စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခွေးပိန်ကို အန်ကျွေးတဲ့ ရဟန်းတော်

          တစ်ခါတုန်းကသီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂလို့အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်၊၊ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ မြတ်စွာဘုရားညှပ်ရိုးတော်ကိုဌာပနာထားရာလည်းဖြစ်တဲ့ ထူပါရုံစေတီတော် ဆိုတာ ရှိပါတယ်၊၊ ထူပါရုံစေတီတော် အနီးမှာရှိတဲ့ ကျောင်းကြီးကိုလဲ ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်၊၊ အရှင်စူဠနာဂဟာ အဲ့ဒီထူပါရုံ ကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော်တွေနဲ.အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ၊၊

          တစ်နေ့ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ ခွေးမတကောင်ကို တွေ့လိုက်ရပါတယ်၊၊ ခွေးမကို သေသေချာချာကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော် ဆာလောင်မွတ်သိပ်နေတဲ့ ပုံပါ၊၊ ဆာလောင်မွတ်သိပ်နေတဲ့ ခွေးမကို မြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေး သနားသွားပါတယ်၊၊ ဒါပေမဲ့ ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့ ကျွေးစရာ ဆွမ်းကျန်လဲ မရှိတော့ပါဘူး၊၊ ဒါကြောင့် ဘာလုပ်ရသလဲဆိုတော့ ငါသည် စားအပ်ပြီးသော အစာမှန်သော်လဲ ထိုခွေးမအား အန်၍ ကျွေးရသော်ငှာ အပ်၏ဟု နှလုံးပိုက်ပြီး မိမိရဲ့ခံတွင်းကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်၊၊

          အရှင်စူဠနာဂဟာ ခွေးမကို အံကျွေးလိုက်ရုံမက အိုးကြမ်းပဲ့တစ်ခုထဲမှာ ရေထည့်ပြီး ရေလဲ တိုက်လိုက်ပါသေးတယ်၊၊ အစာထိုက်သင့်သလောက် ၀သွားတဲ့ ခွေးမကို ကြည်.ပြီး အရှင်စူဠနာဂလည်း တစ်ခါမှမဖြစ်ဘူးသည့် ပီတိတွေဖြစ်လာပါတယ်၊၊ ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်၊၊ သူ့ရဲ့ဆုတောင်းက.........
          ``ငါသည် ဤခွေးမအား မိမိရဲ.ခန္နာကိုယ်ကို မငဲ့ကွက်ဘဲ အံ၍ကျွေးလိုက်ရသော ကုသိုလ် ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏၊၊ နိဗ္ဗာန်မရောက်သေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏´´

ဟု ဆုတောင်းလိုက်လေသည်၊၊ စာမှာတော့ အရှင်စူဠနာဂရဲ့စေတနာဟာ ပထမဇောအဆင့်မှာတွင် အရှိန်အဟုန် အစွမ်းအတော်ကြီးမားနေခဲ့တယ်လို့ ဆိုပါတယ်၊၊ အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ၊ဒကာမများစွာဟာ ထောပတ်တွေ တင်လဲခဲတွေ သကာတွေ ပျားရည်တွေ ယူလာပြီး ``အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ ´´ ဟု မေးပြီး ရောက်လာကြပါတယ်၊၊ အရှင်စူဠနာဂလည်း ကိုယ့်ကိုကိုယ် အံအားသင့်နေပါတယ်၊၊ အရှင်စူဠနာဂဟာ ရောက်လာတဲ့ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော် ရဟန်းတော်တွေကို ခွဲဝေလှူဒါန်းလိုက်ပါတယ်၊၊
နောက်မကြာခင်မှာ ဒကာ၊ ဒကာမတွေ ထပ်ရောက်လာပါတယ်၊၊ သူတို့သီဟိုဠ်ခေတ်မှာ ဇာတိပ္ဖိုလ်ပွင့်အစရှိတဲ့ ဆေးတွေကို ယူလာပြီး ကပ်ပြန်ပါတယ်၊၊ အရှင်စူဠနာဂလည်း ရှေ.နည်းအတိုင်း သီတင်းသုံးဖော်တွေကိုခွဲဝေလှူဒါန်းခဲ့ပါတယ်၊၊

