တက္ကသိုလ်မှာ
ပညာနို့ရည်သောက်သုံးစဉ်က ခင်ခဲ့ ၊ မင်ခဲ့ရကာ
အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြသည့် သူငယ်ချင်းများထဲမှ
တစ်ယောက်....။
ကျောင်းတွေပြီးတော့ ရပ်ရွာဒေသခြင်း မတူကြသည့် သူငယ်ချင်းများဖြစ်သည်ကတစ်ကြောင်း၊ ဆက်သွယ်ရေးတွေ ခက်ခဲကြသည့် အချိန်ကာလ ဖြစ်နေသေးသော ထိုကာလတွင် အနေဝေးကြသည့် သူငယ်ချင်းများမှာ တစ်ယောက်ကို တစ်ယောက် ၊ ရင်မှာ တမ်းတနေယုံကလွှဲ၍ အဆက်အသွယ်တော့ သိပ်ပြီးမရှိကြတော့။ ထိုကြားထဲ ဇာတိရပ်ရွာနှင့်ဝေးကွာကာ တစ်အိုးတစ်အိမ်တည်ထောင်ကြသူများ၊ ပြည်ပရောက်သူများနှင့် (၁၀)စုနှစ် ကာလတစ်ခုမှာ အဆက်အသွယ်များ ဖြတ်တောက်ကြကုန်လေသည်။ ။ သိပ်မကြာခင်ကာလလေးတစ်ခုကမှ အမှတ်မထင် Facebook ပေါ်ပြန်တွေ့ကြရင် သူငယ်ချင်းတွေ အဆက်အသွယ်ပြန်ရကြသည်။ ကမ္ဘာကြီးက ရွာကြီးဖြစ်လာသည့် အင်တာနက်ကြီးကို ကျေးဇူးတင်မိသား။
တွေ့ခွင့်မရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည့် သူငယ်ချင်းတွေ ကွဲကွာခဲ့သည့် ကာလတွေကြားမှာ ဖြတ်သန်းခဲ့ရသည့် ဒုက္ခ၊သုက္ခ၊ အတွေ့အကြုံတွေကို ပြန်လည်နှီးနှောကြရင်း ကာလတစ်ခုရဲ့ ရင့်ကျက်မှုတွေကို ဝေမျှဖြစ်ခဲ့ကြသည်။
ထိုစဉ်မှာ သူငယ်ချင်းဖြစ်သူထံမှ အလုပ်ပင်ပမ်းမှုများ၊ အလုပ်အကိုင်ကြောင့် အချိန်ပြည့်နီးပါး ကွန်ပျူတာရှေ့ထိုင်နေရခြင်း ၊ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ အိမ်ထောင်ရေးတာဝန် ပူပင်မှုများ စသည့် စိတ်ဖိစီးမှုများကြောင့် တွေးတောစရာ ၊သုံးသပ်စရာများကြောင့် သူ့မှာ အာရုံကြော အားနည်းလာကာ လွန်ခဲ့သည့် (၄) နှစ်လောက်မှ စ၍ အာရုံကြောအားနည်းသည့်ရောဂါ ရလာခဲ့ပါသည်။
အကြောတက်သည်မှ စ၍ ခြေလက်ကောက်ကွေးလာတာ တက်တတ်၊ချက်တတ်သည်အထိ ဖြစ်ခဲ့ပါသည်။
