“အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင် ……
တံခွန်တိုင်….ရွှေကုက္ကားနဲ့ ဘုရားကိုမြင်….
ဘယ်စာကို ဘယ်နှစ်ဝါ မောင် သင်မတုန်း ………
မေလေးကိုချိုနှော….ပြော ပြောခဲ့ပါဦး….”
ဘယ်စာကို ဘယ်နှစ်ဝါ မောင် သင်မတုန်း ………
မေလေးကိုချိုနှော….ပြော ပြောခဲ့ပါဦး….”
အဖေငိုနေလေသည်။
အမေ..အဖေငိုနေတယ် ဘာလို့လဲ..၊ သိလိုဇောနဲ့ မေးကြည့်မိပါသည်၊
အော်..ငါ့သားရဲ့ အဖေက သူငယ်ငယ် ရှင်လောင်းလှည့်တုန်းက ငါ့သားရဲ့ အဖိုး မရှိတော့ သပိတ်လွယ်တဲ့သူ မရှိခဲ့ဘူးလို့ ကြားဖူးတယ်၊ အခုအလှူလည်း အမေပဲရှိတယ်လေ၊ ဒါကြောင့် သူငယ်ငယ်က ပုံရိပ်ကို ပြန်မြင်ယောင်ပြီး ငိုနေတာ ဖြစ်မှာပေါ့ကွယ်။
အော်.. အဖေ ရှင်လောင်းလှည့်တော့ အဖိုးမရှိတော့ဘူးပေါ့နော်..
ကျနော့်ကို အမေ့ရွာမှာပဲ သာသနာ့ဘောင်သွတ်သွင်းတဲ့ ရှင်ပြုအလှူပွဲ လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ရှင်ပြုအလှူပွဲတွင် အပေါင်း အသင်း သူငယ်ချင်းများဖြင့် ပျော်ကြရသည်၊ ရွာကိုပတ်ပြီး ထမ်းစင်နဲ့ လှည်းနဲ့ ရှင်လောင်းလှည့်ရတာကို မမေ့နိုင်ပါ၊ ပို၍မေ့မရသည်မှာ ရှင်လောင်းလှည့်ပွဲတွင် အဖေ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့သောကြောင့်ပင် ဖြစ်သည်။
အဖေ့သပိတ်လွယ်ရမည့်နေရာတွင်
အလှူပြီးလို့ ရှင်မယ်ခံနေ့ရောက်မှ အဖေပြန်လာသည်၊ သူ ပြုံးပျော်နေသည်၊ သားကိုရင့်ခြေရင်းတွင် ကျုံ့ကျုံ့လေး ထိုင်ရင်း…ငါ့သား..အဲ..ကိုရ
ကိုရင်မထွက်နဲ့နော်..၊ လူ့ဘ၀ဆိုတာ ပင်ပန်းတယ်၊ ရဟန်းဘောင်တက်နိုင်အောင် ကြိုးစား ကိုရင်၊ အဲဒီအခါကျရင် တပည့်တော် ပျော်ပျော်ကြီး သပိတ်လွယ်မယ်နော်။
ထိုစဉ်က အဖေသပိတ်လွယ်ခွင့် မရခြင်းအတွက် အထူးအဆန်းဖြစ်ဟန်မရှိခဲ့ပါ၊
ဆောင်း၊ နွေ၊ မိုးတို့ တရွေ့တရွေ့နှင့် ကုန်လာသည်၊ ရက်၊ လ၊ နှစ်တို့ ပြောင်းကုန်ပြီ၊ အရေအတွက် သက္ကရာဇ်တွေ များလာပြီ၊ ကိုရင်ဘ၀မှ ရဟန်းဘောင်သို့ တက်ခွင့်ရခဲ့ပြီ၊ ရဟန်းဒကာ၊ ရဟန်းဒကာမများ ပျော်မဆုံးဖြစ်ကြရသည်၊ ရဟန်းခံပွဲသို့ ရွာလုံးကျွတ် လာရောက်ကြသည်၊
သို့သော် အဖေမပါတော့ပါ၊ ဒီတစ်ခါ ခရီးလွန်နေသောကြောင့်မဟုတ်ေ
သိမ်ထွက်လောင်းလှူကြသော ရွာသူရွာသားများငိုကြသည်၊ ဆွေမျိုးများငိုကြသည်၊ သားရဟန်း သိမ် အထွက်ကို သူ့အဖေများ သိလိုက်ရရင် ဘယ်လောက်များ ပျော်လိုက်မလဲနော်..ဆိုတဲ့ စကားသံတစ်ချို့ ကြားရသည်၊ အမေကား မငိုပါ၊ ကျောင်းပေါ်ရောက်တော့ ဆရာတော်က..
