ။

ဝိမလာဟာ အရှင်မဟာမောဂ္ဂလာန်ဆီကို သွားတုန်းက ရာဂစိတ်နဲ့ သွားခဲ့တာပါ။ သာမန်အားဖြင့်တွေးရင် ရာဂစိတ် တဏှာစိတ်ကလည်းပြင်းထန်၊ လုပ်တဲ့အလုပ်ကလည်း ပြည့်တန်ဆာအလုပ်ဆိုတော့ ဘယ်လိုမှ တရားထူး တရားမြတ်ရနိုင်စရာ အကြောင်းမရှီပါဘူး။

★ဒါပေမယ့် လူဟာ ပစ္စုပ္ပန်တည့်တည့်မှာ ကိုယ်ဖြစ်နေတဲ့ စိတ်နဲ့ ရုပ်ကို တည့်တည့် ဥာဏ်နဲ့ စိုက်ကြည့်လိုက်နိုင်ဖို့ပါပဲ။

★ဥာဏ်နဲ့တည့်တည့် စိုက်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် လက်ရှိရပ်တည်နေတဲ့ ရပ်တည်ချက်ရဲ့ အမှန်အမှားကို သိခွင့်ရသွားတတ်ပါတယ်။

★လူဟာ ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်းသိသွားဖို့ပဲ အရေးကြီးပါတယ်။ ပုထုဇဉ်ပီပီ ဘယ်သူမှ အပြစ်မကင်းကြပါဘူး။

အပြစ်ဆိုလို့ ဆရာနန္ဒာသိန်းဇံရဲ့ ” မနက်ဖြန်ကို ဖြတ်သန်းနေသော စိတ်ကူးများ” စာအုပ်ထဲက ပုံဝတ္တုလေးတစ်ပုဒ်ကို သွားသတိရပါတယ်။ အဲဒီပုံဝတ္တုလေးထဲကို ခပ်ကျဉ်းကျဉ်းလောက် ပြန်ပြောပြရအောင်ပါ။

တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအ၀င် လူတစ်စုဟာ ဂျီးဇက် ( Jesus Christ) ဆီကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်။ အဲဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတာပါ။ ဂျီးဇက်ဆီကိုရောက်တဲ့အခါကျတော့ အဲဒီဘာသာရေးပုဂ္ဂိုလ်တွေက ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်အပြစ်ပေးရမယ်လို့ မောရှေ(MOSES) က အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ” လို့ ဂျီးဇက်ကို ၀ိုင်းမေးကြပါတယ်။

ဂျီးဇက်ဟာ သူတို့ကို မော့မကြည်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာစာရေးနေပါတယ်တဲ့။ ဂျီးဇက်ဆီက အဖြေစကားကို မရမချင်း ဒီလူတွေက မေးနေကြပါတယ်။ ဒီတော့ ဂျီးဇက်က သူတို့ကို မော့ကြည့်ပြီးတော့ ”သင်တို့အထဲက ကိုယ့်ကိုယ်ကိုယ် အပြစ်ကင်းတယ်ဆိုတဲ့သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက်လို့” ပြောလိုက်ပါတယ်။ ဂျီးဇက်စကားကြားလိုက်တော့ ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲံ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက်လိုက်ပြီး ထွက်သွားကြလိုက်တာ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူးတဲ့။

သူတို့အားလုံးပြန်သွားမှ ဂျီးဇက်က ပြည့်တန်ဆာမကို နောက်ထပ်အပြစ်တွေ မကောင်းမှုတွေ မလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာ သွားဖို့ ခွင့်ပြုလိုက်ပါတယ်။

သူတစ်ပါးအပြစ်အကြောင်း စဉ်းစားမိတိုင်း ဆရာနန္ဒာသိန်းဇံပြောပြတဲ့ ပုံဝတ္တုလေးကို သတိရမြဲပါ။ ဒီပုံဝတ္တုလေးက ဂျာနယ်မှာပါလာကတည်းက စွဲခဲ့တဲ့ပုံဝတ္တုလေးပါ။