ဆရာဝန်တွေ သမားတော်တွေ စုံလင်ခဲ့ပြီဖြစ်သော်လည်း ရောဂါသည် လုံးလုံးမပျောက်။ ခေတ်မှီကုသနည်းနှင့်ရောဂါရှာဖွေသော်လည်း ရောဂါရှာဖွေတွေ့ရှိခြင်းမရှိ။ ထို တက်သည့်ရောဂါသည့် မကြာခဏ ဒုက္ခပေးတတ်ဆဲ...။ယခုတစ်လော ထိုသူငယ်ချင်းကို အွန်လိုင်းပေါ်မှာမတွေ့။ အကြောင်းတစ်ခုခုကြောင့်လား။ အလုပ်ကိစ္စနှင့်ခရီးထွက်ရသည်ကြောင့်လားဟု တွေးဖြစ်သေးပေမယ့် ထွေထွေထူးထူးကြောင့်တော့ အွန်းလိုင်းက ပျောက်နေလိမ့်မည်မထင်ခဲ့ပါ။မနေ့ညကတော့ အမှတ်မထင် သူ့ကို အွန်လိုင်းပေါ်ပြန်တွေ့တာကြောင့်“နင့်ကို မတွေ့ရတာတောင် နည်းနည်းကြားပြီလိုပဲ။ အလုပ်တွေ များနေလား”ဟု နှုတ်ဆက်ဖြစ်ခဲ့ပါသည်။“ဘယ်ကအလုပ်များနေရမှာလဲ။ ငါ မတ်လ(၂) ရက်နေ့ ၊တောင်သူလယ်သမားနေ့ တုန်းက ကားအက်ဆီးဒင့်ဖြစ်တာလေ ၊ ကံကောင်းလို့မသေတာ”
“ဟဲ့..ဘယ်လိုဖြစ်တာလဲ ။ ခုရော ဘာဖြစ်သေးလဲ။ လူတွေရော ထိမိခိုက်မိသေးလား။ ကားထဲ နင်တစ်ယောက်ထဲလား။ နင့်မိန်းမနဲ့ ကလေးတွေရောပါသေးလား”
စိုးရိမ်တစ်ကြီးနှင့် မေးခွန်းတွေ တရပ်စပ် မေးခဲ့မိပါသည်။
“ဘယ်သူမှ မပါဘူး။ ကားထဲမှာ ငါတစ်ယောက်ထဲ။ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ သွားတာ။ ကားမောင်းနေရင်း ငါ့ရဲ့ ရောဂါက ရုတ်တရက်ဖောက်လာပြီး တက်နေတာ.. ကားကိုထိမ်းလို့မရတော့ဘူး။ ကားက မောင်းနေတဲ့ ယာဉ်ကြောကနေ တစ်ဖက်ယာဉ်ကြောကိုရောက်သွားပြီး လမ်းဘေးက ဓာတ်တိုင်ကို ဝင်တိုက်မိတာ”“ဖြစ်ရလေဟယ်၊ လူတွေရော တိုက်မိသေးလား”
“ကံကောင်းတာက ဓာတ်တိုင်တွေကိုပဲ တိုက်မိလို့။ ဘေးနားမှာရှိနေတဲ့ လဘ္ဘက်ရည်ဆိုင်ကိုသာ တိုက်မိလို့ကတော့ လူတွေကိုတိုက်မိမှာပဲ။ ကားတိုက်မိတော့ လူတွေ အုံလာတယ်။ တိုက်မိလို့ လဲကျနေတဲ့ ဓာတ်တိုင်ကို ဝိုင်းမဖယ်ပြီးတော့ ငါ တက်နေတာကို သူတို့က ဓာတ်လိုက်နေတယ်ထင်ပြီး ဘယ်သူမှ မထိရဲကြဘူး။ နောက်မှ ဓာတ်လိုက်နေတဲ့ပုံမဟုတ်ဘူး.. တက်ချက်နေတာလားမသိဘူးဆိုပြီး ဝိုင်းကြည့် ဝိုင်းကူကြတာ။ လမ်းမှာ ဖြတ်သွားတဲ့ကားတွေကို တားပြီးဆေးရုံတင်ပေးမယ်လုပ်တော့ ကားတွေက တစ်စီးမှ မရပ်ပေးဘူးတဲ့ ။ နောက်မှ ကားတစ်စီးက ရပ်ပေးပြီး ဆေးရုံထိမောင်းပို့ပေးတယ်။ ပိုက်ဆံမယူပဲ ကူညီတယ်။ ဆေးရုံရောက်ပြီး တစ်နာရီကျော်လောက်မှ ငါသတိရလာတဲ့ထိ စောင့်နေပေးတဲ့ ကူညီသူတွေကပဲ ရေတွေ ဝယ်တိုက်ပြီး ဝိုင်းဝန်းပြုစု ကူညီပေးခဲ့တယ်။