ကဲ ကဲနေရာယူကြ ဆွမ်းလဲ မမှီပဲနေဦးမယ်၊ တရားဦးကတော့ မောင်ပဇင်း အသစ်လေးကပဲဟောပါ လိမ့်မယ်ဗျာ..၊ ခရီးဝေးပြန်ကြွရမယ့် အာဂန္တုများပါသေးတယ်၊ တရားဦးဟောပါပြီ၊
ရေစက်ချတော့လည်း..ကဲ..မောင်
သူက သားတစ်ယောက်လုံးကို သာသနာတော်ကို အပ်နှံပြီးလှူထားတာ..၊ ပစ္စည်းလေးပါး လှူတာ ထက် မြတ်တယ်..၊ ဒါကြောင့် သူက ဦးဆောင်ပြီးရေစက်ချပါစေ..၊
ရဟန်း ဒကာဒကာမများ စုံလင်နေပေမယ့် ရဟန်းခမည်းတော် မရှိတော့သော သားရဟန်းခံအောင်ပွဲ ရေစက်ချပွဲသည်ကား ၀မ်းနည်းစရာဖြစ်နေသည်မှာ ထင်ရှားပေသည်၊ ရဟန်းမယ်တော်ကြီး လက်တွေ တုန်နေသည်၊ အသံတုန်တုန်ဖြင့် ရေစက်သွန်းချ အမျှဝေလိုက်ချိန်တွင် တရားဦးဟောနေသော သားရဟန်းသည် ထန်းလက် ယက်တောင်ကြီးကို အသာကွယ်ပြီး မျက်ရည်စို့ရသည်..၊
ရဟန်းမယ်တော်ကြီး၏ “ရောက်ရာဘ၀က သာဓုခေါ်ပါတော်” ဆိုသော အသံသည် အင်းအား အပြင်းဆုံးဖြစ်နေလေတော့သည်။
>>>>>>>>>>>>>>>>>969<<<<<<
မပြည့်လေသော အဖေ့ဆုတောင်း
*********** ************
သားအနာဂတ် အရေး
ရတက်မအေးနိုင်ရှာတဲ့ အဖေ
တာဝန်ကျေစေရမယ်လို့ သူမပြော
အလုပ်နဲ့သက်သေပြဖို့အတွက်
တနယ်တကျေးသို့ ထွက်ခွာသွား
ကြုံရာအလုပ်ကို သူဝင်လုပ်
အစားကောင်းကောင်း သူမစားဘဲ
ရသမျှငွေ အမေ့ထံပို့
သားလေး ရှင်ပြုဖို့...တဲ့။
ဒီလို....နဲ့
ရှင်ပြုအလှူပွဲနေ့ ရောက်ခဲ့ပေါ့
အိုးစည်ဒိုးပတ်သံတို့ ဆူညံကုန်ပြီ
တံခွန်ကုက္ကားကိုင်သူတို့ အစီအရီ
ကွမ်းတောင်ကိုင် မရွှေချောတို့
အလှသွေးကြွယ်နေကြပြီ
ထမ်းစင်ထမ်းမည့်သူများ အဆင်သင့်နေရာယူလို့
ကာလသား၊ ကာလသမီးတို့လည်း အစုံအလင်
သို့သော် ....
လိုနေတာက အလှူ့ဒကာ
မျှော်နေသူက အလှူ့အမ
ဝမ်းနည်းစရာ ကောင်းလှသည့် ဒီအလှူ။
အမေ...