ဟိုတလောလေးကပဲ သတင်းတစ်ခုရောက်လာပါတယ်။

"မ၀ိမလာတို့လို အမျိုးသမီးတွေကို အမှတ်-၁၈၊ နတ်မောက်လမ်းသွယ်(၁) ဗဟန်းမှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုပြင်စောင့်ရှောက်ပေးထားတယ်တဲ့။ ဆွမ်းဒါနပြုမယ်ဆိုရင်လည်း တစ်နေ့တာလုံးမှ လေးသောင်းပဲကျပါတယ်တဲ့။ ကိုယ်နိုင်ရာ အရုဏ်ပဲဖြစ်ဖြစ် ၊ နေ့လယ်ဆွမ်းပဲဖြစ်ဖြစ် ခွဲကျွေးရင်လည်း ရပါတယ်တဲ့။

သူတို့လေးတွေဟာ တကယ့်ပထမအရွယ်လေးတွေပါ။ ဒီပထမအရွယ်လေးတွေမှာ ဘ၀လမ်းကြောင်းမှားနေတာဟာ သိတဲ့လူတိုင်းမှာတာဝန် ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သံသရာမှာ ဆွေမျိုးမတော်ခဲ့သူဆိုတာ ရှိကိုမရှိပါဘူး။ အမေပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ နောက်ဆုံးဇနီးမယားပဲဖြစ်ဖြစ် တော်ခဲ့ကြမှာပါ။

★ ယောဆရာတော်ဘုရား မကြာခဏဟောသလို "ဘ၀တွေဝေးသွားလို့ တစိမ်းတွေ" ဖြစ်သွားကြတာပါ။ အားလုံးဟာ ဆွေမျိုးတွေချည်းပါပဲ။ သံသရာတစ်ကွေ့မှာ ဆွေမျိုးတော်ခဲ့ရင် သူတို့ရဲ့ကျေးဇူးလေးတွေ ရှိခဲ့မှာပါ။ အဲဒီကျေးဇူးလေးတွေကို အာရုံပြုပြီး ကိုယ်က သူတို့ကို ကူညီလို့ရတဲ့ အနေအထားနဲ့ ကူညီပေးဖို့ပါ။★

တကယ်တော့ သူတို့ဟာ ဖြစ်ချင်လို့ဖြစ်သွားရတာမဟုတ်ပါဘူး။ နောက်ကွယ်မှာ အကြောင်းအမျိုးမျိုးရှိနေကြမှာပါ။ ပြီးတော့ လူတွေရဲ့ အကြင်နာကိုမရတော့ စိတ်ဓါတ်ရေးရာအရလည်း သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူဘဲ ဖြစ်နေတတ်ပါတယ်။ ဒီတော့ တစ်ဖက်သားကို ကြည့်တဲ့အခါ "မယုံတဲ့စိတ်၊ သံသယဖြစ်တဲ့စိတ်၊ နာကြည်းတဲ့စိတ်၊ အလိုမကျတဲ့စိတ်တွေ"ကလည်း လွှမ်းမိုးနေမှာပါ။

စိတ်ကြောင့်ဖြစ်ရတဲ့ ဒဏ်ရာကို စိိတ်ကို အခြေခံပြီး ရှုရတဲ့ ၀ိပဿနာနဲ့ ကုလိုက်တာဟာ အထိရောက်ဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ဒါက တရားသဘော ဓမ္မရှုထောင့်ကပြောတာပါ။

ဌာနက ပြုစုစောင့်ရှောက်နည်းတွေနဲ့လည်း ပြုစုစောင့်ရှောက်ပေါ့လေ။ တစ်ဖက်က ၀ိပဿနာလေးပါ တွဲသွားနိုင်ရင် အကောင်းပါပဲ။

သတင်းကြားကတည်းက စိတ်ထဲမှာ တေးထားလိုက်တာပေါ့လေ။ ဆွမ်းလည်းကျွေးရင်းပေါ့လေ။ ပြီးတော့ တရားလည်း ဟောချင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၀ိပဿနာတရား အဓိကထား ဟောခဲ့ချင်ပါတယ်။ ထိုင်မှတ် မှတ်တဲ့အခါ ဘယ်လိုမှတ်ရတယ်။ စင်္ကြန်ကြွတဲ့အခါ ဘယ်လို ကြွရတယ်၊ အိပ်ရာထတဲ့အခါ ၊ မျက်နှာသစ်တဲ့အခါ၊ ထမင်းစားတဲ့အခါ၊ အောက်ထစ်ဆုံး ကျင်ကြီးကျင်ငယ် စွန်တဲ့အခါ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုမှတ်ရတယ်ဆိုတာ ဟောပြပေးခဲ့ချင်တာပါ။