          နံနက်လင်းတော့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ၊ ဒကာမတွေဟာ ရေတွတ်လို့မရနိုင်အောင် ဆွမ်းဟင်းများကို လောင်းလှူတော့တာပါပဲ၊၊ ဘယ်လောက်ထိ ဆွမ်းတွေရသလဲဆိုလျှင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေအားလုံး သုံးဆောင်နိုင်လောက်အောင် အထိ များပြားလွန်းတယ်လို့ ဆိုပါတယ်၊၊ ဒါကြောင့် အရှင်စူဠနာဂဟာ ကျောက်စည်ကို တီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာသီတင်းသုံးနေတဲ့ ရဟန်းတော်တွေကိုပြန်ပြီး လောင်းလှူလိုက်ပါတယ်၊၊ နောက်ရက်တွေမှာလဲ အရှင်စူဠနာဂဟာ ရသမျှဆွမ်းတွေ ကျောက်ဆည် တီးခတ်ပြီး နေ.စဉ်ပြန်လှူခဲ့ပါတယ်၊၊

          တစ်နေ့တော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့သည့်.ဒါန၊ စေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေ ဖြစ်လာပါတယ်၊၊ အဲ့ဒီဖြစ်လာတဲ့ပီတိကို အခြေခံပြီး ၀ိပဿနာဖက်ကူး၍ ကမ္မဋ္ဌာန်းဘာဝနာကို ကြိုးကြိုးစားစားအားထုတ်ခဲ့ရာ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်၊၊ တက်ကြွထက်သန်တဲ့ ဒါနစေတနာဟာ ပစ္စုပန် အကျိုးတွင်မကပဲ အရဟတ္တဖိုလ်အထိ အကျိုးပေးသွားတာပါပဲ၊၊

          အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလအကြာ ရက်တစ်ရက်တွင် ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော် ၅၀၀ ဟာ မဇ္စျိမဒေသ အိန္နိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်၊၊ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးမည်လို့ ၀န်ခံလိုက်ပါတယ်၊၊ အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ကြခြင်းရဲ့ အဓိကအကြောင်းအရင်းက ခရီးလမ်းတလျောက်တွင် ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ၊၊

အရှင်စူဠနာဂလည်း ကတိခံထားတဲ့အတိုင်း ရဟန်းတော် ၅၀၀ ကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်၊၊ လမ်းခရီးတစ်လျောက်မှာ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်သလို ရောက်ရာဒေသမှာ ဒကာ၊ ဒကာမတွေကလည်း ဆွမ်း၊ အချိုပွဲတွေ အလျှံအပယ် လောင်းလှုကြပါတယ်၊၊
          မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန် ခံစားရပါတော့ တယ်၊၊ ဒီတော့ အတူပါလာသူ ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ရပါတယ်၊၊ သူတို့စိတ်မကောင်းဖြစ်ရခြင်းရဲ. အကြောင်းအရင်းကတော့ အကယ်၍ အရှင်စူဠနာဂလမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့လျှင် သူတို့အတွက် ဆွမ်း၊ ဘောဇဉ် အခက်အခဲတွေ့ကြမှာ စိုးလို့ပါ၊၊ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်း ၅၀၀ ကို ဘယ်လို မိန့်သလဲဆိုတော့ ........

          '' အရှင်ဘုရားတို့ အထွေအထူး မစိုးရိမ်ကြပါနဲ့၊၊ တပည့်တော်ပရိနိဗ္ဗာန်ပြုခဲ့လျှင် ကြွင်းကျန်ခဲ့တဲ့ တပည့်တော်ရဲ. ဓါတ်တော်ကို ရှေ.ဆုံးက ကြွတဲ့မထေရ်ရဲ. ရေစစ်မှာဖြစ်ဖြစ် သပိတ်မှာဖြစ်ဖြစ် ဖွဲ့ချည်ပြီး မြို.ရွာထဲဝင်ပါဘုရား၊၊ ဒါဆိုလျင် အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက်မပင်မပန်းဖြစ်ရပါလိမ့်မယ် ဘုရား"
လို.အကြံပေးတော်မူပါတယ်၊၊ အရှင်စူဠနာဂမထေရ်လည်း အဲ့ဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်၊၊ ကျန်ခဲ့တဲ့သီတင်းသုံးဖော် ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြို င်္ဟ်ပြီး အရှင်စူဠနာဂ မှာထားတဲ့အတိုင်း ဓါတ်တော်တွေကို ယူပြီး ကြွတော်မူကြပါတယ်၊၊ ကြွတော်မူတဲ့လမ်းတလျှောက် ပစ္စည်း လေးပါး မပင်မပန်းနဲ. မိမိတို့ သီတင်းသုံးရာ သီဟိုဠ်ကျွန်း ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ ဆိုပါတယ်၊၊

          စေတနာကြီးမားလှတဲ့သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူ တွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္တုလေးပါ၊၊
ရဝေနွယ်(အင်းမ)၏ ကုသိုလ်ဖြစ်အောင်တွေးမယ် စာအုပ်မှ ပြန်လည်မျှဝေပါသည်၊၊
သန့်စင် Forever Friends

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...