သူ ဝမ်းနည်းနေသည်
အားကိုးရာ ကိုအဝှာက ပေါ်မလာတာမို့
မျက်ဝန်းတစ်စုံလုံး မျက်ရည်ဥတို့
တွဲရရွဲ မှီခိုနေကြလေရဲ့
ပေါ်မလာ မျှော်ကာသာ အရှေ့ကိုမှန်း
ရောက်လာနိုးနဲ့ သပိတ်ကိုပြင်
သင်္ကန်းအစုံကို ဦးထိပ်မှာရွက်
ဒီလိုနဲ့ ...
ရှင်လောင်းလှည့်ပွဲ ပြီးဆုံးခဲ့ပေါ့။
အလှူပွဲရဲ့ နောက်တစ်နေ့
အရှေ့အရပ်က အော်ဟစ်သံ
တစ်ရွာလုံး တုန်ဟီးသွား
အဲ့ဒါ အဖေ့ရဲ့အသံကြီးပေါ့
"အမေကြီး ငါပြန်လာပြီ"တဲ့လေ
အမေ့ခမျာ မျက်ရည်လည်ရွဲလေးနဲ့
အနားရောက်လာမှ တိုးတိုးလေးပြောလိုက်တာ
"ရှင် သိပ်ဆိုးတာပဲ" တဲ့လေ
အဖေနဲ့အမေရဲ့ ပီတိအပြုံး
တစ်သက်လုံး မမေ့နိုင်ခဲ့တာ အမှန်ပါ။
သားကိုရင်ဖြစ်ပြီးနောက်တစ်ေ
အဖေ့ စကားတို့လေးနက်လှသည်
"ငါ့သား ...သင်္ကန်းမြဲအောင်ဝတ်
ဒီတစ်ခါ သပိတ်မလွယ်လိုက်ရပေမယ့်
သားရဟန်းခံတဲ့အခါ
အဖေ ပျော်ပျော်ကြီး သပိတ်လွယ်မယ်နော်"တဲ့။
မျှော်လင့်ချက်တွေ ပေးခဲ့သော အဖေ
အခုတော့...
ဘက်မလိုက် တရားသူကြီးရဲ့
သေမိန့်ပေးခြင်း ခံခဲ့ရပြီး
သူမြတ်နိုးခဲ့သော ပန်းတစ်ပွင့်(ချစ်ဇနီး)
သူချည်တုပ်ခဲ့သော ကြိုးလေးများ(သားသမီး)
အပြီးအပိုင် သူနှုတ်ဆက်
ဘယ်တော့မှ ပြန်မနိုးတော့မယ့်
ထာဝရအိပ်စက်ခြင်းနဲ့
အဖေ အနားယူသွားပါပြီ။
ဘယ်လိုပင် ဘဝတွေခြားနားပါစေ
အဖေ မရှိတော့ပေမယ့်
အဖေ့ရဲ့ သွေးတွေ သားရင်ထဲ ဝေ့ပျံနေဆဲပါ အဖေ။
အဖေ ဖြစ်စေချင်ခဲ့သော ဆန္ဒ
အကောင်အထည်ပေါ်အောင် ဖော်ဆောင်ဖို့
အခု တိုင်းတပါးမှာ ပညာတွေသင်ပြီး
အနာဂတ်သာသနာ ထွန်းလင်းဖို့အတွက်
ခေါင်းဆောင်ကောင်းဖြစ်အောင်
သားပြုသမျှ ကောင်းမှုအစုစုဟာ
အဖေ့အတွက် ဖြစ်ပါစေသားရယ်လို့
ရည်စူးကာ မှန်းမြော်ပြီး
ပြုပြုသမျှ ကုသိုလ်အဖို့ကို
နေ့စဉ်နေ့တိုင်း အမျှဝေပါတယ်
ကြားရာအရပ်က
သာဓုခေါ်ဆိုပါ အဖေ။
ဖြောင့်ချက်။ ။သူငယ်ချင်း ကိုဉေယျရဲ့ မပြည့်လေသော အဖေ့ဆုတောင်း ဆောင်းပါကို ကဗျာသီကုံးထားခြင်းမျှသာ ဖြစ်ပါသည်။
No comments:
Post a Comment