ဒီလိုအနေအထားရောက်နေတဲ့သူတင် မဟုတ်ပါဘူး။ ဘယ်လိုအနေအထားပဲရောက်နေရောက်နေ စိတ်ဓါတ်ရေးရာအရ ပြုပြင်ယူရတဲ့အခါ ပိပဿနာနဲ့ ပြုပြင်ယူတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ။ ၀ိပဿနာအားထုတ်ရင်းနဲ့ ဥာဏ်စဉ်လေးတွေ ၀င်ဝင်လာပါ့လိမ့်မယ်။

အားထုတ်ခါစမှာတော့ ချက်ချင်းဝင်လာဦးမှာ မဟုတ်ဘူး။ ရက်ကလေးရလာတာနဲ့ ၀င်လာမှာပါ။ ရုပ်နဲ့ နာမ် ခွဲခြားပြီး သိသွားတာ၊ အကြောင်းနဲ့ အကျိုးကို ခွဲခြားသိသွားတာ၊ မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော အစိုးမရတဲ့သဘောတွေကို မြင်လာတာ စသည်ဖြင့်ပေါ့။ ဥာဏ်စဉ်တွေဝင်လာတာနဲ့ ကိုယ့်လုပ်နေတဲ့အလုပ် မှားသလား မှန်သလားဆိုတာပါ သိသွားမှာပါ။ ပါရမီပါခဲ့ရင် ၀ိမလာတို့လို တရားထူး တရားမြတ်တွေတောင် ရသွားနိုင်ပါတယ်။ ပြီးတော့ ငယ်တုန်းက တရားအားထုတ်ရတာ အကောင်းဆုံးပါပဲ။ အသက်ကြီးလာရင် ရုပ်ကလဲ အို၊ နာမ်ကလဲ အိုလာပြီး တရားအားထုတ်ရတာ မကောင်းတော့ပါဘူး။

ဘာပဲပြောပြော ကိုယ်က လူ့ဘ၀ကို ပီပီပြင်ပြင်ရထားတယ်။ ပြီးတော့ ရခဲခြင်းလေးပါးကို ရထားတယ်။ ဒီတော့ ၀ိပဿနာတရားကို အားထုတ်လိုက်ရင် ဘ၀ရဲ့အမှန်တရားကို အလင်းတစ်ခုအနေနဲ့ သိခွင့်ရလိုက်ကြမှာပါ။

ဒီဆောင်းပါးကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးတွေနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ

၁။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ဖြစ်ခဲလှစွာ၊ လူဆိုတာ၊ ဖြစ်ကာနေကြပြီ။

၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ရှင်ခဲလှစွာ ၊ သက်ဆိုတာ၊ ရှင်ကာနေကြပြီ။

၃။ တရားတော်ဟာ၊ နာဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

နာရခဲစွာ၊ တရားဟာ၊ တွေ့ကာနေကြပြီ။

၎။ သာသနာဟာ၊ တွေ့ဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

တွေ့ခဲလှစွာ၊ သာသနာ၊ တွေ့ကာနေကြပြီ။

အကြောင်းလေးဖြာ၊ ဆုံဖို့ရာ၊ လွန်စွာခဲယဉ်းသည်။

ဆုံးခဲလှစွာ၊ ကြောင်းလေးဖြာ၊ ဆုံကာနေကြပြီ။

ကျမ်းကိုး
ထေရီအဠကာ၊
ဝိမလာထေရီဝတ္တု

Future Light မဂ္ဂဇင်း
ဖေဖော်ဝါရီ၊ ၂၀၀၅။

စာရေးသူ -ရဝေနွယ် (အင်းမ)


Honey Lay'

ဒီနေရာမှကူးယူ မျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...