စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘုရားဖူးများ စည်ကားလာသည့် နေပြည်တော် သတ္တ သတ္တာဟ စေတီတော်

 
လင်းကြည်လင်း

       နိုင်ငံတော် အစိုးရသည် နိုင်ငံတော်ကြီး  ငြိမ်းချမ်း သာယာစေရန် လည်းကောင်း၊  ဂေါတမ မြတ်စွာ ဘုရားရှင် ပွင့်တော်မူရာ အိန္ဒိယ သမ္မတ နိုင်ငံ ဂယာမြို့ ဗုဒ္ဓ ဂယာရှိ သတ္တ သတ္တာဟ နေရာများကို သွားရောက် ဖူးမြော်ရန် အခက်အခဲ ရှိသည့် မြန်မာပြည်သူ များအား မြန်မာ ပြည်တွင်း၌ပင် အလွယ်တကူ ဖူးမြော်ကြည်ညို သဒ္ဓါပွားနိုင်ရန်ရည်ရွယ်၍ လည်းကောင်း၊ ပြည်ပ ခရီးသွားများ လေ့လာဖူးမြော် ကြည်ညိုနိုင်ရန် အတွက်လည်းကောင်း နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ဥဒယရံသီ ကုန်းတော်ပြင်၌ ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ပန္နက်တော်တင် တည်ဆောက်ကာ တည်ထား ကိုးကွယ်ခဲ့သော သတ္တသတ္တာဟ စေတီ တော်သို့ ယခုအခါ နေပြည်တော် ဝန်းကျင် ဒေသတွင် နေထိုင်သူ များသာမက ပြည်တွင်း ခရီးသွား များလည်း ဝင်ရောက် ဖူးမြော်လျက် ရှိသဖြင့် နေ့စဉ်နှင့် အမျှ ဘုရားဖူးသူများ တိုးပွားလျက် ရှိကြောင်း သိရသည်။

''ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင်''ဆိုသည့်အတိုင်း နေပြည်တော်ရှိ သတ္တသတ္တာဟ စေတီတော်ကို ဖူးမြော်ခွင့် ရပြီဆိုသည့် သတင်းကြောင့် စာရေး သူလည်း သွားရောက် ဖူးမြော်ခဲ့သည်။ နေပြည်တော် ဝန်းကျင် ဒေသရှိ ပြည်သူများ သာမက ပြည်တွင်း နယ်လှည့် ဘုရားဖူး အဖွဲ့များလည်း လာရောက်ဖူးမြော် ကြသဖြင့် အစိုးရ ရုံးပိတ်ရက် များတွင် တစ်ရက်လျှင် ဘုရားဖူး ပြည်သူ ၁၅ဝဝ ဦးခန့်နှင့် ရုံးဖွင့်ရက် များတွင် ၅ဝဝ ဦးခန့် လာရောက်ဖူးမြော်ကြကြောင်း သိရသည်။

သတ္တသတ္တာဟ စေတီတော်ကို နေပြည်တော် ရာဇသင်္ဂဟ လမ်းမကြီးရှိ ခွာညိုပန်း အဝိုင်းမှ  နေပြည်တော်- တပ်ကုန်း  အမှတ်(၁)လမ်း အတိုင်းသွားသော် သပြေစမ်း ကျေးရွာ အလွန်တွင် တည်ရှိပြီး ဥဒယရံသီ ကုန်းတော်ပြင်၌ တည်ဆောက်ထားသည်။ ဉာဏ်တော် ၁၆၂ ပေအမြင့်ရှိ မဟာဗောဓိ စေတီတော်ကို ဦးစွာ ဖူးမြော်နိုင်ပြီး ရင်ပြင်တော်ရှိ သတ္တ သတ္တာဟ ခုနစ်ဌာန ဖြစ်သည့် မဟာ ဗောဓိပင်နှင့် ရွှေပလ္လင်တော်၊ အနိမိသ စေတီတော်၊ ရတနာ စင်္ကြံတော်၊ ရတနာ ဃရရွှေ အိမ်တော်၊ အဇပါလ ညောင်ပင်၊ လင်းလွန်းပင် တို့ကို လေ့လာ ဖူးမြော်ပြီး စေတီတော်၏ အနောက်ဘက်ရှိ  မုစလိန္ဒာ ရေအိုင်နှင့် နဂါးရုံ ဘုရားတို့ကို ဖူးမြော် ဖြစ်ခဲ့သည်။

