စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၅၂၈ မေတ္တာ ဆိုတာ




၅၂၈ မေတ္တာကတော့ “သတ္တ၀ါအားလုံး ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊
ကိုယ်ဆင်းရဲခြင်း ကင်းပါစေ” လို့ ပို့သတဲ့ မေတ္တာဖြစ်တဲ့အတွက် ပို့တိုင်းပို့တိုင်း
ကိုယ့်အတွက်မပါ၊ ငါစွဲမပါ၊ သူတစ်ပါး ချမ်းသာရေး သက်သက်ပဲ ဖြစ်နေပါတယ်။
ဒီငါစွဲမပါ၊ ကိုယ့်အတွက်မပါဘဲ သူတစ်ပါး အကျိုးလိုးလာမှု သက်သက်ရှိတဲ့
မေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ခေါ်တာပါ။
အများထင်နေသလို မိဘက သားသမီးကို ချစ်တဲ့အချစ်၊
ဆရာက တပည့်အပေါ်ထားတဲ့ အချစ်၊
ညီအစ်ကိုမောင်နှစ်မတွေရဲ့ အချစ်တွေဟာ ၅၂၈ အချစ်မျိုး မဟုတ်ပါဘူး။

( အရှင်ဝိစိတ္တ - မနာပဒါယီ )

ဒီနေရာမှာ ၅၂၈ မေတ္တာ ရေတွက်ပုံလေးကို တင်ပြလိုပါတယ်။

ဒီနည်းကတော့ ပုဂ္ဂိုလ် ၁၂ယောက်ကို တစ်ယောက်ချင်း မေတ္တာလေးချက်နဲ့ အရင်ပွားပြီး နောက် အရပ်ဆယ်မျက်နှာနဲ့ ပြန်ပွားပေးခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့် သဗ္ဗေသတ္တာ (အလုံးစုံသော သတ္တ၀ါတို့သည်)

အဝေရာဟောန္တု (ဘေးရန်ကင်းကြပါစေ)၊
အဗျာပဇ္ဇာဟောန္တု (စိတ်ဆင်းရဲခြင်း ကင်းကြပါစေ)၊
အနီဃာဟောန္တု (ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ)၊
သုခီအတ္တာနံ ပရိဟရန္တု (ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေ)

လို့ ပုဂ္ဂိုလ်တစ်ယောက်ချင်းကို ဒီလေးချက်နဲ့ ပွားရပါတယ်။ ဒီနည်းအတိုင်း

သဗ္ဗေပါဏာ (အလုံးစုံသော ထွက်သက်ဝင်သက်ရှိသော သတ္တ၀ါများ)၊
သဗ္ဗေဘူတာ (အလုံးစုံသော ထင်ရှားရှိသော သတ္တ၀ါများ)၊
သဗ္ဗေပုဂ္ဂလာ (အလုံးစုံသောပုဂ္ဂိုလ်များ)၊
သဗ္ဗေအတ္တဘာဝပရိယာပန္နာ (အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သော သတ္တ၀ါများ)၊ သဗ္ဗာဣတ္ထိယော (အလုံးစုံသော မိန်းမများ)၊
သဗ္ဗေပုရိသာ (အလုံးစုံသော ယောက်ျားများ)၊
သဗ္ဗေအရိယာ (အလုံးစုံသော အရိယာပုဂ္ဂိုလ်များ)၊
သဗ္ဗေအနရိယာ (အလုံးစုံသော ပုထုဇင်များ)၊
သဗ္ဗေဒေ၀ါ (အလုံးစုံသော နတ်ဒေ၀ါများ)၊
သဗ္ဗေ မနုဿာ (အလုံးစုံသော လူများ)၊
သဗ္ဗေ၀ိနိပါတိကာ (အလုံးစုံသော အပါယ်ငရဲကျရောက်သော သူများ)

တို့ကိုလည်း တစ်ဦးချင်းကို အဝေရာဟောန္တုစတဲ့ အချက်လေးချက်နဲ့ ပွားများပါက ပုဂ္ဂိုလ် ၁၂ယောက်ဆိုတော့ မေတ္တာ ၄၈ချက် ဖြစ်ပါတယ်။ နောက် အဲဒီ (၁၂)ယောက်ကိုပဲ အရှေ့အရပ်၊ အနောက်အရပ်၊ တောင်အရပ်၊ မြောက်အရပ်၊ အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊ အရှေ့ မြောက်ထောင့်အရပ်၊ အနောက်မြောက်ထောင့်အရပ်၊ အောက်အရပ်၊ အထက်အရပ်ဆိုတဲ့ အရပ်ဆယ်များနှာနဲ့ တစ်ခုချင်း ပုဂ္ဂိုလ်တစ်ဦးချင်း မေတ္တာတစ်ချက်ချင်း ထပ်ပွားများတဲ့အခါ မေတ္တာ ၄၈၀ချက် ဖြစ်ပါတယ်။ ဥပမာ အရှေ့အရပ်၌ရှိသော အလုံးစုံသော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ..၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ…၊ ချမ်းသာစွာ မိမိကိုယ်ကို ရွတ်ဆောင်နိုင်ပါစေလို့ ပွားများပေးရသလိုပေါ့။ ဒီ၄၈၀နဲ့ ခုနက ပုဂ္ဂိုလ်သက်သက် ပွားများခဲ့တဲ့ ၄၈ချက်ပြန်ပေါင်းရင် ၅၂၈ချက်ဖြစ်ပါတယ်။
(၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈)
ဒီ၅၂၈မေတ္တာကိုပဲ ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာလို့ ခေါ်ခြင်း ဖြစ်ပါတယ်။


World Of Wisdom

https://www.facebook.com/photo.php?fbid=396460120451825&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...