“တော်သေးတယ် သူတော်ကောင်းနဲ့တွေ့လို့။ ခု ယာဉ်စည်းကမ်း ကိစ္စရော အမှုတွေ ဖြစ်နေသေးလား”
“အင်း.. ငါသတိရလာပြီးတော့ ယာဉ်ထိမ်းရဲ နှစ်ယောက်ရောက်လာတယ်...။ ပြီးတော့ ယာဉ်တိုက်တဲ့ နေရာကို သွားစစ်ဆေး ကြတယ်လေ။ စခန်းမှာ အကျိုးအကြောင်း စစ်ဆေးခံရပြီးတော့ သူတို့ကအခြားယာဉ်စည်းကမ်းဖောက်ဖျက်တဲ့အကြောင်းကြောင့်လဲမဟုတ်ဘူး၊ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးကြောင့် ဆိုတော့ ကျေအေးပေးတယ်။ သူတော်အချင်းချင်း သတင်းလွေ့လွေ့တာပါ။ ကျွန်တော်တို့ဘက်အပိုင်း ပြဿနာမရှိပါဘူး။ ဒါပေမယ့် ပျက်စီးဆုံးရှုံးမှုတွေအတွက်ကိုတော့ EPC နဲ့ရှင်း ဆိုပြီး စာရွက်စာတမ်းနဲ့ လွှဲပေးလိုက်တာ အီးပီစီကိုပဲ ဓာတ်တိုင်(၂)တိုင်၊ ပျက်စီးဆုံးရှုံးမှုရဲ့ (၃)ဆ ၊ (၆) တိုင်စာ လျှော်ကြေးပေးရတယ်။ ”
“လူလဲ ဘာမှမဖြစ်၊ အခြားအမှုကိစ္စတွေလဲ ဘာမှ ရှည်ရှည်ဝေးဝေးလဲမဖြစ်တာပဲ ကံကောင်းလှပြီဟယ်”
“ဟုတ်တယ်။ ငါအရမ်း ကံကောင်းခဲ့တာ။ ကားအက်ဆီးဒင့် ဖြစ်နေချိန်မှာ ကိုယ့်အရပ်ကိုယ့်ဒေသမှာ မဟုတ်ပေမယ့် ကူညီဖေးမပေးတဲ့ လူကောင်းသူကောင်းတွေနဲ့ကြီးတွေ့ခဲ့ရတယ်။ ပြီးတော့ ကားမှာ air bag တစ်လုံးပဲ ပါတယ် ။ ကားရဲ့ ခေါင်းပိုင်းတစ်ခုလုံး ကြေမွနေတာတောင် ငါ ထိခိုက်ဒဏ်ရာဆိုလို့ ခြစ်ရာလေးတစ်ခုတောင် မရခဲ့ဘူး။
ငါ ယုံကြည်တယ်။ ဒါတွေဟာ ငါ ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့်ပဲ”
“နင် ဘာကောင်းမှူကုသိုလ်တွေ လုပ်ခဲ့ဖူးလဲ ”
“ထွေထွေထူးထူး ကြီးကြီးကျယ်ကျယ် အလှူဒါနတွေ မပြုလုပ်ခဲ့ဖူးတောင် လမ်းမှာ ဖြတ်သွားဖြတ်လာ သက်ကြီးရွယ်အိုတွေကို ကူညီတယ်။