    သတ္တသတ္တာဟ စေတီ ရင်ပြင်တော် တောင်ဘက်တွင် ဘုရားဖူး ပြည်သူများ နားနေရန် နားနေဆောင်၊ စားသောက်ဆိုင်၊ စာအုပ် အရောင်းဆိုင်၊ ဘုရားပန်း အရောင်းဆိုင်နှင့် ဖိနပ် အပ်ရန် ဌာန တို့ကိုလည်း ထည့်သွင်းတည်ဆောက် ထားသည်ကို တွေ့ရသည်။ ထို့အပြင် ဘုရားဖူး ပြည်သူများ ပတ်ဝန်းကျင်ရှိ သဘာဝ ရှုခင်းများအား စိတ်ချမ်းမြေ့စွာ လေ့လာနိုင်ရန် သပြေစမ်း ရေလှောင်တမံ ပတ်လမ်း တစ်လျှောက်တွင် ကွန်ကရစ် လမ်းများ ထည့်သွင်း ဖောက်လုပ် ထားသဖြင့် ကားဖြင့်သော် လည်းကောင်း၊ လမ်းလျှောက်၍သော် လည်းကောင်း လေ့လာနိုင်မည် ဖြစ်သည်။

   နိုင်ငံတော် အစိုးရ ကလည်း ဧပြီ ၁ ရက်မှ စတင်၍ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို Soft Open ပြုလုပ်ပြီး အပြည်ပြည် ဆိုင်ရာ လေယာဉ်များ ဆင်းသက် နိုင်ရန်နှင့် Promotion ကာလ သတ်မှတ်ပြီး On Arrival Visa, Tourist Visa များ ထုတ်ပေးနိုင်ရေး၊ Visa Fee လျှော့ချ၊ ကင်းလွတ် ပေးနိုင်ရေး၊ ပြည်ပ ခရီးသွား များကို လွှတ်တော် အပါ အဝင် နေပြည်တော်ရှိ အထင်ကရ နေရာများ လေ့လာခွင့် ရရှိရေး ပို့ဆောင်ရေး ဝန်ကြီး ဌာနက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က မတ် ၁၉ ရက်က ပြုလုပ်သော နေပြည်တော် လေဆိပ်အား အပြည်ပြည် ဆိုင်ရာ လေဆိပ်လုပ်ငန်း များဆောင်ရွက် နိုင်ရေး အစည်း အဝေး၌ ပြောကြား သွားသည်ကို သတင်းစာတွင် ဖတ်လိုက် ရသည်။

   အလားတူ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်ပ ခရီးသွား များအား နေပြည်တော်ကို ခရီးစဉ် ဒေသ တစ်ခုအဖြစ် ဆွဲဆောင်နိုင်ရေး စီစဉ် ဆောင်ရွက်ရန် လိုကြောင်း၊ နေပြည်တော်သို့ နိုင်ငံခြား ခရီးသွားများ ရောက်ရှိ လာပါက ဧပြီလမှ ဇွန်လအထိ ပထမ သုံးလ ကာလအတွင်း လေဆိပ်မှ ဟိုတယ်သို့ ပို့ဆောင်ရေး မော်တော်ယာဉ် အခမဲ့ စီစဉ်ခြင်း၊ တစ်ညအိပ် တည်းခိုခန်း ခနှင့် နံနက်စာ တို့ကို အခမဲ့ စီစဉ်ဆောင်ရွက် ပေးခြင်းနှင့် အခြား ဝန်ဆောင်မှု များကိုလည်း သက်သာသော နှုန်းထား များဖြင့် စီစဉ်ဆောင်ရွက် ပေးသွားရန် မတ် ၂ဝ ရက်က နေပြည်တော် ဟိုတယ်ဇုန်ရှိ  ဟိုတယ် များမှ အထွေထွေ မန်နေဂျာ များကို ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က တွေ့ဆုံမှာကြား ခဲ့သည့် သတင်းကိုလည်း ရုပ်မြင် သံကြားမှ တစ်ဆင့် ကြားသိ ခဲ့ရသည်။

   ယင်းတို့ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော် အစိုးရသည် သက်ဆိုင်ရာ ဝန်ကြီး ဌာနများကို နေပြည်တော်အား ပြည်ပ ခရီးသွားများ ဝင်ရောက်စေရေး ခရီးစဉ် ဒေသတစ်ခု အဖြစ် ဆွဲဆောင်နိုင်ရေး ဦးစားပေး ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်ကို ကျေနပ် ဖွယ်သိရှိ ခဲ့သည်။ ထို့ကြောင့် နေပြည်တော်ရှိ သတ္တသတ္တာဟ စေတီတော်သည် မကြာမီ ကာလတွင် ပြည်တွင်း ဘုရားဖူးများ သာမက ပြည်ပ ခရီးသွား များပါ အထူး စိတ်ဝင်စား လာမည့် နေရာတစ်ခု ဖြစ်လာ တော့မည်မှာ မလွဲ ဧကန်ပင် ဖြစ်ပါကြောင်း။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...