ဝမ်းစားအတွက် တောင်းရမ်းစားသောက်နေသူတွေကို ပြီးပြီးယုံလှူခဲ့တာ မဟုတ်ပဲ စိတ်စေတနာပါပါနဲ့ လှူဒါန်းခဲ့တယ်။ စားသောက်စရာတွေ ကိုယ်တိုင်ကိုယ်ကျ ဝယ်ကျွေးခဲ့တယ်။ မိသားစုက ပြန်မကြည့်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ပိုက်ဆံ၊မုန့်၊ဟင်း ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်အားဒါနပြု လှူဒါန်းခဲ့တယ်။ ရင်ထဲက စေတနာပါပါနဲ့ လှူဒါန်းခဲ့တယ်။ ဒီကုသိုလ်တွေကို ငါအမြဲ ပြုလုပ်ခဲ့တာ။ ဒီပြုခဲ့တဲ့ ကုသိုလ်တွေက အခု ငါ့ကို လက်တွေ့ အကျိုးပြုခဲ့တာပါ။”
“ဩော်.. နင်ပြုခဲ့တဲ့ မွန်မြတ်တဲ့ ကုသိုလ်တွေကြောင့်ပေါ့”
သူငယ်ချင်း၏ ပျက်စီးသွားသော ကား
ကား၏ ပျက်စီးဆုံးရှုံးမှုကိုတော့ တွေ့မြင်ကြသည့်အတိုင်းပင်။ တိုက်မိခဲ့သည့် ဓာတ်တိုင်ကြီး ပိမိသော်လည်း ကား၏ ဦးခေါင်းပိုင်းအနည်းငယ်ကိုသာလျှင် ဖြစ်ပြီး ကားတွင်းမှ မောင်းနှင်သူကို ဖြစ်မိရာလေး တစ်ခုလေမျှသော် ထိခိုက်မှုမရှိခဲ့ပါ။
ကာယကံရှင် ထိုသူကတော့ သူပြုလုပ်ခဲ့သည့် ဒါနကုသိုလ်တွေကြောင့် သူအသက်ချမ်းသာရ ရရှိခဲ့သည်။ ကူညီစောင့်ရှောက်ပေးကြသည့် မိတ်ဆွေကောင်းများ၊ သက်ဆိုင်ရာများနှင့် တွေ့ကြုံခဲ့ရသည်ဟု ယုံကြည်ခဲ့ပါသည်။
သူသည် ဒါနပြုစဉ်က အကျိုးလို၍ ပြုခဲ့သည်မဟုတ်။ မိမိတွေ့မြင်ခဲ့ရသည့် မြင်ကွင်းမှာ ဖြစ်ပေါ်လာခဲ့သည့် စေတနာပေါ်အရင်းခံကာ ဂရုဏာထား စိတ်ရင်းမှန်ဖြစ် ၊ မြင်မြင်သမျှ နည်းသည်များသည် ပမာမထားပဲ စိတ်ရင်း စေတနာအမှန်ဖြစ်ပြုခဲ့ပါသည်။ ထိုဒါနကုသိုလ်၏ အကျိုးသည် နောက်ဘဝပင်မကူးပဲ ယခု လက်ရှိ မျက်မှောက်တွင်ပင် ချက်ချင်း အကျိုးပြုခဲ့ပါသည်။
စာဖတ်သူ မိတ်ဆွေများလဲ ဒါန၏ အကျိုးကို သိရှိ၍ မိမိစိတ်ရင်းစေတနာမှန်ဖြစ် ပြုခဲ့ဖူးသော ဒါနအကျိုးကျေးဇူးများ ဖြစ်လေရာ၊ရောက်လေရာ ဘဝတွေမှာ ခံစား၊စံစားနိုင်ကြပါစေ။
ဒီနေရာမှကူးယူမျှဝေပါသည်။

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
ဒီနေရာမှကူးယူမျှဝေပါသည်။
No comments:
Post a Comment